ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်က ကာရာအိုကေ အသံကျယ်လောင်စွာဖွင့်ပြီး အနီးနားပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ လျှို့ဝှက်ဘားတစ်ခုမှာ မေလ ၂၃ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ရာ သတ်မှတ်စည်းကမ်းချက်များနဲ့မကိုက်ညီဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၂ ဦး ဖမ်းဆီးရမိခဲ့ပြီး နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကိုပါ ဖော်ထုတ်ဖမ်းဆီး နိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘားနဲ့ ကာရာအိုကေ ပုံစံမျိုး တွဲဖွင့်လှစ်ထားတဲ့ အဲ့ဒီဖျော်ဖြေရေးဆိုင်တစ်ခုကို ဝင်ရောက်စစ်ဆေး ခဲ့ရာမှာ ဂီတသမားနဲ့ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂ ဦးကို တွေ့ရှိခဲ့ပြီး သူတို့အားလုံးမှာ အလုပ် သမားကတ် (Work Permit) အမှန်တကယ်ရှိသော်လည်း စာရွက်စာတမ်းမှာ ဖော်ပြထားတဲ့ အလုပ်ရှင်အမည်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ ကိုက်ညီမှုမရှိတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က ၎င်းတို့ကို “ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့်ဥပဒေ” အရ “နေထိုင်လုပ်ကိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသားဖြစ်သော်လည်း အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ၁၅ ရက်အတွင်း အလုပ်ရှင်အသစ်နဲ့ လုပ်ငန်းခွင်တည်နေရာကို မှတ်ပုံတင် အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်မှု” နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖျော်ဖြေရေးဆိုင်ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကွန်ရက်စုဝေးရာနေရာတစ်ခု ဖြစ်နေတဲ့အပြင် ယခင်ကလည်း အသံကျယ်လောင်စွာ ဖွင့်လှစ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများကို နှောင့်ယှက်ပေးမှုများ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက် ရရှိခဲ့တာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ကနဦး စစ်ဆေးမေးမြန်းချက်များအရ ၎င်းဆိုင်ဟာ ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော်ကာလ ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်တဲ့ ဧည့်သည်အများစုမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု ဖြစ်ကြတယ်လို့ ဆိုင်ဝန်ထမ်းများက ထွက်ဆိုခဲ့ပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ချန်းဖု အာ့ခ်ရဲစခန်းရှိ အရာရှိများထံ လွှဲပြောင်းပေးအပ်ထားပြီး အလုပ်ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူအုပ်စုတွေကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။