ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အွန်လိုင်းငွေလိမ်ဂိုဏ်း စစ်ဘုရင်များကြောင့် မြန်မာစစ်တပ်အပေါ် တရုတ်က စိတ်ရှည်သည်းခံမှု ဘာလို့ လျော့ကျသွားတာလဲ 

အွန်လိုင်းငွေလိမ်ဂိုဏ်း စစ်ဘုရင်များကြောင့် မြန်မာစစ်တပ်အပေါ် တရုတ်က စိတ်ရှည်သည်းခံမှု ဘာလို့ လျော့ကျသွားတာလဲ 

Hsan Loi Editor
23/12/2023
Share:

 

ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်လည်စင်တာများ ခွင့်ပြုထားရာမှ ကောင်းစားလာသည်ကို တရုတ်က နောက်ဆုံး သည်း မခံနိုင်ခဲ့ခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှရှိ အဆင်းရဲဆုံးနိုင်ငံနှင့် အတိဒုက္ခအများဆုံးဟုလူသိများပြီး တရုတ်နိုင်ငံ၏ တောင်ပိုင်းအနောက်ဖက်နယ်စပ်၌ တည်ရှိနေသည်။ ဘေကျင်းတရုတ်ခေါင်းဆောင်များသည် စစ်ကောင်စီ၏ကြောထောက်နောက်ခံအဖြစ် ရာစုနှစ်ချီ၍ ပါးပါးနပ်နပ်ကစားလာခဲ့ကာ စစ်ကောင်စီလိုအပ်သော သံတမန်ရေးရာ၊ စစ်ရေးရာနှင့် စီးပွားရေးကိစ္စများအပြင် ကမ္ဘာ့ကုလသမဂ္ဂ၌ပါ အထောက်အကူပြုပေးခဲ့သည်။ တဖက်တွင်လည်း ၎င်းတရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်ပါ နီးနီးကပ်ကပ် ဆက်ဆံရေးတည်ဆောက်ထားသည်။

 

ဘေကျင်း အနီးကပ်ချည်းကပ်ဆက်ဆံခဲ့သော ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချလိုက်ပြီး အာဏာသိမ်းလိုက်ခြင်းက ဘေကျင်းကို စိတ်ကထိကအောက်ဖြစ်နေစေပြီး ရာစုနှစ်ချီ၍ ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသည့်ပြည်သူများကို အုပ်ချုပ်မင်းလုပ်နေသည့် စစ်ကောင်စိကို တဖန် အထီးကျန်ဆန်အောင် ပြန်လည်အသက်သွင်းလိုက်သည်။

 

စစ်ကောင်စိသည် ပြည်တွင်းစစ်ပုံစံမျိုးစုံနှင့် ရင်ဆိုင်နေရသကဲ့သို့ ဘေကျင်း၏ တရုတ်နိုင်ငံမှ အိန္ဒိယသမုဒ္ဒရာထိ ရည်ရွယ်ထားသည့် အခြေခံအဆောက်အအုံများ၊ စီးပွားရေးအကျိုးစီးပွားနှင့်၊ မဟာဗျုဟာလမ်းကြောင်းတလျှောက် နယ်မြေများကို ပြန်လည်ထိန်းသိမ်းအုပ်ချုပ်နိုင်စေရန် ပြန်လည်ရုန်းကန်နေရသည်။

 

လွန်ခဲ့သည့်လအနည်းငယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းဂဏများပိုမိုတိုးပွားလာခြင်းသည် ဘေကျင်းအတွက် မကြေမနပ်ဖြစ်စေကာ ဒေါသသည် အထွတ်အထိပ်ထိရောက်ရှိသွားစေခဲ့သည်။ တရုတ်နယ်စပ်တလျှောက်ဖြစ်ပျက်နေသည့် ထိုပြဿနာများကို ကိုင်သွယ်ဖြေရှင်းပေးရန် စစ်ကောင်စီအတွက် ဦးစားပေးအလုပ်တခုဖြစ်လာခဲ့သည်။

 

တောတောင်များဖြစ်နေသော နယ်စပ်သည် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများအပြင် တောရိုင်းတိရိစ္ဆာန်များကုန်ကူးခြင်းပါ ဖြစ်ပေါ်နေသည်။ ကိုဗစ်ရောဂါဆိုး ကူးစက်ပြန့်ပွားလာသည့် အချိန်ကစပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်လည်မှု အပေါ် ရင်းနှီးမြုပ်နှံမှုကလည်း တိုးပွားလာလျက်ဖြစ်သည်။

 

အွန်လိုင်းငွေလိမ်ဂိုဏ်းဂဏများ၏ အဆောက်အဦးဝန်းများထဲသို့ သိန်းနှင့်ချီသော တရုတ်နိုင်ငံသားများ ထောင်ခြောက်သဖွယ် ရောက်ရှိလာကြသည်။ ရာဇဝတ်ဂိုဏ်းများ၏ ဖမ်းဆီးချုပ်နှောင်ခံရသည့်အပြင် ခေတ်မီအင်တာနက်နည်းပညာများအသုံးပြုစေ၍ အွန်လိုင်းငွေလိမ်လည်မှုများကို ဖိအားပေး လုပ်ဆောင်စေသည်။ ၎င်းတို့ ထွက်ပြေးလွတ်မြောက်မှုမရှိစေရန်လည်း စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့များက ရာဇဝတ်ဂိုဏ်းများ၏ လုံခြုံရေးအဖြစ် စောင့်ကြည့်ထားကြသည်။

 

အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တားဆီးနှိမ်နှင်းရန် စစ်ကောင်စီကို ဘေကျင်းက တိုက်တွန်းခဲ့သော်လည်း အောင်မြင်မှုသိပ်မရှိသည်ကို တွေ့ရသည်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲံ၏ ၁၀၂၇ စစ်ကောင်စီအပေါ် ထိုးစစ်ဆင်နွဲစဉ် အောက်တိုဘာလ နှောင်းပိုင်းက စတင်ပြီး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် စစ်ကောင်စီ၏သျှမ်းပြည်မြောက်ပိုင်း စစ်စခန်းများ၊ မြို့နယ်များနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိသည့် နယ်စပ်တလျှောက်နေရာများကို စီးနှင်းခဲ့ရာက ငွေလိမ်ဂိုဏ်းအဆောက်အဦးများ ဝန်းများအတွင်းက သူအတော်များများ လွတ်မြောက်သွားနိုင်ခဲ့သည်။

 

လူကုန်ကူးခံရသည့်သူအများအပြားနှင့် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များကို တရုတ်ပြည်သို့ ဖမ်းဆီးပေးပို့လိုက်ပြီးဖြစ်ကြောင်း တရုတ်အာဏာပိုင်များနှင့် စစ်ပွဲနိုင် မဟာမိတ်အဖွဲ့များကဆိုသည်။

 

စစ်ကောင်စီကြောထောက်နောက်ခံ ရွေးချယ်ခန့်အပ်ထားသည့် ကိုးကန့်ခေါင်းဆောင်နှင့် မိသားစုကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

“ တရုတ်နိုင်ငံသားတွေကို သားကောင်အဖြစ်ပစ်မှတ်ထားလာတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကိုစတင်နှိမ်နှင်းဖို့ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်တပ်ကို အဆုံးစွန်ဖိအားပေးလိုက်တဲ့သဘောပါပဲ” ဟု ဂျေဆန် တာဝါ USIP မြန်မာပြည်ဒါရိုက်တာက စီအန်အန်သတင်းဌာနသို့ ဖြေကြားထားသည်။

 

ဘေဂျင်းသည် လွန်ခဲ့သောအပါတ်က စစ်ကောင်စီကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် အပစ်ခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးခဲ့သည်။

 

နယ်စပ်တလျှောက် စစ်ကောင်စီကြောထောက်နောက်ခံပြုထားသည့် ရာဇဝတ်မှုများကျဆင်းသွားသောကြောင့်ဘေဂျင်းအစိုးရ၏အခန်းကဏ္ဍ အထောက်အပံ့သည် တန်ဖိုးကြီးမားလှပါသည်။

 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကတော့ စစ်ကောင်စီအဖွဲ့ဝင်များ လက်နက်ချအညံ့ခံသည့် ရုပ်သံများကို ထုတ်ဖော်ပြသသည်။

 

နည်းပညာအထောက်အပံ့

 

စစ်ကောင်စီက အွန်လိုင်းငွေလိမ်ဂိုဏ်းဂဏများအပေါ် မကိုင်တွယ်ခြင်းသည် တရုတ်အစိုးရအတွက် ကြီးမားသော စိတ်ဆိုးဒေါသထွက်စေခဲ့သည့်အပြင် ၁၀၂၇ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးကလည်း ဆုံးရူံးမှုမရှိခဲ့ပါ။

 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးတွဲစစ်ဆင်ရေးသည် အဓိကအားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းဂဏများကို နှိမ်နှင်းမောင်းထုတ်ရေး အဓိကဖြစ်သည်။

 

မဟာမိတ်သုံးဖွဲ့သည် စစ်အာဏာရှင်စနစ်ကိုသာ ဖြုတ်ချနိုင်လောက်သည့် စွမ်းဆောင်ရေကို ပြသနိုင်ခဲ့သည်သာမက တရုတ်-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများနှင့် ငွေကြေးထောက်ပဲံ့သူများကိုပါ အမြစ်ပြတ်အောင် ရှင်းလင်းပြစ်နိုင်ခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

 

တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားနေသည့် အွန်လိုင်း ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရက စစ်ကောင်စီကို မေလကတည်းက သတိပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကွင်ဂန် နေပြည်တော်သို့ရောက်လာပြီး စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံကတည်းကဖြစ်သည်။

 

“ဒီကိစ္စကြီးကို စစ်ကောင်စီက အလေးမထားပဲ မကြားချင်ယောင်ဆောင် ပေါ့ပေါ့တန်တန်သဘောထားလိုက်တာ အွန်လိုင်းရာဇဝတ်မှုက ပိုပိုတိုးလာတယ်။ ကျနော့်အမြင်အရ မထူးတော့တဲ့အဆုံး ၁၀၂၇ စစ်ဆင်ရေးကို အထောက်အပံ့ပေးလိုက်တာပဲ” ဟု ဂျေဆန် တာဝါက စီအန်အန်သတင်းဌာနကို ပြောပါသည်။

 

ယခုနှစ်ကာလအတွင်း တရုတ်အာဏာပိုင်များက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကို စစ်ရေးပဋိပက္ခတွေလျော့ချပြီး စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းကြရန် တိုက်တွန်းခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအချို့လည်းရှိခဲ့ကြောင်း ဂျေဆန် တာဝါက ပြောသည်။

 

“ အောက်တိုဘာလနောက်ပိုင်း ပြောင်းလဲသွားပါတယ်။ စစ်ကောင်စီကို တရုတ်က စိတ်ကထိကအောက်ဖြစ်သွားလို့ အဲ့လိုဖိအားတွေဖြစ်သွားတယ်။ အဲ့ဖိအားကြောင့်မလို့ပဲ ၁၀၂၇ စစ်ဆင်ရေးဖြစ်လာတယ်လို့ပဲမြင်ပါတယ်” ဟု ၎င်း၏သုံးသပ်ချက်ကို ဆက်ပြောပါသည်။

 

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်အုပ်ချုပ်ထားသည့် ဟန် တရုတ်မျိုးနွယ်စုများနေထိုင်သည့် ကိုးကန့်ဒေသသည် အွန်လိုင်းရာဇဝတ်ဂိုဏ်းများအတွက် အဓိကနေရာဖြစ်သည်။ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၂၀၀၉ ခုနှစ်၌ MNDAA ကိုးကန့်အဖွဲ့ကို တိုက်ထုတ်ခဲ့ပြီး ၎င်း၏ကိုးကန့်နယ်ခြားစောင့်တပ်ဖြင့် အုပ်ချုပ်စေခဲ့သည်။

 

ကိုးကန့်ဒေသ နယ်မြေပြန်လည်ရရှိရေးအတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် MNDAA သည် အဓိကဦးဆောင်သည့် တရုတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။

 

ကျွမ်းကျင်သူများ၏အဆိုအရ ယူနန်ပြည်နယ်၏တဖက်ကမ်း လောက်ကိုင်ဒေသ၌ဖြစ်ပျက်ခဲ့သော ငွေလိမ်လည်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် ရွန်းလက်တောက်ပသော ကာစီနိုမြို့တော်အဖြစ်ကတဆင့် တရားဥပဒေကင်းမဲ့ စည်းလွတ်ဘောင်လွတ်ရာ အွန်လိုင်းငွေလိမ်လည်သည့်နေရာတခုအဖြစ် စီးဆင်းသွားခဲ့သည်။ ဘေဂျင်းအတွက်လည်း စမ်းသပ်ခံတခုဖြစ်ခဲ့သည်။

 

အောက်တိုဘာလ ၂၀ ရက်နေ့ ဒေသတွင်းမီဒီယာအချို့၏ဖော်ထုတ်ချက်အရ အဆိုပါ အွန်လိုင်းငွေလိမ်စင်တာများက ထွက်ပြေးရန်ကြိုးပမ်းကြသည့် တရုတ်လူမျိုးများကို လောက်ကိုင်ရှိ လုံခြုံရေးဝန်ထမ်းအချို့က ပစ်သစ်ခဲ့သည်။ ထိုအဖြစ်အပျက်များသည် မကြာမီအချိန်အတွင်း လူမှုကွန်ယက်ပေါ်သို့ ပြန့်နှံ့သွားခဲ့သည်။

 

ယခင် ဂလိုဘယ်လ်တိုင်းမ်သတင်းစာ အက်ဒီတာ ဟူ ဇီကျင် စွပ်စွဲဖော်ထုတ်ချက်အရ အသတ်ခံရသောတရားခံများ၌ တရုတ်ရဲတပ်ဖွဲ့ဝင် ၄ ဦးပါ အသတ်ခံရကြောင်း ထုတ်ဖော်ခဲ့သည်။

 

တရုတ်နိုင်ငံတော်ပိုင် မီဒီယာအဆိုအရ တိုက်ဂါးဝီလာ လောင်းကစားရုံ ရှိသည့်အဆောက်အအုံဝန်းကြီးကို စစ်ကောင်စီဘက်တော်သား ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ Ming Xuechange က ပိုင်ဆိုင်သည်ဟုဆိုသည်။

 

“ ဒီ ၁၀၂၇ စစ်ဆင်ရေးဟာ ဒါ နောက်ဆုံးပဲနော်လို့ တရုတ်က အနည်းနဲ့အများ မီးစိမ်းပြလိုက်တဲ့သဘော ဖြစ်ပါတယ်” ဟု တာဝါက ပြောပါသည်။

 

၁၀၂၇ စစ်ဆင်ရေး ၄ ရက်မြောက်ရက်တွင် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး နေပြည်တော်သို့ ရောက်လာခဲ့သည်။ အွန်လိုင်းဆိုဒ်ဘာငွေလိမ်လည်နေသည့်ကိစ္စများနှင့် လောင်းကစားများကို နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့များ ပူးတွဲနှိမ်နှင်းရေးတိုးမြင့်ရန် တရုတ်ရဲတပ်ဖွဲ့အကြီးအကဲက စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို အစည်းအဝေး၌ ပြောကြားခဲ့သည်။

 

နိုဝင်ဘာလလယ်တွင် တရုတ်ရဲတပ်ဖွဲ့က လောက်ကိုင်နယ်ခြားစောင့်တပ်အကြီးအကဲ Ming နှင့် မိသားစုဝင်သုံးဦး (၎င်း၏သားအပါအဝင်) ကို ဖမ်းဆီးဝရမ်းထုတ်လိုက်သည်။ တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထား၍ အွန်လိုင်းငွေလိမ်သည့်လုပ်ရပ်များ လုပ်ဆောင်နေခြင်း၊ အဆိုပါလုပ်ငန်းများကိုကာကွယ်ရန် လက်နက်ကိုင်ဆောင်ထားခြင်း စသည့်အကြောင်းအရင်းများဖြင့် ဖမ်းဆီးလိုက်သည်။

 

တရုတ်နိုင်ငံပိုင်မီဒီယာ စီစီတီဗီအရ ၎င်းဝရမ်းပြေး ၃ ဦးအား ရက်ပိုင်းအတွင်းဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ လွဲပြောင်းပေးအပ်ခဲ့ချိန် Ming သည် အဖမ်းဆီးမခံရမီအချိန်တခုအတွင်း ၎င်းကိုယ်ကိုယ် အဆုံးစီရင်သွားသည်။

 

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအရ စက်တင်ဘာလကစတင်၍ ၂ နိုင်ငံအာဏာပိုင်များပူးတွဲ၍ အွန်လိုင်းငွေလိမ်သည့်လုပ်ရပ်များနေရာများကို လိုက်လံဖမ်းဆီးရာ နိုဝင်ဘာလ နှောင်းပိုင်းထိ တရုတ်နိုင်ငံသို့ တရားခံ ၃၁၀၀၀ လွဲပြောင်းပေးပို့ခဲ့သည်။

 

အိုင်စီဂျီ အကြီးတန်းအကြံပေးအရာရှိ ရိတ်ချက် ဟော်စီက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းရေးကိစ္စထက် အွန်လိုင်းငွေလိမ်လည့် လုပ်ငန်းများကို အချိန်တိုကာလအတွင်း ဦးစားပေးတခုအနေဖြင့် နှိမ်နှင်းခဲ့သည်ကို တွေ့ရသည်ဟု ပြောသည်။

 

“ နယ်စပ်တလျှောက် မတည်မငြိမ်ဖြစ်တာတွေ ပဋိပက္ခဖြစ်တာတွေဟာ အွန်လိုင်းငွေလိမ်စင်တာတွေပိတ်ပင်တားဆီးဖို့ အချိန်တိုကာလတခုပဲဖြစ်ပါလိမ့်မယ်လို့ တရုတ်က တွက်ချက်ထားပုံရပါတယ်၊ ဒီကိစ္စက လိုတာထက်ပိုကြာသွားဖို့ ပိုမိုပြန့်နှံ့သွားဖို့မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ ထင်ပါတယ်” ဟု သူကပြောသည်။

 

ငြိမ်းချမ်းရေး

 

အများပြည်သူရှေ့တွင်မူ တရုတ်က ပဋိပက္ခများမကြီးထွားလာစေရန် လျော့ချရန် တိုက်တွန်းပြသသည်။ ဘေဂျင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် ကြာတာပတေးနေ့တွင် ယာယီ အပစ်ခတ်ရပ်စဲရေးကြေငြာလိုက်သကဲ့သို့ စစ်ရေးပဋိပက္ခအဆုံးသတ်ရေးအတွက် မဆုတ်မနှစ် ကြိုးပမ်းအားထုတ်ပေးနေကြောင်း ပြောသည်။

 

သို့သော်လည်း တကယ့်လက်တွေ့တွင် တရုတ်သည် ကြီးမားသည့်အပေးအယူဖြင့် ယခုလအစောပိုင်းကာလထိ ချည်းကပ်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။

 

ငြိမ်းချမ်းရေးကဏ္ဍထဲတွင် ရုတ်တရက် တရုတ်က ပါဝင်လာခြင်းသည် ဘေဂျင်း၏ တွက်ချက်မှုအပြောင်းအလဲတခုဖြစ်ပါလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောပြန်သည်။ သျှမ်းပြည်အတွင်း မဟာမိတ်အဖွဲ့များ၏တိုက်စစ်သည် ကြီးမားသောအောင်မြင်မှုရယုံသာမက အခြားတော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့ဒေသ၌ တပြိုင်တည်း ထိုးစစ်ဆင်နွဲလိုက်ကြရာ စစ်ကောင်စီ၏ စစ်အင်အားကို ပိုမိုသေးသိမ်သွားအောင် ဖြန့်ကျက်သွားအောင် ဆွဲဆန့်လိုက်သလိုဖြစ်သွားသည်။

 

တရုတ်အာဏာပိုင်များအနေဖြင့် ယခုစစ်ဆင်ရေးကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အကျိုးဖြစ်ထွန်းစေသော စီးပွားရေးကုန်သွယ်မှုကို ထိခိုက်နှစ်နာမှု ရှိစေလိုမည်မဟုတ်ပါ။ ထို့အတူ တနိုင်ငံလုံး ဂယက်ရိုက်သွားစေပြီး ယခင်ကမကြုံဖူးသေးသော စစ်ကောင်စီစစ်စခန်း ရာချီ နလံပြန်မထူနိုင်အောင် အတုံးအရုန်း ဆုံးရူံးစေသည့်ပုံလည်း မျှော်လင့်ထားပုံမရဟု ဂျေဆန် တာဝါက ပြောသည်။

 

ဘေဂျင်းအနေနှင့် တရုတ်နိုင်ငံ၏ တောင်ပိုင်းအနောက်ဖက် စီးပွားရေး နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်း၌ အချိန်ကြာမြင့်စွာ ပဋိပက္ခများဖြစ်သွားမည်ကိုလည်း အလွန်အမင်းစိုးရိမ်နေပါသည်။ အထူးသဖြင့် ယူနန်ပြည်နယ် နယ်စပ်၌ဖြစ်သော ယခုပဋိပက္ခသည် တရုတ်စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်သည်။ တရုတ်နိုင်ငံ၏ တောင်ပိုင်း အနောက်ဖက်ပိုင်းဒေသများသည် တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်းမှ ရေနှံနှင့် သဘာဝဓါတ်ငွေ့များကို မှီတည်နေရကြောင်း တာဝါက ဆက်ပြောသည်။

 

ထိုစိုးရိမ်မှုများကိုင်တွယ်ဖြေရှင်းရန် တရုတ်က စစ်ကောင်စီနှင့် မဟာမိတ်သုံးဖွဲ့တို့အကြား ငြိမ်းချမ်းရေးကြားပွဲစားအဖြစ် ဆုံးဖြတ်လိုက်သည်။ ဘေဂျင်း၏အကူအညီသည် တန်ဖိုးကြီးပါသည်။

 

ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်ကောင်စီနှင့် မဟာမိတ်သုံးဖွဲ့တို့အကြား တရုတ်ကကြားနေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က မထုတ်ပြန်ခင် တရက်အလိုတွင် ကိုးကန့် လောက်ကိုင်ဒေသရှိ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို တရုတ်ရဲတပ်ဖွဲ့က အလိုရှိကြောင်း ဝရမ်းထုတ်ပြန်လိုက်ပါသည်။ ငွေလိမ်လည်မှု၊ လူသတ်မှုများနှင့် လူကုန်ကူးမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်လိုက်သည်။

 

ကိုးကန့် လောက်ကိုင်ဒေသရှိ စစ်ကောင်စီ၏ အဓိက နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့အပါအဝင် ြသဇာအာဏာကြီးမားသော ၁၀ ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်သည်။

 

ဝရမ်းထဲ၌ အထင်ပေါ်ဆုံးပုဂ္ဂိုလ်သည် ဘိုင် ဆူးချန် MNDAA ကို စွန့်ခွာသွားပြီး ၂၀၀၉ ခုနှစ်တွင် ကိုးကန့်ဒေသကို ထိန်းချုပ်ရန် မင်းအောင်လိူင်နှင့် ပူးပေါင်းလိုက်သည့်သူ ဖြစ်သည်။

 

ကိုးကန့် လောက်ကိုင်ဒေသရှိ အဆိုပါ ြသဇာအာဏာရှိသူ ၁၀ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် ကျွမ်းကျင်သူများအဆိုအရ လောက်ကိုင်နှင့် ကိုးကန့်ဒေသတခုလုံးကို MNDAA လက်ထဲပြန်အပ်ရန် တရုတ်က စစ်ကောင်စီကို အကြပ်ကိုင်လိုက်သည့် ဗျုဟာတခုဖြစ်သည်။

 

“သူ့လူတွေကို ရုတ်တရက် ဖမ်းဝရမ်းထုတ်လိုက်တော့ စစ်တပ်အတွက် အတော်လေးခက်ခဲသွားတယ်၊ စစ်တပ်အနေနဲ့လည်း ဒီနယ်ခြားစောင့်တပ်အဖွဲ့တွေမရှိပဲနဲ့ သူတို့ ထိန်းနိုင်မှာမဟုတ်ဖူး၊ တရုတ်ကို လွဲပြောင်းပေးလိုက်ရပြန်တော့လဲ ကို့ကန့်ဒေသကို MNDAA နဲ့ မဟာမိတ်တွေရဲ့ လက်ထဲ အညံ့ခံ လွဲပေးလိုက်သလို လျော့ပေးလိုက်ရသလိုဖြစ်သွားပါတယ်” ဟု တာဝါက ဆက်ပြောသည်။

 

“ ကိုးကန့်ဒေသ MNDAA လက်ထဲပြန်ရောက်သွားရင် နောက်ဆုံးငြိမ်းချမ်းသွားနိုင်ပါတယ်” ဟု အိုင်စီဂျီအဖွဲ့က ဟော်စေက ပြောသည်။

 

“ စစ်တပ်အနေနဲ့ အခု တန်ပြန်ထိုးစစ်ဆင်ဖို့ဆိုတာ အကန့်အသတ်ဖြစ်နေပါသေးတယ်၊ ဒါပေမယ့် သူတို့အနေနဲ့ အေးဆေးလဲ ဆုတ်ခွာသွားနိုင်ပါတယ်၊ အများကြီးလည်း လှုပ်ရှားနေကြပါတယ် သို့ပေမယ့် MNDAA က လောက်ကိုင်ကို သွေးထွက်သံယိုမဖြစ်စေပဲ ပြန်လည်သိမ်းပိုက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ဆက်ပြောပါသည်။

 

သို့သော်လည်း ယခုအချိန်သည် ငြိမ်းချမ်းရေးဆွေးနွေးရန် မတည်ငြိမ်သေးပါ။

 

ဗုဒ္ဓဟူးနေ့တွင် မဟာမိတ်သုံးဖွဲ့သည် စစ်အာဏာရှင်စနစ်ကို အမြှစ်ဖြုတ်ရန် ကတိပေးလိုက်ရုံမက စစ်ကောင်စိနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ပင် ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။

 

သျှမ်းပြည်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါသည်။ တရုတ်ဘေဂျင်းအစိုးရက ယာယီအပစ်ခတ်ရပ်စဲကြောင်း ကြေညာသည်မှာ ၁ ရက်သာရှိသေးချိန် လွန်ခဲ့သော သောကြာနေ့၌ မဟာမိတ်သုံးဖွဲ့အဖွဲ့ဝင် TNLA က နမ့်ဆန်မြို့ကိုသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း အေအပ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

 

မြန်မာဒီမိုကရေစီအတိုက်အခံ အင်အားစုများ စစ်မြေပြင်၌အသာစီးရလာ၊ သို့သော် အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးမှုလိုအပ်နေ

 

လက်ရှိတော်လှန်ရေးအင်အားစုများ၏ တိုက်စစ်အောင်မြင်မှုသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လပေါင်းများစွာ အချိန်ယူပြီး ကြိုတင်ပြင်ဆင်ခဲ့ကြရခြင်းဖြစ်သည်။ အရေးပါသောအရာသည် ယခုအကြိမ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နည်းပညာပိုင်း ပူးပေါင်းပါဝင်တိုက်ခိုက်မှုဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ စစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ဒရုန်း တိုက်ခိုက်ရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း နယူးယောက်တိုင်းမ်၌ ဖော်ပြခဲ့သည်။

 

တရုတ်နိုင်ငံသည် တော်လှန်ရေးအင်အားစုများစည်းလုံးညီညွတ်ရေးအတွက် ချိန်းခြောက်မှုတခုဖြစ်၍ အမေရိကန်ပြည်ထောင်စု၏ ပိုမိုပါဝင်မှုသည် အရေးပါလှသည်။ ဘေဂျင်းသည် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့်ပါတ်သက်၍ စစ်ကောင်စီနှင့် အစည်းကပ်သကဲ့သို့ နယ်စပ်တလျှောက်တော်လှန်ရေးအင်အားစုများကို လွမ်းမိုးဆုပ်ကိုင်ထားသဖြင့် နှစ်ဖက်ခွထားပါသည်။

 

ဘေဂျင်းသည် တရုတ်နိုင်ငံတောင်ပိုင်းအနောက်ဖက်မှ အိန္ဒိယသမုဒ္ဒရာထိ ဆက်သွယ်မည့် ဒေါ်လာဘီလျံပေါင်းများစွာအကုန်ကျခံ စီးပွားရေးစင်္ကြလမ်းကြောင်းတလျှောက်၊ နယ်စပ်ကုန်သွယ်ရေးလမ်းတကြောလုံးအတွက် ဘေးကင်းလုံခြုံမှုရှိရေး၊ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းလိုပါသည်။

 

တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင် တိုက်စစ်အောင်မြင်မှုကြောင့် တရုတ်နိုင်ငံသည် စစ်တပ်နှင့် ယခင်နှစ်များက ခြေလှမ်းတိုး ပူးပေါင်းမှုကို စိုးရိမ်ပူပန်လာပုံရသည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဘားမားအက်ဖြင့် ဒီမိုကရေစီအင်အားစုများကို ပံ့ပိုးရန် ယမန်နှစ်ကတည်းက ဆုံးဖြတ်ပြဌာန်းထားပြီးဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုများ ကို ပံ့ပိုးရေး၊ လူ့အခွင့်အရေးချိုးဖောက်၍ အာဏာသိမ်းလိုက်သော စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ရေး၊ ဒီမိုကရေစီအင်အားစုများကို စစ်ရေးဆိုင်ရာမဟုတ်သော အကူအညီများ ပံ့ပိုးရေးနှင့် ကွန်ကယက်မှတဆင့် လိုအပ်သောဘဏ္ဍာငွေများ ထောက်ပံ့ရေးကိစ္စများ ပါဝင်သည်။ သို့သော်လည်း ၎င်းဖြစ်စဉ်များသည် မျော်မှန်းထားသထက် နှောင့်နှေးကြန့်ကြာနေ ၍ စိတ်ပျက်ဖို့ ကောင်းပါသည်။

 

ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့၏နယ်စပ်မှ အထောက်အပံ့များ ပိုမိုပေးပို့ဖြတ်သန်းခွင့်ပြုပါက ဘာမားအက်ကတိကဝတ်အတိုင်း ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများ၏ အောင်မြင်မှုကို ဝါရှင်တန် တွေ့မြင်ရပါလိမ့်မည်။ မြန်မာစစ်တပ်သည် မြန်မာနိုင်ငံအတွက် တည်ငြိမ်အေးချမ်းသွားစေမည့်သူမဟုတ်သလို၊ တော်လှန်ရေးအင်အားစုများ၏ အောင်မြင်မှုကို အားပေးရန် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအား နားချသင့်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒီမိုကရေစီအင်အားစုများအတွက် အရေးပါသော ဘဏ္ဍာရေးထောက်ပံ့မှုပေးခြင်း၊ ဒီမိုကရေစီအင်အားစုများအကြား နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြစ်လာစေရန် ကူညီပံ့ပိုးသင့်သည်။ ယင်းမှ အနာဂတ်အစိုးရတရပ်အတွက် လက်ခံနိုင်ဖွယ် နိုင်ငံရေးမူဘောင်တရပ်ထွက်ပေါ်လာစေရန် ပံ့ပိုးသင့်သည်။

 

အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်အရေးကိစ္စကို အလေးအနက်ထားပါက မြန်မာဒီမိုကရေစီအင်အားစုများ၏ ခုခံအောင်မြင်မှုကို ပံ့ပိုးပေးနိုင်သမျှပံ့ပိုးပေးခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်မည်သာမက အမေရိပြည်ထောင်စုအကျိုးစီးပွားအတွက်လည်း ဖြစ်ထွန်းမည်။

 

Ref:

https://edition.cnn.com/2023/12/19/china/myanmar-conflict-china-scam-centers-analysis-intl-hnk/index.html