သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေးအတွက် ပထမအဆင့် တွေ့ဆုံဆွေးနွေးပွဲနှင့်ပါတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးဆောင်ကော်မတီဝင် စိုင်းလျန်းနှင့် အမေးအဖြေအစီအစဥ်
9 February 2022
Hsan Loi Voice – အခု RCSS က ဆရာတို့ လုပ်တဲ့ပုံစံနဲ့ CSSU က လုပ်မယ့်ပုံစံက ဘယ်လို ကွာမလဲ
စိုင်းလျန်း – CSSU မှာ လုပ်သွားမဲ့ပုံစံက CSSU အဖွဲ့ဝင်အတွင်း RCSS အပါအဝင်ပေါ့ သဘောတူထားတဲ့ ဖက်ဒရယ်နဲ့တန်းတူညီမျှရေးကိုအခြေခံတဲ့သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက်အခြေခံမူတွေကို သျှမ်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နဲ့ လူမှုအဖွဲ့အစည်းတွေကို ချပြသွားဖို့ဖြစ်တယ်။ တကယ်တော့လဲ RCSS တဖွဲ့တည်းလြပ်တာမဟုတ်ပါဘူး RCSS နဲ့ သျှမ်း CBO CSOs များပူးပေါင်းပြီး လုပ်နေတဲ့ process က သျှမ်းပြည်ညီလာခံတရပ်ကျင်းပနိုင်ရေး သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှုတရပ်ပေါ်ပေါက်လာဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲ consultation meeting တွေလုပ်သွားမှာဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲများကနေပြီးတော့ အေးချမ်းစွာအတူတကွယှဥ်တွဲနေထိုင်နိုင်ရေးအတွက် အားလုံးလက်ခံနိုင်တဲ့ငျှမ်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက်လာဖို့အတွက် အကြံအဉာဏ်များ အတွေးအမြင်များကို ရယူစုဆောင်းသွားဖို့ပဲ ဖြစ်တယ်။ ဘာမူမှ သဘောတူညီမှု ရယူမှာမဟုတ်ဘူး။
အဲ့ဒါကြောင့် ဒီဖြစ်စဥ်နှစ်ခုက ဘာကွာလဲဆို CSSU အခင်းအကျင်းက သွားပြီးချပြဖို့ဖြစ်ပြီးတော့ ခုလုပ်နေတဲ့အခင်းအကျင်းက အကြံအဉာဏ်တွေရယူစုဆောင်းဖို့ဖြစ်တယ်။ ဆွေးနွေးမှုပုံသဏ္ဌာန်သာ ကွာသွားမယ် ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ ကွာခြားမှု သိပ်ရှိမှာမဟုတ်ဘူး။
Hsan Loi Voice – အဆင့် ၄ ဆင့် စဥ်းစားထားကြတယ်ဆိုတာ ဘယ်လိုလဲ
စိုင်းလျန်း – အဆင့် ၄ ဆင့်နဲ့လုပ်ဖို့ဆိုတာက ပထမအဆင့်အနေနဲ့ မြို့နယ်အလိုက်သျှမ်းပြည်သူလူထု နဲ့ သျှမ်းလူမှုအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ဒုတိယအဆင့်က သျှမ်းပြည်တွင်းတိုင်းရင်းသားပြည်သူများ နဲ့ လူမှုအဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးပွဲ ဒုတိယအဆင့်ပြီးမှ တတိယအဆင့်မှာ သျှမ်းပြည်တွင်းရှိနိုင်ငံရေးပါတီ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးပွဲတွေပြီးမှ စတုတ္ထအဆင့်ဖြစ်တဲ့ သျှမ်းပြည်ညီလာခံကို ကျင်းပဖို့ဖြစ်ပါတယ်။
Hsan Loi Voice – CSSU နဲ့ ဘယ်အဆင့်လောက်မှာ ဆုံမှာလဲ
စိုင်းလျန်း – အဆင့် ၃ ဒါမှမဟုတ် အဆင့် ၃ အလွန်လောက်မှာ ပြန်ဆုံကြမှာပါ။
Hsan Loi Voice – ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပညာရှင်တွေရဲ့ အခန်းကဏ္ဍက ဘယ်အဆင့်လောက်မှာ ပါလာမလဲ
စိုင်းလျန်း – သူတို့ကတော့ ကျနော်တို့ အားလုံးလက်ခံနိုင်တဲ့အခြေခံမူတွေရလာပြီဆိုမှ အဲ့ဒီအခြေခံမူတွေအပေါ်အခြေခံပြီးဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ရေးဆွဲသွားဖို့ဖြစ်ပါတယ်။
Hsan Loi Voice – လူငယ်နဲ့ အမျိုးသမီးပါဝင်မှုကို ဘယ်လို စဥ်းစားထားလဲ
စိုင်းလျန်း – အဆင့်တိုင်းမှာ ပါဝင်နိုင်ဖို့ ကြိုးစားအားထုတ်သလို ပါဝင်လာနိုင်အောင်လဲ အားပေးအားမြှောက်ပြုတယ် ပါဝင်လာနိုင်အောင်လဲ တိုက်တွန်းနှိုးဆော်သွားမှာပါ။
Hsan Loi Voice – CSSU က တော့ Manifesto-Peaceful Coexistence ဆိုပြီး ထုတ်ပြန်ထားပါတယ် အဲ့မှာ RCSS က ကိုယ်စားလှယ်နာမည်မပါဘူးပေါ့ ဘယ်လိုဖြစ်တာပါလဲ။
စိုင်းလျန်း – ထုတ်ဖို့ကို RCSS အနေနဲ့မကန့်ကွက်ခဲ့ပါဘူး၊ ဒါပေမဲ့ RCSS ရဲ့အမြင်မှာက CSSU ဆိုတဲ့ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းရှိရက်သားနဲ့ သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေရတာ CSSU ဆိုတဲ့အခင်းအကျင်းက အလုပ်ရောဖြစ်သေးရဲ့လား ဒါမှမဟုတ် အလုပ်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့များ လိုနေဦးမလား ဆိုတဲ့ အမြင်နဲ့ ထုတ်ပြန်ဖို့ အချိန်ကိုသာ ခဏတာဆိုင်းငံ့ဖို့တောင်းဆိုခဲ့ပေမဲ့ မဆိုင်းငံ့တော့ပဲ ထုတ်ပြန်လိုသူများက သဘောတူထားတဲ့အတိုင်း ထုတ်ပြန်သွားမယ်ဆိုတာကြောင့်ပဲ ဖြစ်တယ်လို့မြင်ပါတယ်။
Hsan Loi Voice – CSSU က Manifesto-Peaceful Coexistence က တစ်ကယ်အကောင်အထည်ဖော်နိုင်ပါ့မလား ဆရာတို့ ဘယ်လိုမြင်လဲ
စိုင်းလျန်း – ပြောခဲ့သလိုပေါ့ အောင်မြင်အောင်အကောင်အထည်ဖို့ဆိုရင် လောလောဆယ် CSSU အဖွဲ့ဝင်များအကြား ဖြစ်နေတဲ့ပြဿနာတွေ ကြေလည်အောင်ဖြေရှင်းနိုင်မှ အဓိကကတော့ RCSS နဲ့ SSPP ကြားတိုက်ပွဲတွေ ရပ်နိုင်မှ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လောလောလတ်လတ် CSSU အဖွဲ့ဝင်အချင်းချင်းတောင်မှ တိုက်ပွဲတွေဆက်ဖြစ်နေသေးရင် Manifesto-Peaceful Coexistence ကို CSSU က ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဆိုလိုတာက CSSU အတွင်းဖြစ်တဲ့ပြဿနာကိုတောင် ပြေလည်အောင်မဖြေရှင်းနိုင်ပဲ သူ့ရဲ့ပြင်ပငြိမ်းချမ်းမှုကို ဘယ်လိုဖော်ဆောင်နိုင်မလဲ ဆိုတာက မေးခွန်းကြီးဖြစ်နေမှာမို့ပါ။
Hsan Loi Voice – တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်ကိုင်လမ်းစဥ်နဲ့ဘဲ ဖြေရှင်းရင် ဆရာတို့ ဘယ်လိုလုပ်ကြမလဲ
စိုင်းလျန်း – RCSS ရဲ့အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာတာဟာ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရဖြေရှင်းခွင့်မရခဲ့ကြလို့ လက်နက်ကိုင်ပြီးတော်လှန်ခဲ့ကြတာဖြစ်တယ်။ လက်နက်ကိုင်ပြီးမှ နိုင်ငံရေးတောင်းဆိုမှု ရှိခဲ့တာမဟုတ်ပါဘူး၊ ဒီသဘောပဲ ဒီနေ့ကျနော်တို့အချင်းချင်းကြားဖြစ်နေတဲ့တိုက်ပွဲတွေက ဆွေးနွေးမှုအတွက်ဆွေးနွေးနိုင်တဲ့အခွင့်အရေးရှိရက်သားနဲ့ ဒါမှမဟုတ် ဆွေးနွေးအဖြေရှာသင့်ရက်သားနဲ့ တွေ့ဆုံဆွေးနွေးရေးကို ဦမတည်ပဲ စစ်ရေးအရကြိုးစားဖြေရှင်းတိုက်ခိုက်လာလို့သာ RCSS အနေနဲ့ မိမိကိုယ်ကိုမိမိကာကွယ်နဲ့သဘောနဲ့သာ ခုခံစစ်ဆင်နွဲနေတာဖြစ်ပါတယ်။ တဘက်က ဆွေးနွေးအဖြေရှာဖို့အသင့်ဆို RCSS ဘက်ကလည်း ဆွေးနွေးဖို့ အမြဲအသင့်ပါ ဒါပေမဲ့ အဲ့လိုမဟုတ်ပဲ စစ်ရေးအရသာ ဖြေရှင်းလိုတယ်ဆိုလဲ ရွေးစရာလမ်းမရှိပဲ ခုခံစစ်အနေနဲ့ခုခံကာကွယ်ဆင်နွဲသွားရမှာပါ။ ကျနော်ယုံကြည်တာကတော့ ခု ဖြစ်နေတဲ့တိုက်ပွဲဟာ ကျနော်တို့အချင်းချင်းကြား နားလည်မှုလွဲမှားလို့ ဖြစ်နေရတယ်လို့ပဲ မြင်ပါတယ် တကယ်လို့ နားလည်နိုင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာမယ် ရှိလာမယ်ဆိုရင် စစ်ရေးအရဖြေရှင်းတာတွေ မရှိသလောက်ကိုနည်းသွားမှာပါ။ ကျနော်အစက ပြောခဲ့သလိုပေါ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်တဲ့အခြေအနေမရှိလို့သာ လက်နက်ကိုင်ခဲ့တာ လက်နက်ကိုင်ပြီးမှ နိုင်ငံရေးတောင်းဆိုမှုလုပ်ခဲ့ကြတာမဟုတ်ပါဘူး။
Hsan Loi Voice – အခြားဖြည့်စွက်ပြောလိုတာ ရှိရင် ဖြည့်စွက်ပြောပေးပါ။
စိုင်းလျန်း – ဟုတ်ကဲ့ပါ ကျနော်ဖြည့်စွက်ပြီးပြောချင်တာက RCSS အနေနဲ့ သျှမ်းပြည်တွင်း တိုင်းရင်းသားများအားလုံး တန်းတူညီမျှမှုရှိတယ်ဆိုတာကို လက်ခံသလို ဒီတန်းတူညီမျှမှုကိုအခြေခံပြီး သျှမ်းပြည်အတွင်း ကျနော်တို့စည်းစည်းလုံးလုံးနဲ့ အေးချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဘယ်လိုပုံဖော်ကြမလဲ ဆိုတာကို ဆွေးနွေးအဖြေရှာကြရမှာဖြစ်တယ်လို့ ပဲ ပြောချင်ပါတယ်။ စစ်အာဏာရှင်တွေလို နိုင်ငံရေးကို စစ်ရေးနဲ့ဖြေရှင်းဖို့ကြိုးစားခဲ့တာ နှစ်ဆယ်စုချီခဲ့ပေမဲ့ အဖြေမရနိုင်ခဲ့ဘူးဆိုတာသာဓက ယူပြီး ကျနော်တို့အချင်းချင်းကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးစားသင့်တယ်လို့ပဲ ပြောချင်ပါတယ်။