ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ဆောက်လက်စအဆောက်အဦများနှင့် အိမ်ကြီးအိမ်ကောင်းများအား အိမ်ခွန်ဟုဆိုကာ TNLA မှ အတင်းဝင်ရောက်ကောက်ခံနေ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ဆောက်လက်စအဆောက်အဦများနှင့် အိမ်ကြီးအိမ်ကောင်းများအား အိမ်ခွန်ဟုဆိုကာ TNLA မှ အတင်းဝင်ရောက်ကောက်ခံနေ

Hsan Loi Editor
22/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဝိန်းလန်းရွာရှိ ဆောက်လက်စအဆောက်အအုံများအား ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့ကစပြီး အိမ်ခွန်ဟုဆိုကာ TNLA အဖွဲ့မှ လိုက်လံကောက်ခံလျက်ရှိသည်ဟု ဆိုသည်။

ဝိန်းလန်းရွာရှိ ဆောက်လက်စ တစ်ထပ်အိမ်ကို ငွေကျပ်(၁) သိန်း၊ နှစ်ထပ်အိမ်ကို ငွေကျပ်(၂)သိန်း၊ (၂)ထပ်ခွဲအိမ်ကို (၅)သိန်းကျပ် အတင်းလိုက်လံကောက်ခံနေကြောင်း သိရသည်။ဒါ့အပြင် ရွာအတွင်း လိုင်းကားပြေးဆွဲသော ကားပိုင်ရှင်များကိုလည်း တစ်စီး(၁)သိန်းကျပ်ကောက်ခံနေသည်ဟု ဒေသခံများက ပြောပြသည်။

“ဆောက်လက်စ အိမ်တွေကို လာကောက်တာပေါ့လေ။ တစ်ထပ်ဆိုရင်တစ်သိန်း၊ (၂) ထပ်ဆိုရင် (၂) သိန်း၊ (၂)ထပ်ခွဲဆိုရင် (၅)သိန်းကျပ်ပေါ့။ ဆောက်ပြီးတဲ့ အိမ်တွေကိုတော့ မကောက်သေးဘူးလို့လည်း ပြောတယ်။ အရင်က ဝိန်းလန်းရွာနားမှာ SSPP အဖွဲ့တွေနေကြတယ်။ အခု TNLA တွေက တောင်ပေါ်ကနေ အင်အားအလုံးအရင်းနဲ့ဆင်းလာတော့ SSPP ကို မမြင်ရတော့ဘူး။ အခုတစ်ပတ်ကတော့ သူတို့တွေ အိမ်ခွန်နဲ့ကားခွန်တွေ စကောက်လာပြီ။” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

ဝိန်းလန်းရွာသည် မူဆယ်မြို့နှင့် မလှမ်းမကမ်းတွင်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး သျှမ်းလူမျိုးအများစု နေထိုင်သော ကျေးရွာတစ်ရွာဖြစ်သည်။

အလားတူ SSPP အဖွဲ့များ အဝင်အထွက်ပြုလုပ်ခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သော မူဆယ်မြို့နယ် ဟိုပေါ့ကျေးရွာတွင်လည်း အိမ်ကြီးအိမ်ကောင်းတစ်ထပ်အိမ်ကို (၁၀) သိန်းကျပ်၊ အိမ်ကြီးအိမ်ကောင်း(၂)ထပ်အိမ်ကို (၂၀) သိန်းကျပ် သတ်မှတ်ကာ TNLA အဖွဲ့မှ ဝင်ရောက်ကောက်ခံနေသည်ဟု သိရသည်။ TNLA အဖွဲ့မှ ယခုလို သျှမ်းလူမျိုးများနေထိုင်သည့် ကျေးရွာများရှိ ပြည်သူလူထုများထံ ငွေကြေးဝင်ရောက်ကောက်ခံနေသည်ကို SSPP အဖွဲ့မှ မည်သည့်တုန့်ပြန်ကာကွယ်မှုမှ ပြုလုပ်ပေးခြင်းမရှိသလို TNLA ဆင်းလာပြီးနောက် SSPP အဖွဲ့မှ ပျောက်ကွယ်သွားကြောင်း ဒေသခံများက ပြောပြသည်။