ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ရေ အဆမတန် မြင့်တက်လျက်ရှိပြီး ၁၉၉၂ ခုနှစ်က စံချိန်တင်မြင့်တက်ခဲ့သော အမြင့်ဆုံးရေမှတ်ထက် (၃)ပေကျော်လွန်နေပြီဖြစ်သည်ဟု သိရသည်။ အင်းလေးကန်ရေပြင် အဆမတန် ဆက်လက်မြင့်တက်နေဆဲဖြစ်သောကြောင့် အင်းလေးရေပြင်ရှိ ကျေးရွာ(၂၀၀)နီးပါး နစ်မြုပ်နေကာ ညောင်ရွှေမြို့တွင်းအထိ ရေများဝင်ရောက်လာနေသည်။
“ရေက နေ့တိုင်းဆက်တိုက်တက်နေတော့ တစ်ထပ်အိမ်တွေဆိုရင်နေလို့မရတော့လို့ နှစ်ထပ်အိမ်တွေရဲ့ အပေါ်ထပ်တွေမှ စုနေကြရတယ်။ လျှပ်စစ်မီးလည်းမရ၊ ဖုန်းလိုင်း အင်တာနက်လိုင်းမရ၊ ဈေးလည်းမရှိတော့ စားစရာရော၊ ဆေးဝါးတွေရော အရေးတကြီးလိုအပ်နေတယ်။ ဆန်၊ ဆီ၊ ဆား နဲ့ သောက်ရေသန့်တွေလည်း လိုအပ်နေတယ်။ ပြီးတော့ ဓာတ်ခဲနဲ့ အသုံးပြုလို့ရတဲ့ မီးအိမ်တွေ၊ ဖယောင်းတိုင်တွေလည်း လိုအပ်နေပါတယ်။”ဟု ညောင်ရွှေမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာတစ်နိုင်ငံလုံး ရေဘေးအန္တရာယ် ကြုံတွေ့နေရခြင်းဖြစ်သည်။ အင်းလေးကန်ရေမြင့်တက်မှုနှင့် အခြားဒေသများ ရေကြီးမှုမတူညီသည်မှာ အခြားဒေသများ၌ ရေကြီးလျှင် တစ်ပတ်အတွင်း ရေပြန်ကျနိုင်ပြီး အင်းလေးဒေသအတွင်း ရေကြီးပါက အနည်းဆုံး (၂)လ မှ (၃)လအထိကြာမှ ရေများတဖြည်းဖြည်း ပြန်ကျခြင်းဖြစ်သည်။