စစ်တပ်ပိုင် Dagon Beverages နဲ့ Myanmar Brewery တို့ရဲ့ ထုတ်ကုန်တွေကို ယခင်က ပေးအပ်ထားခဲ့တဲ့ အရည်အသွေးဆုတွေနဲ့ အသိအမှတ်ပြုမှုတွေကို ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် Monde Selection အဖွဲ့က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်လိုက်ပါတယ်။
အရည်အသွေး ဆန်းစစ်အကဲဖြတ်တဲ့ Monde Selection က မြန်မာစစ်တပ်ပိုင် ဘီယာ၊ အဖျော် ယမကာနဲ့ အချိုရည် အမှတ်တံဆိပ်တွေကို ပေးအပ်ထားတဲ့ ဆုတွေ ပြန်လည်ရုပ်သိမ်းလိုက်ရုံမျှမက ဖောက်သည်စာရင်းနဲ့ ဝက်ဘ်ဆိုက်ပေါ်က အချက် အလက်တွေကိုပါ အပြီးပိုင် ဖယ်ရှားလိုက်တာဖြစ်ပါတယ်။
အဆိုပါ ဆုများ ပြန်လည်ရုပ်သိမ်းမှုနဲ့ ပတ်သက်လို့ Info Birmanie နဲ့ Justice For Myanmar တို့က ကြိုဆိုလိုက်ပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥရောပသမဂ္ဂ (EU) နဲ့ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲမှာ Dagon Beverages Company Limited က ဆုအများအပြား ရရှိခဲ့ပြီးနောက် Info Birmanie နဲ့ Justice For Myanmar တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ဆုများ ပြန်လည်ရုပ်သိမ်းပေးဖို့ ဩဂုတ်လအတွင်းက Monde Selection ထံ စာရေးသား တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တောင်းဆိုမှုများအပြီးမှာ Monde Selection ဘက်က ဆုများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတွေဖြစ်ကြတဲ့ MEC၊ MEHL၊ Dagon Beverages နဲ့ Myanmar Brewery တို့ထံ Monde Selection Quality Award လိုဂိုကို ဆက်လက်အသုံးပြုခွင့် မရှိတော့ကြောင်း အသိပေးစာ ပို့လိုက်တယ်လို့ ဆိုပါတယ်။
Monde Selection ဘက်ကတော့ အဆိုပါ ကုမ္ပဏီ တွေဟာ စစ်တပ်နဲ့ ဆက်နွှယ်နေတာကို မသိရှိခဲ့တာကြောင့်ဖြစ်ပြီး သိရှိပြီးနောက် လျင်မြန်စွာ အရေးယူခဲ့တာလို့ ပြောဆိုထားပါတယ်။
အီးယူနဲ့ ၎င်းအဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံအ ပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွကို တင်းကျပ် ထိရောက်စွာ အကောင်းအထည်ဖော်ဖို့နဲ့ စစ်အုပ်စုရဲ့ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီရင်းမြစ်အားလုံး အကျုံးဝင်ပါဝင်လာနိုင်စေဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု တွေ တိုးချဲ့ချမှတ်ဖို့ Info Birmanie နဲ့ Justice For Myanmar တို့က ဆက်လက် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။