ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး – ၁၀၂၇ ဖော်ဆောင်ကတည်းက သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားသော လမ်းပန်းဆက်သွယ်ရေးများစွာ ထိခိုက်
ပျက်စီးခဲ့ရပြီး ယနေ့အထိ ပုံမှန်အတိုင်းသွားလာနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
ပုံမှန်သွားလာနိုင်သည့် ကားလမ်းများပိတ်ထားသောကြောင့် တောလမ်းများ ဖြတ်လမ်းများကိုသာ အသုံးပြုသွားလာနေရပြီး လမ်းခရီးကုန်ကျစရိတ်များစွာ အသုံးပြုသွားလာနေရသည်။
လားရှိုးမြို့မှ တောင်ကြီးမြို့ကို ခရီးသွားလိုပါက လားရှိုး-သီပေါ-ကျောက်မဲ-နောင်ပိန်-အထက်ရဲရွာရေအားလျှပ်စစ်ကျောက်ခင်းလမ်းမှသွားရပြီး ထိုမှတဆင့် ကျောက်ဂူအထိသို့ မြေသားလမ်းကိုသာ အသုံးပြုရသည်။ ထိုမှတဆင့် ကျောက်ဂူ-အင်တော-ရပ်စောက် တောင်ကြီးသို့ ခရီးဆက်ရခြင်းဖြစ်သည်။ အခြားသော လမ်းပိုင်းတစ်ခုဖြစ်သည့် လားရှိုး-နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-လွိုင်လင်-မိုင်းပွန်-ဟိုပုံး-တောင်ကြီးလမ်းသည်လည်း ပုံမှန်ဖွင့်လှစ်ပေးခြင်းမရှိဘဲ တခါတလေပိတ်ထားလေ့ရှိသည်ဟုဆိုသည်။
“ အခုလောလောဆယ်တော့ သျှမ်းမြောက်ကနေ တောင်ကြီးသွားတာပဲဖြစ်ဖြစ်၊ မန္တလေးကိုသွားတာပဲဖြစ်ဖြစ် အထက်ရဲရွာလမ်းကနေပဲ သွားနိုင်ကြတယ်။ မြေသားလမ်းဖြစ်လို့ တောထဲမှာ အိပ်ရတဲ့ညတွေရှိသလို ထွန်စက်တွေနဲ့ ကားဆွဲထုတ်ရတာတွေရှိတယ်။ ပြီးတော့ လမ်းမှာလည်း အဖွဲ့ပေါင်းစုံရဲ့ စစ်ဆေးရေးဂိတ်တွေရှိတော့ လမ်းခရီးလည်းမကြာသင့်ပဲကြာရသလို ငွေလည်းပိုကုန်တယ်။” ဟု လားရှိုး-မန္တလေး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
“ ရပ်စောက်-အင်တော-ကျောက်ဂူ လမ်းပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေ အများကြီး ကင်းပုန်းလိုလိုချထားတာတွေရှိတယ်။ ကားနဲ့ဆိုရင် ငါးမိနစ်ခြားတစ်ခါလောက်ကိုတွေ့ရတယ်။ သူတို့အဖွဲ့စောင့်နေတဲ့နေရာတိုင်း ကားရပ်ပေးရသလို နေရာတိုင်းလည်း ငွေပေးရတယ်။ ပြီးတော့ အခြား တိုင်းရင်းသားအဖွဲ့တွေလည်း စောင့်နေတာရှိတော့ အိမ်တစ်စီးကားတစ်စီးအနေနဲ့ တောင်ပိုင်းကနေ မြောက်ပိုင်းအထိဆိုရင် တစ်စီးကို (၇) သောင်းကနေ (၁) သိန်းကြား လမ်းကြေးပေးရတယ်။” ဟု ခရီးသွားတစ်ဦးကလည်း ပြောပြသည်။
လက်ရှိတွင် မန္တလေး-လားရှိုးကားခ တစ်ဦးကို (၄) သိန်းအထိပေးရပြီး တောင်ကြီး-လားရှိုးကားခ (၃) သိန်းအထိပေးရကြောင်း သတင်းရရှိသည်။