ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရို (IB) နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ကြီးမားတဲ့ မူးယစ်ဆေးဝါးမှုနဲ့ အာဏာပိုင်တွေ အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အောင်ဇော်မင်းခန့် ကို ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ONBC ထံ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က အကူ အညီ တောင်းခံမှုအပြီး စုံစမ်းစစ်ဆေးရေး စတင်ခဲ့ကာ သူ့ကို ဘန်ကောက်မြို့၊ ရာမ ၉ ဧရိယာရှိ ဇိမ်ခံကွန်ဒိုတစ်ခုမှာ ခြေရာခံ ရှာဖွေ တွေ့ရှိဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အောင်ဇော်မင်းခန့် ဟာ အကြီးစား မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုလုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောဆိုထားပြီး မိတ္ထီလာခရိုင် တရားရုံးကလည်း သူ့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းဝရမ်း ထုတ်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်က စိတ်ကြွရူးသွပ်ဆေးပြား ၄.၉၈ သန်းခန့်၊ Heroin ၁၂.၃၈၇ ကီလိုဂရမ်နဲ့ Crystal Methamphetamine ၁ ကီလိုဂရမ် သိမ်းဆည်းရမိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၉.၄ ဘီလီယံခန့် (ထိုင်းဘတ် သန်း ၁၅၀ ခန့်) သိမ်းဆည်းရမိခဲ့တဲ့ အမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး မှတ်တမ်းအရ အောင်ဇော်မင်းခန့် ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်းမှာ နေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ မိသားစုဝင်အဖြစ် နေထိုင်ခွင့် ရရှိထားခဲ့ပါတယ်။
သို့သော် ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုနဲ့ ဆက်စပ်နေတဲ့ သတင်းအချက် အလက် ရရှိပြီးနောက် ၎င်းရဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ကို ရုပ်သိမ်းခဲ့ပြီး ၎င်းရဲ့ ရာမ ၉ ရှိ နေအိမ်မှာ ဝင်ရောက်ရှာဖွေရာ ဇိမ်ခံနာရီများ၊ နာမည်ကြီး အိတ်များ၊ လေလံလိုင်စင်ပြား တပ်ထားတဲ့ Lexus ကားတစ်စီးနဲ့ ၎င်းအမည်နဲ့ ဝယ်ယူထားတဲ့ ဇိမ်ခံကွန်ဒိုတစ်ခန်းရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
၎င်းပိုင်ဆိုင်မှုများရဲ့ ခန့်မှန်းတန်ဖိုးမှာ စုစုပေါင်း ဘတ် ၁၀ သန်းခန့်ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေနဲ့ ငွေကြေးခဝါချမှုတို့နဲ့ ဆက်စပ်မှု ရှိ/မရှိ ဆက်လက်စစ်ဆေးဖို့ လုပ်ဆောင်နေပြီး အာဏာပိုင်တွေက ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (AMLO)နဲ့ ပူးပေါင်ပြီး ဥပဒေနဲ့ အညီ ဆက်လက်အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။