တောင်ကြီး မြို့ပေါ်လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်ခံရမှုများ တိုးပွားလာပြီး လူပြက်သည့်နေရာများတွင် ဓါးထောက်လုယက်မှုများပါမကြာ ခဏ ဖြစ်ပွားလာကြောင်းမြို့ခံများထံမှသိရသည်။
” စျေးနေ့တွေဆိုရင် လူစည်တယ်လေ အဲ့ဒီနေ့တွေဆို စျေးသုံးလာတဲ့လူတွေ စျေးလာရောင်းတဲ့ သူတွေထဲက မကြာခဏဆိုသလိုကြားနေရတာ ဖုန်းနှိုက်သွားတာနဲ့ ပိုက်ဆံအိတ်အခွဲခံရတာနဲ့ များသောအားဖြင့် အမျိုးသမီးတွေခံရတာများတယ် ရှေ့ရက်ကပဲ ပအိုဝ်းအဒေါ်ကြီးတစ်ယောက် အိတ်ခွဲခံရပြီး အကုန် ပါသွားတာ ” ဟု မြို့မစျေးအနီး အငှားယာဥ်မောင်းသူတစ်ဦးကပြောသည်။
အဆိုပါ ခါးပိုက် နှိုက်သူများသည် အမျိုးသမီးကြီးအုပ်စု ဖြစ်ပြီး လူစည်ကားသည့်နေရာတွင် အုပ်စု လိုက်တိုးဝင်ကာ ပိုက်ဆံ ၊ ဖုန်းနှင့်တန်ဖိုးကြီး ပစ္စည်းများကို ပိုင်ရှင်မသိလိုက်ခင်မှာပင် အိတ်ခွဲကာ ယူဆောင်သွားလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးကရှင်းပြသည်။
” ခါးပိုက်နှိုက်တွေက အမျိုးသမီးအုပ်စုပဲ ၄/၅ ယောက်လောက်ရှိမယ် လူနဲနဲစည်တဲ့နေရာဆိုရင်ရုတ်တရက် အုပ်စုလိုက်ကပ်လာပြီး သူတို့ပြန်ထွက်သွားချိန်မှာ ကျွန်မ ကျစ်ကျစ်ပါအောင် ရင်ဘတ်ရှေ့မှာကိုက်ထားတဲ့ အိတ်က လုံးဝအရှင်းပြဲနေပြီး ကျမ ဖုန်းရယ် နာရီရယ် ပိုက်ဆံ ၆ သိန်းကျော် ရယ် ပါသွားတယ် ” ဟု ၄င်းကပြောသည်။
ခါးပိုက်နှိုက်ခံရသည့် နေရာအများစုမှာ မြို့မစျေး၊ အိုးရှင်းစင်တာ နှင့် ညစျေးတန်းများ ဖြစ်ပြီး ခံရသူအများစုမှာလည်း အမျိုးသမီးများဖြစ်သောကြောင့် လူစိမ်းများ အကြောင်းမဲ့ တိုးဝှေ့ခြင်း၊ အာရုံလွှဲရန် ကြိုးပမ်းခြင်းများ ကြုံတွေ့ပါက အထူးသတိထားကြရန် နှင့် လိုအပ်ပါက ပတ်ဝန်းကျင် သို့အော် ဟစ်အကူညီတောင်းရန် ဒေသခံများက သတိပေးထားသည်။
ထို့အပြင် မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကြီး မြို့အထွက် ၂ မိုင် ပန်းချယ်ရီ အိမ်ရာအနီးရှိ ဘုန်းကြီးကျောင်းလမ်းတွင် အမျိုးသမီးတစ်ဦး ထံသို့ အမည်မသိအမျိုးသား၂ ဦးက ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်းကို လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုယက်ခံရသည့် ဆိုင်ကယ်မှာ Honma Scoppy အမျိုးအစား 79W/84998 နံပါတ်ပါ လိုင်စင်ရှိ ဆိုင်ကယ် ဖြစ်ပြီး ဖုန်းမှာ iPhone 17 Pro ဖြစ်ကာ ရဲစခန်းသို့တိုင်တန်းထားသော်လည်းဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
မကြာခဏယင်းသို့လုယက်ခံရသည့်နေရာများမှာ ရွှေဘုန်းပွင့် တောင်ပေါ် ၊ ထင်းရှူးတော နှင့် လူပြက် သည့်နေရာများ ဖြစ်ပြီး ယင်းနေရာသို့သွားလျှင် အုပ်စုဖြင့်သာသွားလာသင့်ကြောင်း မြို့ခံများကသတိပေးထားသည်။