ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းနယ်များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို သာမန်အားဖြင့်ကြည့်လျှင် စော်ဘွား၊ ကျမိုင်း၊ အမတ်ချုပ်၊ အမတ်များ၊ ပေါမိုင်း(မြို့စား)၊ ဟိန်(စစ်ဘက်ဆိုင်ရာအရာရှိ)၊ ထမုံ(စစ်ဘက်ဆိုင်ရာအရာရှိ/ ရွာစား)၊ ကန့် (ရွာသူ ကြီး)၊ ကျော့(ဆယ်အိမ်ခေါင်း) စသဖြင့် တွေ့နိုင်ပါသည်။ သို့သော် သမိုင်းဆိုင်ရာ အထောက် အထားများဖြင့် အသေးစိတ်လေ့လာသည့်အခါ သည့်ထက်ကျယ်ပြန့်သည့် အုပ်ချုပ်ရေးစနစ်များ ရှိနေသည်ကို တွေ့ရပေသည်။ အထူးသဖြင့် မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက် ကုန်းဘောင်ခေတ်နှောင်းကာလတွင် တွေ့ရှိရသည့် သျှမ်းနယ်များ၏ အုပ်ချုပ်ရေးစနစ်များသည် ဗမာမင်းတို့၏ ဗဟိုထိန်းချုပ်သည့် စနစ်များကြောင့် ပုံစံအမျိုးမျိုး ဖြစ်လာရသည်ကို တွေ့ရှိရသည်။
ကုန်းဘောင်ခေတ်နှောင်းကာလတွင် ဗမာမင်းတို့သည် သျှမ်းနယ်များကို ပို၍ထိန်းချုပ်ရလွယ်ကူစေရန် ရည်ရွယ်သောအားဖြင့် ဦးတိုက်ထမ်းနယ်နှင့် သီးခြားထမ်းနယ်ဟူ၍ နှစ်ပိုင်းခွဲခြားခဲ့သည်။ ဦးတိုက်ထမ်းနယ်ဆို သည်မှာ ဗမာဘုရင်က တိုက်ရိုက်အမိန့်ထုတ်ပြန်၍ အုပ်ချုပ်သော သျှမ်းနယ်များဖြစ်ပါသည်။ ထိုဦးတိုက်ထမ်း နယ်များကို လေ့လာရာတွင် မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ဒုတိယပိုင်းအရ-
၁။ တောင်ပိုင်(နမ့်ဆန်)စော်ဘွားနယ်
၂။ မိုးမိတ်စော်ဘွားနယ်
၃။ ဝန်းသိုစော်ဘွားနယ်
၄။ သောင်သွပ်စော်ဘွားနယ်
၅။ ကလေးစော်ဘွားနယ်
ဟူ၍ တွေ့ရသည်။ ထို့အပြင် ဗမာမင်းတို့သည် ခန္တီးလုံ(ပူတာအို)ရှိ သျှမ်းစော်ဘွားနယ်ငယ်(၈)နယ်၊ ချင်းတွင်းမြစ် ဝှမ်း အထက်ပိုင်းရှိ စင်္ဂလိန်းခန္တီးနယ်၊ သျှမ်းပြည်မြောက်ပိုင်းရှိ သီပေါစော်ဘွားနယ်၊ သုံးဆယ်စော်ဘွားနယ်တို့ကို ပါ တိုက်ရိုက်အမိန့်ပေး၍ အုပ်ချုပ်ရာ ဤနယ်များပါ ဦးတိုက်ထမ်းနယ်များတွင် ပါဝင်သည်ဟု သုံးသပ်ရပေသည်။ ဤနယ်များကို ဦးတိုက်ထမ်းနယ်များအဖြစ် ဗမာမင်းက တိုက်ရိုက်အမိန့်ထုတ်၍ အုပ်ချုပ်သည်မှာ ဗမာ့နန်းတွင်း အတွက် အသုံးပြုရန်နှင့် နိုင်ငံ၏ ဘဏ္ဍာရေးအတွက် အသုံးပြုရန် အရေးပါသည့် ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပယင်း၊ ပတ္တမြားစသည့် ရတနာများ ထွက်ရှိခြင်း၊ သစ်ထွက်ရှိခြင်း၊ လက်ဖက်ထွက်ရှိခြင်းတို့ကြောင့်ပင် ဖြစ်သည်ဟု သုံးသပ်ရပေသည်။
သီးခြားထမ်းနယ်ဆိုသည်မှာ ဗမာမင်း၏ လွှတ်တော်က သီးခြားအမိန့်ထုတ်ဆင့်၍ ဗိုလ်မှူးမင်းသားက တိုက်ရိုက်ကွပ်ကဲသည့် တပ်ရုံး(၃)ရုံး၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် သျှမ်းစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးနယ် များဖြစ်ပါသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ, တတိယတွဲနှင့် မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၊ ဒုတိယပိုင်းအရ တွေ့ရှိရသော တပ်ရုံး(၃)ရုံးမှာ-
၁။ သိန္နီတပ်ရုံး
၂။ မိုးနဲတပ်ရုံး
၃။ မိုးဗြဲတပ်ရုံး
တို့ဖြစ်ပါသည်။ ထိုတပ်ရုံးတို့တွင် စစ်ကဲအဆင့်ရှိသည့် ဗမာမင်း၏ စစ်ဘက်ဆိုင်ရာ အရာရှိများကို စစ်သည်များနှင့် တကွ ထားရှိသည်။ ထိုတပ်ရုံး(၃)ရုံးတွင် မိုးနဲတပ်ရုံးသည် ဌာနချုပ်သဘောသက်ရောက်ပြီး ဗိုလ်မှူးမင်းသားနှင့် ဝန်ထောက်အဆင့်ရှိသော အရာရှိတစ်ဦး၊ စစ်ကဲ(၂)ဦးတို့က ကွဲကဲသည်။ ဗိုလ်မှူးမင်းသားသည် နေပြည်တော်တွင် ရုံးထိုင်ရပြီး အရေးကြီးမှသာ မိုးနဲတပ်ရုံးသို့ လာရသော်လည်း ဝန်ထောက်အရာရှိမှာမူ ဗိုလ်မှူး မင်းသားကိုယ်စား တပ်ရုံးတွင် ထိုင်၍ အုပ်ချုပ်ရသည်ကို The Royal Orders of Burma, A.D.1598-1885, Vol.9 အရ တွေ့ရပါသည်။ သိန္နီတပ်ရုံး၏ လက်အောက်တွင်
၁။ သိန္နီစော်ဘွားနယ်
၂။ လဲချားမြို့စားနယ်
၃။ ကျေးသီးမြို့စားနယ်
၄။ မိုင်းကိုင်မြို့စားနယ်
၅။ မိုင်းနောင်မြို့စားနယ်
၆။ မိုင်းရှူးမြို့စားနယ်
တို့ကို ဖွဲ့စည်းထားရှိခဲ့သည်။ မိုးနဲတပ်ရုံး၏ လက်အောက်တွင်-
၁။ မိုးနဲစော်ဘွားနယ်
၂။ ကျိုင်းတောင်းမြို့စားနယ်
၃။ မိုင်းပွန်စော်ဘွားနယ်
၄။ ကျိုင်းတုံစော်ဘွားနယ်
၅။ မိုင်းပန်မြို့စားနယ်
တို့ကို ဖွဲ့စည်းထားရှိခဲ့သည်။
မိုးဗြဲတပ်ရုံး၏ လက်အောက်တွင်မူ
၁။ မိုးဗြဲစော်ဘွားနယ်
၂။ ညောင်ရွှေစော်ဘွားနယ်
၃။ ရပ်စော်စော်ဘွားနယ်
၄။ မောက်မယ်စော်ဘွားနယ်
၅။ မြေလတ်မြို့စား၊ ငွေခွန်မှူးနယ်များ
စသည်တို့ကို ဖွဲ့စည်းထားရှိခဲ့သည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့တောင်ဘက်နှင့် တောင်ဘက်တွင် လာအို နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တည်ရှိနေသဖြင့် စစ်ရေးဆိုင်ရာကိစ္စများကို အလျင်အမြန် စီမံခန့်ခွဲနိုင်စေရန်နှင့် သီးခြား ထမ်းနယ်တွင် ပါဝင်သည့် စော်ဘွား၊ မြို့စားများ၏ ဗမာမင်းအပေါ် သစ္စာစောင့်သိခြင်း ရှိမရှိကို အမြဲစောင့်ကြည့်ရန် အတွက် ဤတပ်ရုံး(၃)ရုံး ကို ထားရှိခြင်းဖြစ်သည်ဟု သုံးသပ်နိုင်ပါသေးသည်။ ထို့အပြင် The Royal Orders of Burma, A.D.1598-1885, Vol.9ပါ ဖော်ပြချက်များအရ ထိုတပ်ရုံး(၃)ရုံးသည် စော်ဘွား၊ မြို့စားများက သတ်မှတ် ထားသည့် အခွန်အခများနှင့် လက်ဆောင်ပဏ္ဏာများကို ဗမာမင်းထံ ပုံမှန်ဆက်သရန်နှင့် သျှမ်းပြည်ရောက် ဗမာပြည်သားများ၏ တရားရေး ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက်ပါ အာဏာအပ်နှင်းခြင်းခံရသည့် အတွက် ဗမာမင်း၏ သျှမ်းပြည်ဆိုင်ရာ အခွန်ဘဏ္ဍာနှင့် တရားရေးဌာနများဖြစ်သည် ဟူ၍လည်း သုံးသပ်နိုင်ပါ သည်။ ဤတွင် မိုးနဲဗိုလ်မှူးမင်းသားသည် မိုးနဲတပ်ရုံးအပါအဝင် အခြားတပ်ရုံးနှစ်ရုံးကိုပါ စီမံကွပ်ကဲရပြီး စစ်ရေး ဆိုင်ရာကိစ္စများ၊ သီးခြားထမ်းနယ်တွင် ပါဝင်သည့် စော်ဘွား၊ မြို့စားများ၏ သစ္စာခံယူမှုများ၊ အခွန်ဘဏ္ဍာနှင့် တရားရေးဆိုင်ရာကိစ္စများကိုပါ ကိုင်တွယ်ရသည့် ဗမာမင်း၏ သျှမ်းပြည်ဆိုင်ရာ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေး အရာရှိကြီးဖြစ်လာခဲ့ပေသည်။
သို့သော် မိုးနဲဗိုလ်မှူးမင်းသား၏ စစ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအောက်ရှိ ကင်းတပ်စခန်း ထားရှိရာ စော်ဘွား နယ်ဖြစ်စေကာမူ မိုးနဲဗိုလ်မှူးမင်းသားနှင့် ဗမာမင်း၏လွှတ်တော်က တိုက်ရိုက်အမိန့်ထုတ်ပြန်၍ စီမံပိုင်ခွင့်မရှိ သော စော်ဘွားနယ်မှာ ကျိုင်းတုံစော်ဘွားနယ်ဖြစ်သည်။ ထိုစော်ဘွားနယ်သည် တောင်ငူခေတ်ကတည်းက ရှမ်း ကိုးပြည်ထောင်တွင် မပါဝင်ဘဲ အုပ်ချုပ်ရေးအရ သီးခြားရပ်တည်ခဲ့ပြီး ထိုရပ်တည်မှုသည် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်တိုင် တည်မြဲခဲ့သည်။ အဆက်ဆက်သော ဗမာမင်းများက ကျိုင်းတုံနယ်ကို ကျိုင်းရုံးကြီး(ဆစ် ဆောင်ပန္နား)၊ မိုင်းလျဉ်းကြီး(မိန်းလျဲမ်း)တို့နှင့် အဆင့်တူသတ်မှတ်ကာ သီးခြားအဆောင်အယောင်ပေးအပ်ကာ အုပ်ချုပ်စေခဲ့ကြသည်။ ရာဇာပလ္လင်၊ ထီးဖြူ စသည့်မင်းမြှောက်တန်ဆာများနှင်းအပ်ကာ မင်းအဆင့် သတ်မှတ်ခဲ့ သည်ဖြစ်၍ ကျိုင်းတုံစော်ဘွားကို ဗမာမင်းကလွဲ၍ အိမ်ရှေ့မင်း၊ လွှတ်တော်တို့အပါအဝင် မိုးနဲဗိုလ်မှူးမင်းသားတို့ က အမိန့်ပေးပိုင်ခွင့် မရှိခဲ့ကြသည်ကို ဗမာမင်းတို့ လိုက်နာဆောင်ရွက်ရသည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြ သော အင်ရုံစာတမ်းပါ ဖော်ပြချက်များအရ သိရှိနိုင်ပေသည်။
မိုးနဲဗိုလ်မှူးမင်းသား၏ လက်အောက်ရှိ တပ်ရုံးများကို မိုးနဲ၊ သိန္နီနှင့် မိုးဗြဲတွင် ထားရှိသော်လည်း တပ်ရုံး အတွက် အဓိကလိုအပ်သည့် လက်နက်ကိရိယာများကိုမူ မိုးနဲတပ်ရုံးကလွဲ၍ ကျန်သည့်တပ်ရုံးများတွင် မထားရှိ သည်ကို The Royal Orders of Burma, A.D.1598-1885, Vol.9ပါ မိုးနဲတပ်ရုံးဥပဒေတွင် တွေ့ရသည်။ သိန္နီတပ်ရုံး အတွက် ထားရှိရမည့် လက်နက်ကိရိယာများကို သီပေါစော်ဘွားအုပ်ချုပ်ရာ သီပေါမြို့တွင်ထားရှိရန်နှင့် မိုးဗြဲ တပ်ရုံးအတွက် ထားရှိရမည့် လက်နက်ကိရိယာများကို ညောင်ရွှေစော်ဘွားအုပ်ချုပ်ရာ ညောင်ရွှေမြို့တွင် ထားရှိ ရန် အဆိုပါဥပဒေက ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ထိုဥပဒေသည် မင်းတုန်းမင်းလက်ထက်တွင် ထုတ်ပြန်ခြင်း ဖြစ်၍ မင်းတုန်းမင်း၏ မွေးစားသားအဖြစ်ချီးမြှောက်ခြင်းခံရသည့် ညောင်ရွှေစော်ဘွားကြီးစဝ်မောင်နှင့် မင်းတုန်း မင်း၏ ယောက္ခမတော်စပ်သည့် သီပေါစော်ဘွားကြီးစဝ်ကြာခိုင်(စဝ်ခွန်ဆိုင်)တို့အပေါ် ယုံကြည်မှုအားထားမှုကို အခြေခံ၍ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းသည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် သိန္နီစော်ဘွားနယ်သည် ကုန်းဘောင် ခေတ်တွင် မန်ချူးတရုတ်အင်ပါယာထံ သစ္စာခံ၍ ဗမာမင်းအပေါ် ပုန်ကန်ဖူးခြင်း၊ မိုးဗြဲနယ်သည် စစ်လမ်းကြောင်း အရ ဗမာမင်းတို့ လက်လွှတ်လိုက်ရသည့် ဇင်းမယ်(ချင်းမိုင်)နယ်အပါအဝင် ထိုင်းနိုင်ငံတို့နှင့် နီးစပ်ခြင်းနှင့် အင်္ဂလိပ် တို့နှင့် သဘောတူညီထားရသည့် ကရင်နီနယ်နှင့် နီးစပ်ခြင်းတို့ကြောင့် စော်ဘွားများ ရုတ်တရက် ပုန်ကန်လျှင် လက်နက်ကိရိယာများကို ရန်သူတို့ အလွယ် တကူ သိမ်းယူခြင်း မပြုနိုင်အောင် ဥပဒေထုတ်ပြန်၍ စီမံခြင်းဖြစ်သည် ဟု သုံးသပ်ရပေသည်။
ကုန်းဘောင်ခေတ်နှောင်းကာလ၊ သီပေါမင်းလက်ထက်ရောက်သည့်အခါတွင် ခရိုင်နယ်ပေါင်း(၁၀)ခရိုင် ထပ်မံဖွဲ့စည်းရာတွင် ဦးတိုက်ထမ်းသျှမ်းစော်ဘွားနယ်အချို့မှာ အဆိုပါခရိုင်များတွင် အရောရောအနှောနှောဖြင့် ပါဝင်သွားခဲ့သည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၊ ဒုတိယပိုင်းတွင် တွေ့ရသည်။ ဥပမာအားဖြင့်- သတ္တမဌာန၊ ချင်းတွင်းကြောင်းခရိုင်တွင် ကလေးစော်ဘွားနယ်နှင့် သောင်သွပ် စော်ဘွားနယ်တို့ ပါဝင်သွားသကဲ့သို့ နဝမဌာန၊ ရာတနာသိင်္ဃခရိုင်တွင် ဝန်းသိုစော်ဘွားနယ်ပါဝင်သွားရပြီး ဒသမဌာန၊ အညာမြစ်စဉ်ခရိုင်တွင် မိုးမိတ်စော်ဘွား နယ်မှာ ပါဝင်သွားခဲ့ရသည်။ အင်္ဂလိပ်-ဗမာ ဒုတိယကျူးကျော် စစ်အပြီးတွင် ဗမာမင်း၏ အုပ်ချုပ်ရေးနယ်မြေများ သည် ကျဉ်းမြောင်းသွားရသည့်အခါ နယ်မြေဆိုင်ရာဖွဲ့စည်းပုံများမှာလည်း ပြောင်းလဲခဲ့ရပြီး ဗမာမင်း၏ အုပ်ချုပ် ရေးနယ်မြေ ကျယ်ဝန်းနေရေးကို အဓိကထားခြင်း၊ ဗမာမင်း၏ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ၏ အုပ်ချုပ်ရေး နယ်မြေများ ထပ်လာခြင်းမဖြစ်အောင် အခြားနယ်မြေများကိုလည်း ၄င်းတို့လက်အောက်သို့ ပြောင်းလဲထည့်သွင်း အုပ်ချုပ်ခြင်းတို့သည် သျှမ်းစော်ဘွားနယ်များအပေါ် အပြောင်းအလဲနှင့် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်ဟု သုံးသပ် ရပေသည်။ ထိုဆုံးရှုံးမှုများသည် အင်္ဂလိပ်- မြန်မာ တတိယကျူးကျော်စစ်အပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး စနစ် စတင်သည့်အခါ သျှမ်းနယ်များအတွက် များစွာထိခိုက်နစ်နာမှုများကို ဆက်လက်ဖြစ်ပွားစေခဲ့သည်ဟု ဆက်စပ်၍ သုံးသပ်နိုင်ပါသည်။
ဤသို့အားဖြင့် ၁၈၈၆မတိုင်မီကာလတွင် ဗမာမင်းတို့သည် သျှမ်းနယ်များကို ဦးတိုက်ထမ်းနယ်နှင့် သီးခြားထမ်းနယ်ဟူ၍ ခွဲခြားကာ အုပ်ချုပ်ခဲ့သည်။ ဦးတိုက်ထမ်းနယ်သည် သဘာဝသယံဇာတထွက်ရှိမှုကို အရင်းခံ ၍ ဗမာမင်းက တိုက်ရိုက်အုပ်ချုပ်သည်။ သီးခြားထမ်းနယ်သည် စစ်ရေးကဏ္ဍများကို အရင်းခံ၍ မိုးနဲဗိုလ်မှူးမင်း သားဦးဆောင်သည့် တပ်ရုံး(၃)ရုံးဖြင့် တဆင့်ခံ၍ အုပ်ချုပ်သည်။ ကျိုင်းတုံနယ်ကဲ့သို့သော အစဥ်အလာအရ မင်း အဆင့်သတ်မှတ်သည့် စော်ဘွားအုပ်ချုပ်ရာနယ်ကိုမူ ဗမာမင်းကသာ တိုက်ရိုက်ဆင့်ဆိုအုပ်ချုပ်သည်။ ကုန်းဘောင် ခေတ်နှောင်းတွင် ခရိုင်နယ်များဖွဲ့စည်းသည့်အခါ ဦးတိုက်ထမ်းနယ်ပါ သျှမ်းစော်ဘွားနယ်များမှာ ခရိုင်နယ်များ အတွင်း ရောက်ရှိသွားခဲ့ရသည်ဟု ခြုံငုံသုံးသပ်နိုင်ပါသည်။ လာမည့်ဆောင်းပါးတွင်မူ ၁၈၈၆ခုနှစ် နောက်ပိုင်း ကာလ သျှမ်းနယ်များ၏ အုပ်ချုပ်ရေးစနစ်များကို ဆက်လက်ဆွေးနွေးတင်ပြသွားပါမည်။ ။
ကျမ်းကိုး-
၁။ တင်၊ ဦး(ပုဂံဝန်ထောက်မင်း)။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော
အမိန့်တော်တမ်းကြီး(ဒုတိယပိုင်း)။ ၁၉၅၉။ ဗဟိုပုံနှိပ်တိုက်။ ရန်ကုန်မြို့။
၂။ မောင်မောင်တင်၊ ဦး(ကျက်သရေဆောင် ရွှေစလွယ်ရ ဝန်ထောက်မင်း)။ ကုန်းဘောင်ဆက် ရာဇဝင်
တော်ကြီး(ဒုတိယတွဲ)။ ၂၀၀၄။ တက္ကသိုလ်များသမိုင်းသုတေသန ဦးစီးဌာန။ ရန်ကုန်မြို့။
၃။ မောင်မောင်တင်၊ ဦး(ကျက်သရေဆောင် ရွှေစလွယ်ရ ဝန်ထောက်မင်း)။ ကုန်းဘောင်ဆက် ရာဇဝင်
တော်ကြီး(တတိယတွဲ)။ ၂၀၀၄။ တက္ကသိုလ်များသမိုင်းသုတေသန ဦးစီးဌာန။ ရန်ကုန်မြို့။
၄။ သီရိဥဇနာ၊ ဝန်ကြီး(အင်ရုံရွာစား)။ လောကဗျူဟာကျမ်း(အင်ရုံစာတမ်း)။ ၁၉၆၈။ ဗဟိုပုံနှိပ်တိုက်။
ရန်ကုန်မြို့။
5. Than Tun, The Royal Orders of Burma, A.D.1751-1781,Vol9., Kyoto, The Center for Southeast Asian Studies(CSEAS),Kyoto University,1983.