သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းဒေသ၊ နမ့်ဟူးမိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက နွေရာသီသျှမ်းစာပေသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသျှမ်းစာပေသင်တန်းဆင်းပွဲမှာ RCSS/SSA မှ ပြည်ထဲရေးဌာနခေါင်းဆောင် ဗိုလ်ချုပ် ခေးပျူ မှ အဖွင့်အမှာစကားပြောကြားရာမှာ မိမိတို့ သျှမ်းစာပေစကားကို တန်ဖိုးထားချစ်မြတ်နိုးတတ်ဖို့နဲ စာပေဟာ လူမျိုးတစ်မျိုးအတွက် အသက်သွေးကြောဖြစ်ပြီး မိဘတွေအနေနဲ့လည်း ၎င်းတို့ရဲ့ ကလေးများကို ကျောင်းတက်ပညာသင်ကြားဖို့နဲ့ လူမျိုးစုအားလုံးတို့ရဲ့ စာပေကို ချစ်မြတ်နိုး တန်ဖိုးထားဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။
ယခု နမ့်ဟူးမိုင်ကျေးရွာမှာ ကျင်းပတဲ့ နွေရာသီ သျှမ်းစာပေသင်တန်းဟာ ၉ ကြိမ်မြောက် ဖွင့်လှစ်ခဲ့ တာဖြစ်ကာ ကျောင်းသားကျောင်းသူ ၁၆၀ ဦး တက်ရောက်ပြီး သျှမ်းတိုင်းရင်းသားအပြင် ပအိုဝ်းနဲ့ အခြား တိုင်းရင်းသားများလည်း တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။

နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း သျှမ်းပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ အနေနဲ့ သျှမ်းစာပေ/စကား ရေးတတ် ဖတ်တတ် ပြောဆိုတတ်နိုင်ဖို့အတွက် အမြို့မြို့အနယ်နယ်က သံဃာတော်များ၊ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး နွေရာသီ သျှမ်းစာပေ သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါတယ်။