ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့-လားရှိုး-မူဆယ်အထိ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ၏ အခွန်အခများကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုကြပ်တည်းလာလျက်ရှိပြီး လုပ်ကိုင်စားသောက်ရန်ပင် ခက်ခဲလာသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း တစ်ကြောလုံး စစ်တလင်းဖြစ်ခဲ့ရသလို ယနေ့အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မစတင်နိုင်သေးပါ။
နောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးသဘောတူနိုင်ခဲ့ပြီး တိုက်ပွဲများလည်း ယာယီရပ်နားထားသည့် အနေအထားသို့ဖြစ်လာသည်။ သို့သော် စစ်ပွဲကြောင့် လမ်းတံတားများပျက်စီးနေပြီဖြစ်သလို ယာယီတံတားများတွင် ဖြတ်သန်းခ အဆမတန်များပြားလာမှုကြောင့် ခရီးသွားလာရန် ပိုမိုခက်ခဲလာသည်။
“အခုဆိုရင် နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုးလမ်းက ပုံမှန်အတိုင်းသွားလို့မရတော့လို့ နောင်ချို-ကျောက်ဂူ-နမ့်လန်-လားရှိုးကနေ ပတ်ပြီးသွားရတယ်။ လမ်းမှာလည်း ရွာတိုင်းနီးပါး စစ်ကောင်စီတပ်အပြင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက စောင့်ပြီးစစ်တယ်။ ပြီးတော့ လမ်းကြေးဆိုပြီး စစ်ဆေးတဲ့နေရာတိုင်းပေးရတယ်။ နောင်ချိုကနေ – လားရှိုးအရောက်ဆိုရင် အနည်းဆုံးမပေးရရင် (၅)သောင်းကနေ တစ်သိန်းက လမ်းကြေးနဲ့တင်ကုန်တယ်။ ပြီးရင် တံတားတွေကျိုးနေတော့ ယာယီတံတားဖြတ်သန်းခ စဉ့်အင်တံတားဆိုရင် ကားတစ်စီးကို (၂၅၀၀၀) ပေးရတယ်။ ပြီးတော့ တောလမ်းကနေဖြတ်ပြီးသွားရင် တာလုံကူးတို့ခ ကားတစ်စီးကို(၂၅၀၀၀)ပေးရတယ်။” ဟု အဝေးပြေးခရီးသည်တင်ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောပြသည်။
ဒါ့အပြင် ကျေးရွာအတွင်းရှိသော အိမ်စီးကားများ၊ လုပ်ငန်းသုံးယာဉ်များနှင့် အခြားအခွန်အခများလည်း အဆက်မပြတ်ကောက်ခံလာခြင်းကြောင့် မိဘပြည်သူများ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရကြောင်း သိရသည်။
“ရွာထဲမှာ ပြောင်းဖူးတင်တဲ့ကားတွေ၊ ကြံတင်တဲ့ကားတွေကို တစ်စီး(၄)သိန်းကနေ (၁၀)သိန်းအထိ အခွန်ဆောင်ရတာတွေရှိတယ်။ ပြီးရင်အဲ့ဒါနဲ့ပြီးသလားဆိုရင်လည်း မပြီးဘူး။ လမ်းမှာတားပြီးတောင်းတာတွေကရှိသေးတယ်။ ပွဲစားတွေကို အခွန်တွေအများကြီးတောင်းတော့ ပွဲစားတွေကလည်း ဒေသထွက်ကုန်တွေရဲ့ စေ◌ျးနှုန်းကို ပုံမှန်ထက်လျှော့ပြီးဝယ်ရတယ်။ အရင်က ပြောင်းဖူးတစ်ပိဿာကို (၁၀၀၀) ကျပ်နီးပါးအထိစေ◌ျးရှိပေမယ့် အခုဆိုရင် (၉၀၀)ကျပ်တောင် ပေးမဝယ်ချင်ကြတော့ဘူး။ ကြံတင်တဲ့ကားတွေဆိုရင်လည်း အရင်က ကြံတစ်တန်ပို့ခ (၂၅၀၀၀)ကနေ (၃၀၀၀၀)အထိ ပဲရှိပေမယ့် အခုဆိုရင် (၃၅၀၀၀၀)အထိဖြစ်နေပြီ။ တောင်သူတွေအတွက် ဘာမှကိုမကျန်တော့ဘူး။”ဟု သီပေါမြို့နယ်ရှိ ကြံစိုက်တောင်သူတစ်ဦးကလည်း ပြောပြသည်။
ယခုလို အခွန်အခများအား စစ်ကောင်စီအဖွဲ့အပြင် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်ပေါင်းစုံက ကောက်ခံနေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။