မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းရှိ “တိုင်းချန်း” (Tai Chang) ငွေလိမ်ဂိုဏ်းဌာနချုပ်များနဲ့ ဆက်စပ်နေတဲ့ ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များမှ ငွေကြေးတွေကို သိမ်းဆည်းနိုင်ရန် သတင်းအချက် အလက် ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်းပေးမယ်လို့ ယမန်နေ့ ဧပြီလ ၂၃ ရက်က အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရို (INL)က အမေရိကန် တရားရေးဝန်ကြီးဌာန၏ “ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေး အထူးအဖွဲ့” (Scam Center Strike Force) ကို ကူညီပံ့ပိုးပေးတဲ့အနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ တိုက်ဖျက်ရေး ဆုကြေးအစီအစဉ် (TOCRP) အရ ဆုကြေးငွေ ထုတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCOs) များဟာ အွန်လိုင်းမှတစ်ဆင့် အကြီးစားငွေလိမ်မှုများ ပြုလုပ်ကာ အမေရိကန်နိုင်ငံသားများကို ပိုမိုပစ်မှတ်ထား လာနေတယ်လို့ ဆိုထားပြီး ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းတွေကြောင့် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“တိုင်းချန်း” (Tai Chang)ဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း မှာ အခြေစိုက်ပြီး အွန်လိုင်းမှ တစ်ဆင့် လိမ်လည်တာ အထူးသဖြင့် ခရစ်ပတိုကာရန်စီ (Cryptocurrency) ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေကို လုပ်ဆောင်နေတဲ့ အဆောက်အအုံတွေဖြစ်ပြီး ကိုသြဒိနိတ် တွေပါ တိတိကျကျ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ “တိုင်းချန်း”အမည်ရ ကျားဖြန့်စခန်း နေရာ ၃ ခု ဖော်ပြထားပြီး ကျောက်ခက် ကာစီနို (သို့မဟုတ်) ကိုစိုင်းစခန်း လို့အမည်ပေးထားပြီး နောက်တခုက ထိုက်(သို့မဟုတ်) ချင်ဆုန်းစခန်းလို့ ဖော်ပြထားပါတယ်။
အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ ယခုဆုကြေးငွေ ကမ်းလှမ်းချက်သည် အခြားလုပ်ဆောင်ချက် တွေနဲ့လည်း ဆက်စပ်နေပြီး မြန်မာနိုင်ငံမှာ ငွေလိမ်ဂိုဏ်းတစ်ခုကို ဦးစီးနေပြီး ကမ္ဘောဒီးယားမှာ နောက်ထပ်တစ်ခု ထပ်မံတည်ထောင်ရန် ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံသား နှစ်ဦးအား တရားစွဲဆိုတာ၊ ကမ္ဘောဒီးယားရှိ ငွေလိမ်ဂိုဏ်းများသို့ လူကုန်ကူးရန် လူစုဆောင်းရာမှာ အသုံးပြုတဲ့ Telegram Channel ကို သိမ်းဆည်းတာ၊ ခရစ်ပတို ရင်းနှီးမြှုပ်နှံမှု လိမ်လည်ရာမှာ အသုံးပြုတဲ့ ဝဘ်ဆိုဒ်ပေါင်း ၅၀၃ ခုကို သိမ်းဆည်းတာနဲ့ ကမ္ဘောဒီးယားတစ်ဝှမ်းရှိ ငွေလိမ်ဂိုဏ်းများကို ထိန်းချုပ်ထားတဲ့ ကမ္ဘောဒီးယားအမတ် Kok An နှင့် ၎င်းရဲ့ ကွန်ရက်အတွင်းရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၈ ခုကို ပိတ်ဆို့အရေးယူမှု (Sanctions) ချမှတ်တာတွေ လုပ်ဆောင်လိုက်တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။
သတင်းအချက်အလက်ပေးပို့လိုပါက အက်ဖ်ဘီအိုင် (FBI) ထံသို့ TaiChangTIPS@fbi.gov အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်နိုင်ပြီး နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ ဆက်သွယ်နိုင်ပြီး သတင်းပေးပို့သူကို တင်းကြပ်စွာ လျှို့ဝှက်ထားပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။