ရုရှားနိုင်ငံအတွင်း အောင်ပွဲနေ့ ရောက်ရှိလာတော့မှာဖြစ်ပေမယ့် စီးပွားရေး တုံ့ဆိုင်းနေတာ၊ အင်တာနက် ကန့်သတ်ချက်တွေ မြင့်တက်လာတာနဲ့ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ကရင်မလင်က စိုးရိမ်နေရတဲ့အတွက် ရုရှားနိုင်ငံသားတို့ ပျော်ရွှင်နိုင်စွမ်းမရှိဖြစ်နေပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်ရဲ့ လမ်းမကြီးများတစ်လျှောက်မှာ အနီ၊ အဖြူ၊ အပြာင်ရောင်နဲ့ ပေါင်းစပ်ထားတဲ့ ရုရှားအလံများ လွှင့်ထူထားပြီး ပန်းခြံနဲ့ လျှောက်လမ်းတွေမှာလည်း စိုက်ပျိုးထားတဲ့ ပန်းတွေနဲ့ ဝေဆာနေကာ ဆိုင်ခန်းပြတင်းပေါက်တိုင်းမှာလည်း ရုရှားစစ်တပ်ရဲ့ ရဲစွမ်းသတ္တိကို ဖော်ကျုးထားတဲ့ လိမ္မော်နဲ့ အနက်ရောင်စပ် ပါရှိသည့် “ စိန့်ဂျော့ချ် ဖဲကြိုးများ” (Ribbons of St. George) ကို ချိတ်ဆွဲတန်ဆာဆင်ထားကြပါတယ်။
ဆိုဗီယက်ခေတ်ကတည်းက မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့) မှ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကို အောင်နိုင်ခဲ့တဲ့ ဆိုဗီယက်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုတဲ့ မေလ ၉ ရက်နေ့အထိကာလကို “မေလ အားလပ်ရက်များ” အဖြစ်သတ်မှတ်ပြီး နွေဦးရာသီ ရောက်ရှိလာခြင်းရဲ့ အကြိုကာလအဖြစ် အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပလေ့ရှိပါတယ်။
သို့သော် ယခုနှစ်မှာတော့ ယူကရိန်းနဲ့ဖြစ်တဲ့ စစ်ပွဲရဲ့ အငွေ့အသက်ဟာ မော်စကိုမြို့တော်ထိ ရိုက်ခတ် လာတဲ့အတွက် ပတ်ဝန်းကျင် ပွဲအခင်းအကျင်းမှာ ပျော်ပွဲရွှင်ပွဲပုံစံလိုမျိုး ဖြစ်မနေခဲ့ပါဘူး။
ပန်းခြံတွေမှာ သတ္တုရှာဖွေစက် (Metal detectors)တွေကိုပါ တပ်ဆင်ထားရပြီး လုံခြုံရေး တင်းကျပ်ထားကာ ကရင်မလင် အာဏာစက်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ရင်ပြင်နီ (Red Square) ပေါ်မှာ ကျင်းပတဲ့ မေလ ၉ ရက်နေ့ အခမ်းအနားကိုလည်း ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကြောင့် အကျဉ်းချုံးသာ ကျင်းပရတော့မှာဖြစ်ပါတယ်။
အဲ့ဒီအန္တရာယ်ဟာ စိုးရိမ်ရုံသက်သက်မဟုတ်ဘဲ ပြီးခဲ့တဲ့ တနင်္လာနေ့က မော်စကိုရှိ လူနေအဆောက် အအုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်ရပ်က သက်သေပြနေပါတယ်။
ရုရှားအစိုးရက စစ်ရေးပြပွဲနေ့မှာ အပစ်အခတ်ရပ်စဲရန် ယူကရိန်းထံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သမ္မတ ဗလာဒီမာပူတင် အတွက် ကာကွယ်ဖို့ အထူးလုံခြုံရေးအစီအမံတွေ တိုးမြှင့်ထားရကာ ကိယက်ဗ်ဘက်မှာ လာနိုင်တဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို အကြောင်းပြပြီး အဲ့ဒီ အခမ်းအနားကို သတင်းထောက်တွေ လာရောက်သတင်းယူခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
မော်စကိုမြို့နဲ့ အလှမ်းဝေးတဲ့ ပါမ် (Perm) ဒေသနဲ့ ပင်လယ်နက်ကမ်းခြေမြို့ဖြစ်တဲ့ တူအက်ပ်ဆေး (Tuapse)မြို့မှာရှိတဲ့ ရုရှားရေနံစက်ရုံတွေကို ယူကရိန်းက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ လေးနှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် ရုရှားရဲ့ စီးပွားရေးဟာ ရုန်းကန်တောင့်ခံနေရပြီး ကုန်ဈေးနှုန်းနဲ့ အခွန်အခများ မြင့်တက်လာကာ စစ်ဒဏ်ကြောင့် ပြည်သူတွေ ပင်ပန်းနွမ်းနယ်ပြီး ရုရှားပြည်သူအများအပြားမှာ ငြိမ်းချမ်းရေးကိုသာ လိုလားနေကြတယ်လို့ ဆိုပါတယ်။
ရုရှားသိပ္ပံအကယ်ဒမီမှ စီးပွားရေးပညာရှင် ရောဘတ် နစ်ကမာတူလင်(Robert Nigmatulin) ကလည်း “ ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခရောက်နေပြီလို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတွေက ဝင်ငွေဟာ ကျွန်တော်တို့ဆီက အဆင်းရဲဆုံး ဒေသတွေထက် ပိုမြင့်နေပါပြီ” လို့ ပြီးခဲ့သည့်လက ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရုရှားတို့အတွက် မေလ ၉ ရက် “ အောင်ပွဲနေ့” ဟာ အရေးအကြီးဆုံး နေ့တစ်နေ့ ဖြစ်ပြီး ဆိုဗီယက်တို့ရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲကို ရုရှားပြည်သူတို့အတွက် ဘာသာရေးသဖွယ် အလေးအမြတ်ထားစရာ ဖြစ်အောင် ကရင်မလင်က ပုံဖော်ခဲ့ပါတယ်။
အဲ့ဒီစစ်ပွဲအတွင်းမှာ ဆိုဗီယက်စစ်သားနဲ့ အရပ်သား ၂၇ သန်းခန့် အသက်ပေးခဲ့ရပြီး ပါဝင်တိုက်ခိုက်ခဲ့တဲ့ နိုင်ငံများအနက် အသက်ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကို ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိစေခဲ့တဲ့ အဲ့ဒီအောင်ပွဲဟာ ရုရှားနိုင်ငံသားတို့အတွက် စည်းလုံးစေတဲ့ အဓိက အင်အားတစ်ရပ်ဖြစ်ပါတယ်။
သို့သော်လက်ရှိ ယူကရိန်းစစ်ပွဲမှာမူ ရုရှားစစ်သား အနည်းဆုံး ၂၁၃,၀၀၀ မှ ၃၀၀,၀၀၀ ကျော်အထိ အသက်ဆုံးရှုံးထားသော်လည်း နယ်မြေသစ်များ သိမ်းပိုက်နိုင်မှု မရှိခြင်းက အဲ့ဒီသမိုင်းဝင်အောင်ပွဲနဲ့ ကြီးမားတဲ့ ကွာဟချက် ဖြစ်နေပါတယ်။
ကိုးကား−The New York Times