အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ အတွင်း EAO များ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။
ယမန်နေ့ ဧပြီလ ၂၀ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အရပ်သားအမည်ခံ အာဏာသိမ်းစစ်အုပ်စုရဲ့ ပထမဆုံး အစည်းအဝေးမှာ မင်းအောင်လှိုင် က ဖိတ်ခေါ်ပြောကြားခဲ့တာဖြစ်ပြီး PDF တွေအနေနဲ့ လက်နက်ချ အလင်းဝင်ဖို့ ပြောသွားခဲ့ပါတယ်။
EAO နဲ့ ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့များ သာမက လက်မှတ်မထိုးထားတဲ့အဖွဲ့များပါ နှစ်ဖွဲ့လုံးကို ဇူလိုင် ၃၁ ရက်နေ့မတိုင်မီ တွေ့ဆုံဆွေးနွေးဖို့ မင်းအောင်လှိုင် က ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ ရှိရင်တော့ မှားသွားမယ်၊ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက် တာတွေကိုတော့ လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်၊ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထား တဲ့အဖွဲ့တွေရော၊ မထိုးထားတဲ့အဖွဲ့တွေရော ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်” လို့ ဆိုပါတယ်။
NCA လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံခြင်းမပြုတဲ့ KNU၊ CNF၊ ABSDF တို့အဖွဲ့တွေကိုလည်း ဘာလုပ်ချင်လဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ပြီး NCA အရ သဘောတူညီချက် ၄၃ ချက်နဲ့ Union Accord ပါ သဘောတူညီချက်တွေကို လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီး အပိုင်းလိုက် ဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် PDF တွေအနေနဲ့လည်း နိုင်ငံရဲ့ အချို့သောနေရာဒေသတွေမှာ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြသည်ကိုတွေ့ရှိရပြီး အများစုအနေ ဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိတဲ့ သစ်တောသယံဇာတများ၊ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင် ထုတ်ယူပြီး ၎င်းတို့ ကိုယ်ကျိုးအတွက်
အသုံးပြုနေကြတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
PDF နဲ့ပတ်သက်ပြီး “ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်၊ နိုင်ငံရေးအရ ဘာမှခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အသုံးချခံနေရသူသာဖြစ်ပြီး အသုံးချမခံရ အောင် နေကြဖို့ပြောလိုပါတယ်” လို့ မင်းအောင်လှိုင် က ပြောဆိုသွားပါတယ်။