ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သီပေါမိဖုရားကြီးသည် သီပေါစော်ဘွားစဝ်ခွန်ဆိုင် (သီပေါမင်း၏အစ်မတော်ရင်း ပခန်းကြီးစုဖုရား၏ကြင်ယာတော်) ၏ အစ်မတော်အရင်းဖြစ်ပြီး ယနေ့လက်ရှိမြင်တွေ့နေရသော သီပေါဟော်နန်းကို တည်ဆောက်ခဲ့သူ စဝ်အုံကြာ၏ ဘွားတော်လည်းတော်စပ်သည်။ “ Twilight over burma” စာအုပ်ဖြင့် ရေးသားခြယ်မှုန်းခံရသော သီပေါဟော်နန်း၏ နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်၏ ဘွားတော်ကြီးလည်းဖြစ်သည်။
သီပေါမိဖုရားကြီးဖြစ်သော ခင်သူဇာကို ဖခင် သီပေါစော်ဘွားကြီး စဝ်ကြာထွန်းမှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကပင် ကုန်းဘောင်းနန်းတွင်းသို့ မောင်ငယ်စဝ်ခွန်ဆိုင်နဲ့အတူ ပို့ဆောင်စေလွှတ်ခံခဲ့ရသည်။ ထိုစဥ်က သာယာဝတီမင်း အုပ်စိုးနေသည့် (၁၂၀၄ ခုနှစ်) အချိန်အခါလည်းဖြစ်သည်။
နောင်ခါတွင် မောင်ငယ်ဖြစ်သူ စဝ်ခွန်ဆိုင်အား သီပေါဟော်နန်း၏ ၈၅ ဆက်မြောက်စော်ဘွားကြီးအဖြစ် မင်းတုန်းမင်းကြီးမှ ခန့်အပ်ခဲ့ပြီး အစ်မတော်ဖြစ်သော ခင်သူဇာကို “ သုသီရိရုဇာ” ဘွဲ့နှင့် ၁၂၁၆ ခုနှစ်တွင် မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။
သီပေါမိဖုရားကြီး မိဖုရားဖြစ်ပြီး ၅ နှစ်အကြာ ၁၂၂၁ ခုနှစ်တွင် “ ရုဇာမဟေ” ဘွဲ့သို့ တိုးမြှင့်ပေးအပ်ခံခဲ့ရ၍ ဒုတိယအဆင့် မဟေဘွဲ့ခံ မိဖုရားကြီးတစ်ပါးဖြစ်လာခဲ့ရသည်။ သီပေါဟော်နန်းသည် ရတနာပုံနန်းတွင်းနှင့်အစဉ်သဖြင့် အဆင်ပြေခဲ့ပြီး သီပေါမိဖုရားကြီး၏ တူတော်ဖြစ်သော အစ်ကိုတော်စဝ်ခွန်ဆိုင်မှမွေးဖွားခဲ့သူ စောချယ်ကို စော်ခံ (မြန်မာနန်းတွင်းနှင့် ယဉ်ပါးရန်ငယ်စဉ်ကပင် ကလေးငယ်တို့အား နန်းတွင်းသို့ ပို့ထားခြင်း) အဖြစ် နန်းတွင်းသို့ပို့ထားခဲ့သည်။
သီပေါမိဖုရားကြီးသည် မင်းတုန်းဘုရင်နှင့် သားသမီးမထွန်းကားခဲ့၍ သီပေါမင်းနန်းတက်သည့်အရေးတွင် အနောက်နန်းဆောင်၌အေးဆေး သက်သာစွာနေထိုင်ခဲ့ရပြီး ၁၂၄၀ ခုနှစ်တွင် အရှင်နှစ်ပါး (သီပေါမင်းနှင့်စုဖုရားလတ်) ရှေ့၌ သစ္စာတော်ပေးခံခဲ့ရသည်။
သီပေါမင်းလက်ထက်တွင် ဘုရင့်မယ်တော် ဖြစ်သော လောင်းရှည်မိဖုရားကြီး၏ အိမ်ဖြူတော်သိမ်းအခမ်းအနားကို ကျင်းပခဲ့ရာ ထိုအခမ်းအနားတွင် သီပေါမိဖုရားသည် ဘိတ်သိတ်တော်ပန်းဆက်ခဲ့ရလေသည်။ ထိုအချိန်က မင်းတုန်းမင်းကြီး၏ မိဖုရားဟောင်းများသည် အနောက်ဆောင်၌ မျက်နှာညှိုးငယ်စွာ စံနေရချိန်ဖြစ်၍ ထိုကဲ့သို့ မြှောက်စားအရေးပေးခံခဲ့ရသည်မှာ သီပေါမိဖုရား၏ မျက်နှာ အတော်ပင် ပွင့်လန်းခဲ့သည်ဟုဆိုရပေမည်။
အကြောင်းမှာ မိဖုရားကြီးလာခဲ့ရာ ဇာတိအရပ်ဖြစ်သော သီပေါမြို့သည် တချိန်က သီပေါမင်း၏ အဘတော် မိုးနဲမင်းသားစားခဲ့ရခြင်း၊ လက်ရှိသီပေါဘုရင်၏ စားကျွေး မြို့ဖြစ်ခြင်း တို့ကြောင့်ဖြစ်နိုင်သည်။
သီပေါမင်းနန်းတက်ပြီး ၄ နှစ်အကြာ ၁၂၄၄ ခုနှစ်တွင် သီပေါဟော်နန်းရှိ စဝ်ခွန်ဆိုင်သည် သီပေါဘုရင်အား ပုန်ကန်ပြီး ရန်ကုန်မြို့ရှိ ဗြိတိသျှတို့ထံဝင်ရောက်ခိုလှုံခဲ့ရာ နန်းတွင်း၌ရှိသော သီပေါမိဖုရားကြီးမှာ အနေကြပ်ခဲ့ရသည်။ သို့သော်လည်း ထိုပြဿနာအရှုပ်ထွေးသည် မိဖုရားကြီးထံသို့ရောက်ရှိမလာပဲ စော်ခံအဖြစ်ပို့ထားသော တူတော် ဆာစောချယ်ထံကို ရောက်ရှိကာ ရွှေလှံမြို့ဝန်ထံ ကွပ်မျက်ရန် အမိန့်ချ အပ်နှံခံခဲ့ရသည်။
သို့ရာတွင် ရွှေလှံမြို့ဝန်မှ မကွပ်မျက်ခဲ့ပဲ လျှို့ဝှက်ကယ်ဆယ်ခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့ပြီး သီပေါမင်းပါတော်မူသည့် ၁၂၄၇ ခုနှစ်တွင် အရီးဖြစ်သူ သီပေါမိဖုရားကြီးနှင့်အတူ သီပေါဟော်သို့ပြန်လည်ရောက်ရှိခဲ့ရသည်။ ဖခင် စဝ်ခွန်ဆိုင်မရှိသည့်နောက်ပိုင်းတွင် ဤသားငယ် ဆာစောချယ်ပင် စော်ဘွားအဖြစ် ဆက်ခံခဲ့သည်။
သီပေါမိဖုရားကြီးသည် သီပေါဟော်သို့ ပြန်လည်ရောက်ရှိပြီးနောက် နိုင်ငံရေးပင်စင်ကိုလျှောက်ထားခြင်းမရှိပဲ တူတော်ဖြစ်သော ဆာစောချယ်၊ စဝ်အိုတို့၏ အရိုသေခံ အရီးတော်အဖြစ် အေးဆေးသက်သာစွာ နေထိုင်ခဲ့သည်။
သီပေါမိဖုရားကြီးဟာ တူတော်ဖြစ်သော ဆာစောချယ်၏ သားသမီးများလက်ထက်တိုင် အသက်ရှည်ခဲ့ပြီး အကြည်ညိုခံ ဘွားတော်မိဖုရားကြီးတစ်ပါးအနေနဲ့ပင် သီပေါဟော်နန်းတော်မှာ ကံကုန်ခဲ့ရသော သက်တော်ရှည်မိဖုရားကြီးဖြစ်ခဲ့သည်။
ကိုးကား
ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး ဒုတိယတွဲ
ဦးမောင်မောင်တင်
ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)
Credit goes to #မင်းနန်သူ #Historynotes