ထိုင်း−မြန်မာနယ်စပ်အနီး တိုက်ပွဲများဖြစ်ပွားရာမှ ထိုင်းနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စစ်ဆင်ရေးများပြုလုပ်ရာမှာ ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ ထိခိုက်မှုမရှိစေဖို့ ထိုင်းက မြန်မာကို သတိပေးပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) အစည်း အဝေးသို့ တက်ရောက်နေချိန် နယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံသားအချို့ ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့ရတာကြောင့် ထိုင်းနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ ၁၀ မိနစ်ကြာ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထိုင်းနိုင်ငံအပေါ် ထိခိုက်မှုမရှိစေဖို့ လိုအပ်ပြီး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရာမှာလည်း ထိုင်းနယ်စပ်နဲ့ ဖြစ်နိုင်သမျှ အလှမ်းဝေးတဲ့ နေရာတွေမှာသာ ဆောင်ရွက်သင့်တယ်လို့ ဆီဟာဆက် က အလေးထားပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ထိုင်းနိုင်ငံက ကြိုးပမ်းနေသော်လည်း မြန်မာအနေနဲ့ အကြမ်းဖက်မှုတွေ လျှော့ချရေး အပါအဝင် ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုများ လျှော့ချနိုင်ပါက တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး ယင်းလုပ်ငန်းစဉ်တွေဟာ မြန်မာမှာ ငြိမ်းချမ်းရေးရရှိဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ဆီဟဆက်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားတယ်လို့ ၎င်းက အတည်ပြုခဲ့ပြီး ခရီးစဉ်အတွင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မဖြစ်ပေါ်စေဖို့ တားဆီးနိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။