နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်သွားမည်

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်သွားမည်

Hsan Loi Editor
07/06/2026
Share:

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အရပ်သားအသွင်ပြောင်း အာဏာသိမ်း စစ်အစိုးရ လက်ထက် ယခု ၂၀၂၆ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

သျှမ်းပြည်နယ်အတွင်းမှာလည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခြင်းကို အခုဇွန်လ အတွင်းမှာ အပြီးသတ် ရွေးချယ်သွားဖို့ရှိနေပြီး သျှမ်း (တောင်)က အချို့မြို့နယ်တွေမှာတော့ ဒီရက်ပိုင်း ကြီးကြပ်ရေး အဖွဲ့တွေ ဖွဲ့စည်းနေကြပြီလို့ သိရပါတယ်။

“တောင်ကြီးမှာတော့ ဒီရက်ပိုင်း အုပ်ကြီးတွေ ပြန်လည်ရွေးချယ်သွားဖို့ ရှိမယ်ထင်ပါတယ်၊ ဟိုတနေ့က အိမ်ထောင်စု ဇယားမိတ္တူတွေ ရပ်ကွက်ရုံးကို သွားပေးဖို့ လော်စဗီကာနဲ့ အော်သွားတယ်” လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အရေးပါတဲ့ ကြီးကြပ်ရေးအဖွဲ့ဝင်ကို ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းနေထိုင်သူတွေက ရွေးချယ်ပေးတဲ့ အများကြည်ညိုလေးစားရတဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းတာဝန်ပေးရမှာဖြစ်ပါတယ်။

“ကြီးကြပ်ရေးအဖွဲ့ဆိုတာ ရပ်ကွက်က ရပ်မိရပ်‌ဖ‌တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပါ၊ ရပ်/ကျေး အုပ်ချူပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ဖို့ ရွာသူ/သားတွေက မဲထည့်ပြီးမှ အနိုင်ရတဲ့သူရဲ့ အမည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီတင်ပြပြီး သတ်မှတ်အရည်အချင်းပြည့် စုံ/မစုံကို စစ်ဆေးပြီးမှ ခန့်အပ်ရ တာပါ၊ အဲ့ဒါတွေကို လက်တွေ့ လုပ်မလုပ်တော့ စောင့်ကြည့်ရမှာပေါ့ ” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ အတိုင်းအဝိုင်းများထံမှ သိရပါတယ်။

ကြီးကြပ်ရေးအဖွဲ့ကနေပြီး အိမ်ထောင်စုစာရင်းများ ရယူကာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို စုဖွဲ့ပေးရကာ ရပ်ကွက်/ကျေးရွာနေ ဒေသခံတွေက တိုက်ရိုက်ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ဆယ်အိမ်မှူးကို ကနဦး ရွေးချယ်ပြီး ထိုထဲမှ ရာအိမ်မှူးကို ရွေးချယ်ကာ ရာအိမ်မှူးတွေထဲမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ထပ်မံရွေးချယ်ရတာ ဖြစ်ပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး လုပ်လိုတဲ့ ရာအိမ်မှူး တစ်ဦးထက်ပိုပါက လျှို့ဝှက်မဲပေးရမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလောင်း၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးများရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရပြီး သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်စုံပါက သက်ဆိုင်ရာ တာဝန်များ အသီးသီးပေးအပ်ရမှာဖြစ်ပါတယ်။

“ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးကို ရပ်ရွာက ရွေးချယ်ပေးရတာဖြစ်လို့ ပညာတတ်ပြီး ကိုယ်ကျင့် တရားကောင်းတဲ့လူတော့ ရွေးစေချင်ကြပါတယ်၊ ရပ်ရွာအကျိုး သာ့သနာ့အကျိုးနဲ့ လူထုက အားကိုး အားထားရတဲ့သူတော့ ဖြစ်စေချင်တာပေါ့၊ ပညာမတတ်၊ အရည်အချင်းမရှိဘဲ ကွင်ဖန်ဖို့ ငွေရယူလိုမှု တစ်ခုတည်းနဲ့တော့ အရွေးမခံစေချင်ဘူး” လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ရာထူး သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပြီး တစ်ဆက်တည်း နှစ်ကြိမ်ထက် ပိုပြီး တာဝန်မယူရဘူးလို့ ကန့်သတ်ထားပါတယ်။


Photo- (IPRD) လားရှိုးမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ ကျင်းပနေပုံ (ပုံဟောင်း)