မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ မှတစ်ဆင့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စရပ်များ၊ MNDAA ရဲ့ နိုင်ငံရေး တရားဝင်မှုဖြစ်စေရေးနဲ့ တန်းတူညီမျှရှိရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စ စတာတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
MNDAA ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဖုန်ဝင်းနိုင် က အခုလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုကို အထူးကျေးဇူးကြောင်းပြောပြီး ကာလကြာရှည် ပဋိပက္ခတွေကြောင့် ပြည်သူများ အတိဒုက္ခရောက်ရကြောင်း၊ သဘောထားကွဲလွဲမှုနဲ့ လက်နက်ကိုင် ပဋိပက္ခများ ပေါက်ဖွားရန်မှာ လွယ်ကူပြီး ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ ဖော်ဆောင်နိုင်ဖို့ သက်ဆိုင်သူများ အားလုံးရဲ့ သဘောထားကြီးမှုဟာ အရေးကြီးပါတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အမြင်ကွဲလွဲမှုတွေကို ဖြေရှင်ကြဖို့နဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်မြင့်တင်ကြဖို့ လိုအပ်ပြီး ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေး ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီး တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ တည်ထောင်ရေးကို လျှောက်လှမ်းရန် ကိုင်စွဲထားတယ်လို့ ပြောပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အတူတကွ ပူးပေါင်းဖော်ဆောင်ဖို့ ဆန္ဒအပြည့်အဝရှိတယ်လို့ ဖုန်ဝင်းနိုင် ကပြောပါတယ်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံရေးအရ ဆောင်ရွက်ရန်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပီပြင်အောင် ဆောင်ရွက်ရန် လိုအပ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်ရန် လိုပါကြောင်း၊ လတ်တလောမှာ ဆုံးဖြတ်ရန် ခက်ခဲမှုရှိပါက နောင်လာမည့် ဆွေးနွေးပွဲတွေမှာ ဆက်လက်ဆွေးနွေးပြီး ယုံကြည်မှု တည်ဆောက်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲတဲ့ ဇွန်လကစပြီး FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ သျှမ်းတပ် SSPP ၊ မိုင်းလားတပ် NDAA ၊ တအာင်းတပ် TNLA ၊ “ဝ”တပ် UWSA နဲ့ စစ်တပ်တို့ ဆက်တိုက် တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ကိုးကန့်တပ် MNDAA နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။
Photo – MOI