စစ်ကော်မရှင် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဥ်တွေ ပျက်ပြားစေရန် နည်းအမျိုးမျိုးနဲ့ ကျုးလွန်သူ ၃၃၅ ဦးကို အရေးယူထားတယ်လို့ ရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီက ယနေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ နေ့အထိ တိုင်းနဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု ၂၄၀ မှု ရှိပြီး အမျိုးသား ၂၇၅ ဦး၊ အမျိုးသ္မီး ၆၀ ဦး စုစုပေါင်း ၃၃၅ ဦး အရေးယူထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောပါတယ်။
ဒါ့အပြင် ကျင်းပပြီးစီးတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ က ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ပြန်လည် သုံးသပ်ပြီး ပိုမိုလုံခြုံစိတ်ချကောင်းမွန်တဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှာ နေရာအများဆုံး အနိုင်ရရှိထားတယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကျန်ရှိတဲ့ ရွေးကောက်ပွဲအပိုင်း(၂)ကို အခုလာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့နဲ့ အပိုင်း(၃)ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။