ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ လားရှိုးတက္ကသိုလ်အနီးတွင် လူငယ်တစ်ဦး ဓားခုတ်ခံရ

လားရှိုးမြို့ လားရှိုးတက္ကသိုလ်အနီးတွင် လူငယ်တစ်ဦး ဓားခုတ်ခံရ

Hsan Loi Editor
27/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဘူတာလမ်းမကြီး လားရှိုးတက္ကသိုလ်အနီး ညောင်ပင်ကွေ့တွင် မေလ (၂၆)ရက်နေ့ ည(၉)နာရီဝန်းက လူငယ်တစ်ဦးအား ဆိုင်ကယ်စီးလာသော လူတစ်စုက ဓားဖြင့် ခုတ်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

 

ဓားခုတ်ခံရမှုကြောင့် အဆိုပါ လူငယ်၏ ခေါင်း၊ ပုခုံးနှင့် လက်မောင်းတို့တွင် ဓားခုတ်ခံရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး လားရှိုးမြို့လူငယ်များလူမှုကူညီရေးအသင်းက သွားရောက်ကူညီပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူစေခဲ့သည်။

 

“လားရှိုးမှာက စည်းကမ်းဆိုတာမရှိတော့တဲ့အတိုင်းပဲ။ နေ့လည်နေ့ခင်းဆိုရင်လည်း ဆိုင်ကယ်တွေလုယက်ခံရတာတို့ အခိုးခံရတာတို့ နေ့တိုင်းဖြစ်တယ်။ မြို့မဈေးမှာဆိုရင်လည်း သူတောင်းစားလိုလို ဘာလိုလိုနဲ့ မထင်ရင်မထင်သလို လုပြီးပြေးတာတွေ ခဏခဏကြုံရတယ်။ အခုလည်း လူငယ်တစ်ယောက်ကို ဓားနဲ့ခုတ်သွားတယ်ဆိုတာ သိပ်တော့ အံ့ဩစရာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် နေ့ခင်းဘက်တောင်မှ ဆိုင်ကယ်စီးပြီး ဓားနဲ့လိုက်ခုတ်တာတောင် ကြုံဖူးတယ်။ အဲ့ဒါက ကျနော့်သူငယ်ချင်းကိုယ်တိုင်ဖြစ်တာ။ သူကဘယ်သူနဲ့မှ ရန်ငြိုးရန်စရှိတာလည်းမဟုတ်ဘူး အေးဆေးပဲနေတဲ့လူတစ်ယောက်ဖြစ်တယ်။ ဒါတောင် သူ့ဘာသူ ဆိုင်ကယ်စီးပြီး သွားနေတဲ့အချိန်မှာ ဓားနဲ့လိုက်ခုတ်ခံရတာ။ ဒီလိုလိုက်ခုတ်တာက ဆိုင်ကယ်လုချင်တာကြောင့်လည်း ဖြစ်နိုင်သလို တချို့တွေက ဆေးကြောင်ပြီး လိုက်ခုတ်တာတွေလည်းဖြစ်နိုင်တယ်။ လားရှိုးမှာက လောင်းကစားဝိုင်းတွေရော မူးယစ်ဆေးတွေရော လွယ်လွယ်ရနိုင်နေလို့လေ။” ဟု လားရှိုးဒေသခံတစ်ဦးက စိတ်ပျက်စွာပြောပြသည်။

 

ဓားခုတ်မှုဖြစ်ပွားသော နေရာသည် လားရှိုးခရိုင်ရဲရုံးအနီးတွင်ဖြစ်ပွားခြင်းဖြစ်သော်လည်း တရားခံအား ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။