သျှမ်းပြည်တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊စံသီးကုန်းကျေးရွာအုပ် ချုပ်ရေးမှူးဦးကျော်ဇောဆိုသူ သတ်ဖြတ်ခံရကြောင်းဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့်ဇွန်၁၃ရက်ညပိုင်းတွင်စံသီးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောအားအမည်မသိလူတစ်စုက အကြောင်းမဲ့သတ်ဖြတ်သွားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်ယခုကဲ့သို့ လာရောက်လုပ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသေးကြောင်း သတင်းရင်းမြစ်ကဆိုသည် ။
” အရင်ကတောင်ရိုးလူကြီးပင်းတယမြို့နယ်ထဲ့ကဦးကျော်ငြိမ်းကိုသတ်သွားတဲ့လူတွေ့နဲ့တစ်ပုံစံထဲပဲ ဘာကြောင့်လုပ်ကြတယ်တော့ သေချာမသိပေမဲ့ခုက ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ် မယ်ဆိုရင် တောင်လူတွေက ထိတ်လန့်ပြီး ရှောင်ကုန်ကြပြီ ” ဟု ၄င်းကပြောသည် ။
ယခုနှစ်ပိုင်းအတွင်း ပင်းတယနှင့်ရွာငံမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများသာမက အရပ် သားများပါသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များမကြာ ခဏဖြစ်ပွားလာ ကြောင်းသိရသည် ။
ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းများကလည်း အုပ်ချုပ်ရေးကိစ္စများမလုပ်ချင်သောကြောင့် နည်းလမ်းအမျိုးမျိုးဖြင့်ခေါင်းရှောင်ထွက်ခြင်း၊ သာသနာ့ဘောင်သို့ ဝင်သွားခြင်း ကျန်းမာရေး အကြောင်း ပြကာ ဘေးထွက်နေခြင်းများ ရှိနေကြောင်းသိရသည် ။
အဆိုပါ သတ်ဖြတ်မှုဖြစ်စဉ်အများစုတွင်မည်သည့်အဖွဲ့အစည်း က လုပ်ဆောင်သည်ကိုထုတ်ပြန် ကြေ ညာခြင်းမရှိသလို၊တရား ခံ ကိုလည်းဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက်ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။