Online လောင်းကစားဂိမ်းတွေကို ပြည်သူအများ ပိုမိုကစားလာစေဖို့အတွက် Agent Level တွေ အဆင့်ဆင့်သတ်မှတ်ထားပြီး ဦးစီးဆောင်ရွက်တာ၊ ဆွဲဆောင်စည်းရုံးတာနဲ့ လောင်းကစားကွန်ရက် ကျယ်ပြန့်လာအောင် ဆောင်ရွက်တာတွေ ပြုလုပ်တဲ့ Ibet 789 ဝက်ခ်ဆိုက်မှ Online လောင်းကစားဂိမ်း အဓိက ဦးစီးဆောင်ရွက်သူ Senior Agent အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦး ကို ဖော်ထုတ်ဖမ်းဆီး ခဲ့တယ်လို့ စစ်ကောင်စီက ယနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂ ရက်က Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဖမ်းဆီးရမိပြီး Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦးကိုတော့ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ် (၆၇၀)မှာ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံးနဲ့ မော်တော်ယာဉ် ၁ စီးတို့နဲ့ ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၄ ရက်မှာ Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်း အား လှိုင်သာယာ မြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin Hotel မှာ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးဖြင့် လည်းကောင်း၊ Online လောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နု အား သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က)မှာ လက်ကိုင်ဖုန်း ၁ လုံးဖြင့် လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယခုဖမ်းဆီးရမိတဲ့ တရားခံ ၇ ဦးနဲ့အတူ အွန်လိုင်းလောင်းကစားဂိမ်း Agent ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တာကြောင့် အမှုဖွင့်လှစ်ပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကာ Online လောင်းကစား Agent အဖြစ် ဦးစီး ဆောင်ရွက်နေသူ တွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အချို့သော ဝိသမလောဘသားတွေဟာ Online လောင်းကစား Website များ တည်ထောင်ပြီး လူမှုကွန်ရက်တွေပေါ်မှာ ကြော်ငြာတာ၊ ပြည်သူတွေ ဂီမ်းဆော့ကစားဖို့ ဆွဲဆောင်စည်းရုံးတာတွေ လုပ်ဆောင်ပြီး အွန်လိမ်းဂိမ်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်ကာ အကျင့်စာရိတ္တပျက်ပြားပြီး နောက်ဆက်တွဲ ဒုစရိုက်မှု ကျူးလွန်တာ၊ မိမိကိုယ်ကို အဆုံးစီရင်တာတွေ ဖြစ်ပွားတဲ့အထိ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာလျက်ရှိတယ်လို့ သိရပါတယ်။