ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့တွင် သင်္ကြန်အကြတ် နေ့၌အရက်မူးနေသည့် ရာအိမ်မှူးနှင့်အ ပေါင်းအပါများ က အထက်တန်းရှေ့နေတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုးကြိတ်ခံရသူ အထက်တန်းရှေ့နေ ဦးကျော်ဇင်ဆိုင်သည်ပြီးခဲ့သည့် ရွေး ကောက်ပွဲတွင် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဖူးသူဖြစ်ပြီး ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဇနီးဖြစ်သူကို ကလောသင်္ကြန်ဗဟိုမဏ္ဍပ်သို့ ပို့ဆောင်ပြီးအပြန်တွင် ယင်းသို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ် မှာ ဦးကျော်ဇင်ဆိုင်သည် ကလောမြို့၊ ရပ်ကွက် (၄)၊ ဘူတာလမ်းရှိ Kyaw Store ဆိုင်ရှေ့သို့ ရောက်ရှိစဉ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် ဇနီးမောင်နှံနှစ်ဦးက၎င်း၏ ကားကို ရပ်ခိုင်းခဲ့ပြီး ကားဖြင့်တိုက်မိသည်ဟု ပြောဆိုရာ မှ စကားများခဲ့ပြီးနောက် ရာအိမ်မှူး ဦးမောင်ငွေနှင့်အဖွဲ့ ရောက်ရှိလာကာ ဝိုင်းဝန်းထိုးကြိတ်ကြခြင်းဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
” ရှေ့နေစီးလာတဲ့ကားနဲ့ ဆိုင်ကယ်ပွတ်မိသွားတာကို မထိဘူးဘာဘူးငြင်းနေတာ နောက်တော့ တစ်သိန်းခွဲလျှော်ပေးမယ် လက်မခံရင်လဲ စခန်းရောက်မှရှင်းဆိုပြီးလုပ်နေတဲ့အချိန် ရာအိမ်မှူး ဦးမောင်ငွေနဲ့အဖွဲ့ ရောက်လာပြီး “ လွှတ်တော်ကိုယ်စားလှယ်ကြီးပဲကိုး ငါက ရပ်ကွက် (၃) ရာအိမ်မှူးပဲ၊ လွှတ်တော် ကိုယ် စားလှယ် ကြီးကို ဝိုင်းထိုးကြကွာ ဆိုပြီးချကြတာပဲ ရွေးကောက်ပွဲ ကတည်းက ပြဿနာရှိခဲ့ပုံရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ စေခိုင်းမှုကြောင့် ရာအိမ်မှူး ဦးမောင်ငွေ အပါအဝင် လူ ၅ ဦးက ဦးကျော်ဇင်ဆိုင်ကိုဝိုင်းဝန်းထိုးကြိတ်ကန်ကျောက် ခဲ့ကြသဖြင့် ၎င်းတွင် ညာ ဘက်မျက်စိ၊ ညာပါးစပ်နှင့် နှုတ်ခမ်းတို့၌ ဖူးယောင်ပေါက်ပြဲဒဏ်ရာများအပြင် ခန္ဓာကိုယ်အနှံ့ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိသူ ဦးကျော်ဇင်ဆိုင်ကို ပတ်ဝန်းကျင်ရှိ ပြည်သူများက ကလောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ရာအိမ်မှူး ဦးမောင်ငွေနှင့် အဖွဲ့ကို ဧပြီလ ၂၀ ရက်တွင် ကလောမြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။