အရှေ့အလယ်ပိုင်းအကျပ်အတည်းနဲ့ ကမ္ဘာ့စက်သုံးဆီပြတ်လပ်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စားသောက်ကုန်နဲ့ လောင်စာဆီ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး အခြေခံလိုအပ်ချက်ကို ရုန်းကန်နေရတဲ့ သန်းနဲ့ချီတဲ့ မိသားစုများ အပေါ်ဖိအားများဖြစ်ပေါ်နေတာကြောင့် ဥရောပသမဂ္ဂ (EU)က ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)သို့ EU ကယူရို ၈ သန်း အချိန်ကိုက် ပံ့ပိုးကူညီလိုက်ကြောင်း WFP က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းများ ၃ ဆခန့် မြင့်တက်လာခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ဆား စတဲ့ အခြေခံ စားနပ်ရိက္ခာဈေးနှုန်းများဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှ ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဒေသအလိုက် ကြည့်ပါက မကွေးတိုင်းမှာ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ရာ စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ အဆိုးရွားဆုံး ကြုံတွေ့နေရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်း (လူဦးရေ ၁၂ ဒသမ ၄ သန်း)ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ဆာလောင်မွတ်သိပ် ရင်ဆိုင်နေရပြီး လူဦးရေ ၃ ဒသမ ၇ သန်းသော ပြည်သူများလည်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
ယခုအကျပ်အတည်းဟာ မကြာမီရောက်ရှိလာတော့မယ့် မုတ်သုံစိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက် လျက်ရှိနေပြီး လယ်သမားများ ဓာတ်မြေဩဇာသုံးစွဲမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနေကြရသဖြင့် လာမယ့် ၂၀၂၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၏ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ပြီး ကုန်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေကာ စားနပ်ရိက္ခာ မလုံလောက်မှုကို ပိုမိုဆိုးရွား သွားစေနိုင် ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ EU လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲသူ ဂျက်စီကာ ချိုက်စ်က “အရေးပေါ်လိုအပ်နေသူများထံ အသက်ကယ်ဆယ်ရေး အကူအညီများ ဆက်လက် ရောက်ရှိစေရန် မရှိမဖြစ် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရများကို ဆက်လက် ပံ့ပိုးပေးမယ်” လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ် ကလည်း “ EU ရဲ့ ယခုထောက်ပံ့မှုဟာ ဆုံးရှုံးမှု များပြားနေတဲ့ မိသားစုတွေကို အချိန်မီ ပြန်လည်မထူထောင် နိုင်တော့တဲ့ အခြေအနေမျိုး မဖြစ်အောင် အထောက်အကူပြုကြောင်း” ဆိုပါတယ်။
WFP အနေနဲ့ ယခုရရှိတဲ့ ရန်ပုံငွေဖြင့် ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနဲ့ ပိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေပေးအပ်သွားပါမယ်ဆိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက်လည်း အထူးအာဟာရ ပံ့ပိုးပေးတာတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေး အတွက် သန်းနှင့်ချီတဲ့ ပြည်သူများ ရှင်သန်နိုင်ဖို့ EU နဲ့အတူ မိတ်ဖက်တွေအဖြစ် ဆက်လက်ရပ်တည်ကာ ကူညီထောက်ပံ့သွားမယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။