ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး၌ ယနေ့ (၇.၄.၂၀၂၃) ရက်နေ့ နံနက်(၉ နာရီ) ခန့်တွင် စတင်ပြီး စစ်ကောင်စီတပ်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
UWSA အဖွဲ့မှ သံလွင်မြစ်ကို ကျော်ဖြတ်လာပြီး လားရှိုးမြို့နယ် မိုင်းယော်ဒေသအထိ နေရာယူလာမှုအပေါ် TNLA မှ တပ်ပြန်ဆုတ်လာချိန်တွင် စစ်ကောင်စီတပ်မှ စောင့်တိုက်ခြင်းဖြစ်ကြောင်း Tai Freedom သတင်းဌာနက ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် နားမခေါ်ကျေးရွာရှိ လူနေအိမ်တစ်လုံး ဗုံးထိမှန်ခဲ့သည်။ ထို့ကြောင့် နေအိမ်တွင် ရှိနေသော (၁) နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးအပြင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဖြစ်သည့် မိသားစု ဝင်(၃)ဦး ဗုံးစထိမှန်ခဲ့သည်။
“ကျနော်တို့သွားခေါ်လာတာက စစ်ဘေးရှောင်တော့မဟုတ်ဘူး။ ရွာထဲမှာပိတ်မိနေတဲ့ အိမ်ကို ဗုံးစထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရထား မိသားစုဝင်(၃)ဦးကို သွားခေါ်တာပါ။ အခုကတော့ အဲ့(၃)ယောက်အခြေအနေကတော့ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး။ အခုလည်း လားရှိုးပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်ကို ပို့ထားပေးတယ်ဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့သွားခေါ်တဲ့အချိန် ဘာပစ်ခတ်သံမှတော့ မကြားရတော့ဘူး။ ကျနော်တို့လည်း တိတိကျကျတော့ မသိဘူး ဘာသံမှတော့ မကြားတော့ဘူးပေါ့လေ အခုအခြေအနေအထိတော့ ငြိမ်တော့ ငြိမ်နေသေးတယ်။ ကျနော်တို့ မနက် (၁၀နာရီခွဲ) ဝန်းကျင်လောက်သွားခေါ်ထုတ်ပေးခဲ့တာပါ။ ဒဏ်ရာအခြေအနေကတော့ ထိထားတာတော့ ပေါင်တို့ ခြေထောက်တို့ ကျည်စလေးတွေ ယမ်းစတွေ မှန်ထားတာဖြစ်ပါတယ်။ ကလေးငယ်ကတော့ အရမ်းတော့မထိထားဘူး နည်းနည်းလေးပဲထိထားတယ် မိဘနှစ်ယောက်ကတော့ နည်းနည်းထိထားပါတယ်။ တချို့တွေကတော့ ရွာနားတွေမှာ ပုန်းနေရတယ်လို့တော့ ကျနော်တို့ကို ပြောပြတာတွေတော့ရှိတယ်။” ဟု ဗုံးစထိမှန်သော လူနာမိသားစုဝင်(၃)ဦးအား သွားရောက်ကူညီခေါ်ထုတ်ခဲ့သော လူငယ်တစ်ဦးက ပြောပြသည်။
ဒေသခံများ၏ ပြောပြချက်အရ ယနေ့နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲများပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်များအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ TNLA အဖွဲ့များသည် မိုင်းယော် ဘက်မှ နမ္မတူဘက်သို့ တပ်ဆုတ်လာချိန်တွင် ယခုလိုတိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။