ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီအပါအ၀င် လက်နက်ကိုင် တပ်ဖွဲ့များမှ သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရာဇ၀တ်မှုများနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်မှုရှိနေကြောင်း သျှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းများက ဇူလိုင်လ(၂၀)ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ကြေငြာ ခဲ့ကြောင်း သိရပါသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၀င်များမှ စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင် သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်အထိ သုံးပတ်တာကာလအတွင်း မြို့နယ်(၇)မြို့နယ်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုအပါအ၀င် တိုက်ပွဲများကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် သျှမ်းလူငယ်အရပ်ဖက် အဖွဲ့အစည်းများ ကောက်ယူရရှိသော စာရင်းများအရ အရပ်သား ၁၄၁ ဦးသေဆုံးခဲ့ပြီး ၁၀၀ ဦး ထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကိုင်တပ်များမရှိသည့် အရပ်သားနေရာများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၄ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်းမှာ ပိုမိုတိုးချဲ့လုပ်ဆောင်လာခဲ့ပြီး တိုက်ပွဲ တစ်စုံတစ်ရာမရှိတဲ့ သိန္နီမြို့ကို (၄)ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ကာ လားရှိုးမြို့ပေါ်တွင်လည်း နေ့စဥ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပိုင် အဆောက်အဦး အများအပြားပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားပါသည်။
သျှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းများ လက်ခံရရှိထားသော စာရင်းများအရ လားရှိုးမြို့မှ ထွက်ခွာလာသော စစ်ရှောင်ပြည်သူ အမျိုးသားလူငယ် (၆)ဦးသည် MNDAAတပ်ဖွဲ့၏ အဓမ္မစစ်သား စုဆောင်းခြင်းကို ခံခဲ့ရပြီး စစ်ရှောင်ပြည်သူများ၏ မော်တော်ယာဥ်များကို သိမ်းယူမှုများလည်း ရှိနေကြောင်း၊ ၁၀၂၇ ပထမပိုင်းတွင်လည်း ပြည်သူများသည် အလားတူဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး အနည်းဆုံးပြည်သူ (၅၀၀) ထက်မနည်းစစ်သား စုဆောင်းခံခဲ့ရကြောင်း သျှမ်းလူငယ်အရပ်ဖက် အဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရသည်။
ထို့အပြင် သျှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုချက်(၄)ချက် တောင်းဆိုထားပါသည်။ ၎င်းမှာ
၁။ ပြည်သူလူထုအပေါ် စစ်ရာဇ၀တ်မှုများကျူးလွန်နေသော စစ်ကောင်စီကိုပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
၂။ သက်ဆိုင်ရာ သျှမ်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ရရာနည်းလမ်းဖြင့် အတိဒုက္ခရောက်နေသော ပြည်သူလူထုကိုကာကွယ် ပေးရန်တောင်းဆိုသည်။
၃။ မိမိတို့သည် စစ်အာဏာရှင်စနစ်ကျဆုံးရေးကို လိုလားကျသူများဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်းနေ ပြည်သူလူထုမှာလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါ၀င်ခဲ့ကြသူ များဖြစ်သည့် အားလျော်စွာ လက်နက်ကိုင်တပ်ဖွဲ့များကို စိတ်မပျက်ဘဲ ဆက်လက် ထောက်ခံရန် လိုပါသည်။ တော်လှန်ရေး ဟူသည်မှာ ပြည်သူလူထုဘ၀ ပိုမိုကောင်းမွန်ရေးအတွက် လုပ်ဆောင်ရခြင်း ဖြစ်ရာ လူထုကိုစတေးသော ၊စစ်အာဏာရှင်တို့နှင့် အလားတူသော လုပ်ရပ်များဖြင့် တော်လှန်ရေး လုပ်ငန်းများကို လုပ်ဆောင်ကြခြင်းမပြုရန် မိမိတိုမှ ရှမ်းပြည်အတွင်း တော်လှန်ရေးလုပ်နေသော အဖွဲ့အစည်းများကိုမေတ္တာရပ်ခံသည်။
၄။ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ သက်ဆိုင်ရာပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် စစ်ဘေးကင်းလွတ်ရာ ဒေသမှ ပြည်သူများအနေဖြင့်လည်း ဒုက္ခရောက်နေသည့် မိမိတို့သျှမ်းပြည်သူလူထုနှင့်အတူ ရပ်တည် ကူညီပေးပါရန် တောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရှိရပါသည်။