ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မိုးကုတ်မြို့သည် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၀၀၀) ခန့်တွင် တည်ရှိပါသည်။ အရှေ့နှင့်အနောက် သွယ်တန်းနေသည့် တောင်တန်းကြီးများ၏ အကြားရှိ ချိုင့်ဝှမ်းနေရာတွင် တည်ထားရာ သျှမ်းဘာသာအားဖြင့်
“မိန်းကွပ်= မိန်း (မြို့) + ကွပ် (ခမောက်)
= ခမောက်လှန်ထားသကဲ့သို့သော ချိုင့်ဝှမ်းတွင် တည်ရှိသောမြို့။”
“မိန်းကွတ်= မိန်း (မြို့) + ကွတ် (ကောက်ကွေ့သော)
= တောင်ကြားတွင် ကွေ့ကွေ့ကောက်ကောက် တည်ထားသည့်မြို့။”
“မိန်းကတ်= မိန်း (မြို့) + ကတ် (ချမ်းအေးသော)
= ချမ်းအေးသောမြို့။”
“မိန်းကွတ်= မိန်း (မြို့) + ကွတ် (ဋရင်ကောက်ပင်)
= ဋရင်ကောက်ပင်များကို ရှင်းလင်း၍ တည်ထားသောမြို့။”
ဟူ၍ အမည်အမျိုးမျိုးဖွင့်ဆို၍ ခေါ်ကြသည်။ မည်သို့ပင် ဆိုစေကာမူ အားလုံးသော အမည်ဖွင့်ဆိုချက်များသည် သျှမ်းဝေါဟာရများ ဖြစ်နေသည့်အပြင် မြို့၏တည်ရှိပုံနှင့်လည်း အသီးသီးကိုက်ညီနေပေသည်။
မိုးကုတ်ဟုဆိုလျှင် မြန်မာနိုင်ငံကရော ကမ္ဘာကပါ ပတ္တမြားရတနာနှင့် တွဲဖက်၍ သိမြင်ကြပါသည်။ သို့သော် မိုးကုတ်သည် ပတ္တမြားရတနာချည်းသက်သက် ထွက်သောမြေမဟုတ်ပါ။ နီလာ၊ ဣန္ဒ နီလာ၊ အညံ့ပန်း၊ ဥဿဖယား၊ နတ်သွေး၊ ဂေါ်မုတ်၊ ထပ်တရာ၊ စလင်း၊ ဖရဲအူ၊ ကြောင်၊ ပြောင်ခေါင်းစိမ်း၊ ရွှေတွင်းဝါ၊ နဂါးသွဲ့၊ မဟူရာ၊ မှတ်မီး၊ ပါလဒုတ္ထာ၊ ပုလဲပွား စသည့် ရတနာအမျိုးအစား စုံလင်စွာ ထွက်သည့် မြေလည်းဖြစ်ပါသည်။ ထို့အပြင် ရွှေ၊ ဘော်ငွေနှင့် လချေးစသည့် ဓာတ်သတ္ထုမျိုးလည်း ထွက်ပါသေးသည်။
မိုးကုတ်ဖြစ်လာမည့်ဒေသသည် သမိုင်းကြောင်းအရ မိုးမိတ်သျှမ်းပြည်၏ ပိုင်နက်တွင် ပါဝင်နေ သည်ကို ဆရာတော်အရှင်ခေမိန္ဒပြုစုသည့် မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းအရ တွေ့ရပါသည်။ မိုးမိတ် သျှမ်းပြည်ကို အုပ်ချုပ်နေသည့် သျှမ်းမင်းဆေဟန်ဖတ်(သိုဟန်ဖတ်)လက်ထက်တွင် မိုးကုတ်ဖြစ်လာ မည့် နေရာအနီးတွင် ပတ္တမြားရတနာရသဖြင့် AD(၁၂၁၇)ခုတွင် ရွာအဖြစ်စတင်တည်ထားရာက အစပြု လာခဲ့ပြီး သျှမ်းမင်းဆေကျင်ဖှ(သိုကျင်ဘွား)လက်ထက် AD(၁၄၁၄-၁၄၁၇)ခုတွင် “စဝ်မော်ဆိုင် (ပတ္တမြားတွင်းသခင်)”ဟူသောဘွဲ့ကို စတင်ခံယူခဲ့ရာ မိုးကုတ်ပတ္တမြားမြေမှာ ထိုမင်းလက်ထက်တွင် ပတ္တမြား တူးဖော်မှုများ စတင်လုပ်ဆောင်နေပြီဟု သုံးသပ်ရပါသည်။
ဤတွင် မိုးကုတ်ရတနာနယ်မြေ၏ မူလပိုင်ရှင်ဖြစ်သော မိုးမိတ်သျှမ်းပြည်၏ အကြောင်းကို လည်း အနည်းငယ် တင်ပြလိုပါသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးပါ မှတ်တမ်းအရ မိုးမိတ်သျှမ်း ပြည်သည် မြို့ရံပေါင်း(၃၉)မြို့ ရှိသည်အထိ အင်အားတောင့်တင်းသည်ကို တွေ့ရသည်။ မိုးမိတ် ရာဇဝင်တော်သစ်ပါ မှတ်တမ်းအရဆိုရလျှင် မိုးမိတ်သျှမ်းပြည်သည် ခရစ်တော်မပေါ်မီကာလ BC(၅၀၆)ခုတွင် မြို့ပြပြည်ထောင်ငယ်အဖြစ် တည်ရှိနေပြီဖြစ်သည်။ ထိုကာလကတည်းက မိုးကောင်း သျှမ်းပြည်၊ မိုးညှင်းသျှမ်းပြည်တို့နှင့် သမိုင်းကြောင်းအရဆက်စပ်လာမှုသည် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART I, VOL I”ပါ မှတ်တမ်းအရ AD(၉၃၈)ခုတွင် ညီနောင်မြို့ပြ ပြည်ထောင်များအဖြစ် အခိုင်အမာ တွေ့နေရပြီဖြစ်သည်ဟု သုံးသပ်ရပါသည်။
ထို့အတူ မိုးမိတ်သျှမ်းပြည်သည် ဗန်းမော်သျှမ်းပြည်၊ သိန္နီသျှမ်းပြည်၊ အုန်းဘောင်(သီပေါ) သျှမ်းပြည်တို့အပြင် ဗမာပြည်မဖြစ်လာမည့် အင်းဝပြည်နှင့်လည်း နယ်ပယ်ချင်းထိစပ်နေသည်အထိ အုပ်ချုပ်မှုနယ်မြေ ကျယ်ဝန်းခဲ့ပါသည်။ မိုးမိတ်ရာဇဝင်တော်သစ်နှင့် ထီးကျိုင်းမြို့နယ်သမိုင်း မှတ်တမ်း များအရဆိုလျှင် မိုးမိတ်သျှမ်းပြည်သည် အင်းဝမင်း စွာစော်ကဲလက်ထက်တွင် အင်းဝပြည်သို့ တစ်နှစ် တစ်ခါဆင်း၍ အခွန်ကောက်ခံသည်အထိ အင်အားကြီးမားလာသဖြင့် အင်းဝပြည်က သမီးကညာ ဆက်သကာ တလေးတစား ဆက်ဆံရကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အုန်းဘောင်မင်းဆက် ရာဇဝင်တော်မှတ်တမ်းအရဆိုလျှင် မိုးမိတ်သျှမ်းပြည်နှင့် အုန်းဘောင်(သီပေါ)သျှမ်းပြည်တို့သည် နှစ်ပြည့်တစ်ပြည် ပေါင်းတုံ၊ ခွာတုံဖြင့် တည်ရှိခဲ့သည်ကို တွေ့ရသည်။
ထိုကာလများတွင် မိုးမိတ် သျှမ်းပြည်ကို အုပ်ချုပ်ရသော သျှမ်းမင်းသည် ရံဖန်ရံခါတွင် အုန်းဘောင်(သီပေါ)သျှမ်းပြည်ကိုပါ စုပေါင်း အုပ်ချုပ်သကဲ့သို့ ရံဖန်ရံခါတွင် အုန်းဘောင်(သီပေါ)သျှမ်းပြည်က မိုးမိတ်သျှမ်းပြည်ကို တွဲဖက် အုပ်ချုပ်နေသည်ကို စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ သို့ဖြစ်၍ အုန်းဘောင်(သီပေါ)စော်ဘွားကို မဟာ ရာဇဝင်ကြီးတွင်
“ပတ္တမြားတွင်းသခင်”
ဟု ညွှန်းဆိုဖော်ပြထားသည်ကို တွေ့ရပါသည်။ ထို့အပြင် ဘုရင့်နောင်မင်း၏ ညောင်ဦးရွှေစည်းခုံ စေတီတော်၌ လှူဒါန်းထားသည့် ခေါင်းလောင်းစာမှတ်တမ်းပါ ဟံသာဝတီပြည်(ပဲခူး)က သိမ်းပိုက်ရရှိ သည့် သျှမ်းပြည်ထောင်များစာရင်းတွင်
“မိုးမိတ်, သီပေါ(အုန်းဘောင်), ပတ္တမြားတွင်း”
ဟူ၍ နယ်ပယ်တစ်စုတည်းအဖြစ် ဖော်ပြထားသည်ကို တွေ့ရပါသည်။
အထက်ပါ သမိုင်းမှတ်တမ်းများအရ သျှမ်းမြို့ပြပြည်ထောင်များ ခေတ်ကာလတွင် မိုးမိတ်သည် အင်အားတောင့်တင့်သည့် သျှမ်းပြည်ထောင်တစ်ခုအဖြစ် ရပ်တည်နေနိုင်သည့်အပြင် မိုးကုတ်ရတနာ မြေကို ရှေးဦးစွာ တရားဝင်ပိုင်ဆိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အင်အားကြီးမားသည့် ညီနောင် ပြည်ထောင်များ၏ ကျောထောက်နောက်ခံပြုမှုကလည်း မိုးမိတ်သျှမ်းပြည်ကို ကောင်းစွာအထောက် အပံ့ပေး ထားနိုင်သဖြင့် အင်းဝပြည်ကို လက်အောက်ခံပြည်ထောင်အဖြစ် အခွန်ကောက်ခံနိုင်ခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။ မိုးမိတ်-အုန်းဘောင်(သီပေါ)ခေတ်ကာလတွင် အုပ်ချုပ်သည့်မင်းသည် မိုးကုတ် ရတနားမြေ ကို တရားဝင်အုပ်ချုပ်ရသဖြင့် “ပတ္တမြားတွင်းသခင်”ဟူသော ဘွဲ့မည်ကို ခံယူသည်ဟူ၍ ဆက်လက်သုံး သပ်နိုင်ပေသည်။ မိုးမိတ်-အုန်းဘောင်(သီပေါ)တို့၏ ပူးတွဲတည်ရှိနေမှုသည် တောင်ငူခေတ်၊ ဘုရင့်နောင်မင်း၏ လက်အောက်ခံပြည်ထောင်အဖြစ် ကျရောက်ချိန်အထိ တည်ရှိနေ သည်ဟူ၍ပါ သုံးသပ်နိုင်ပါသေးသည်။
ရတနာမြေဆိုသည်မှာ လူတို့အတွက် နှစ်သက်စရာ၊ ပိုင်ဆိုင်ချင်စရာ၊ ကြီးပွားချင်စရာ၊ အုပ်ချုပ် ချင်စရာ၊ လုယူချင်စရာကောင်းသည့်မြေမျိုးဖြစ်သည်။ မိုးကုတ်နယ်မြေသည် ရတနာမြေကိုမှ တန်ဖိုး မဖြတ်နိုင်သည့် ပတ္တမြားတွင်းများတည်ရှိရာ ပတ္တမြားအမျိုးအစားဖြစ်ရာ စိုးမိုးပိုင်ဆိုင်လိုသူတို့အတွက် မူ အမြဲအလေးထားစောင့်ကြည့်လျက် အခွင့်သာချိန်ကို စောင့်နေကြမည်မှာ သဘာဝဖြစ်ပေသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့်ပင် မိုးကုတ်ပတ္တမြားမြေကို ဦးစွာပထမ တရားဝင်ပိုင်ဆိုင်ခဲ့သော မိုးမိတ်သျှမ်းပြည်သည် စစ်ရေး၊ နိုင်ငံရေးအကြပ်အတည်းကာလရောက်တိုင်း မိုးကုတ်ပတ္တမြားမြေကို မကြာခဏဆုံးရှုံးရသည့် ပြဿနာများကို ပေါ်ပေါက်လာစေခဲ့ပေသည်။ ထိုပြဿနာများ အကြောင်းကိုမူ ခိုင်မာသည့် သမိုင်းမှတ်တမ်းများကို အခြေခံလျက် မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ (အပိုင်း-၂)တွင် ဆက်လက်ဖော်ပြသွားပါမည်။
Hsan Loi Voice
ကျမ်းကိုးစာရင်း-
၁။ ကုလား၊ဦး။ မဟာရာဇဝင်ကြီး (ဒုတိယအုပ်)။ ၂၀၁၆ (တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်မြို့။
၂။ ခေမိန္ဒ၊ ဦး (အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။
၃။ ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။
၄။ မှန်နန်းမဟာရာဇဝင်တော်ကြီး(သုံးတွဲပေါင်း ပထမအကြိမ်)။ ၂၀၀၈။ သီဟရတနာစာပေ။ ရန်ကုန်မြို့။
၅။ တည်တောဆရာတော် (ထီးချိုင့်မြို့) ။ ထီးကျိုင်းမြို့နယ်သမိုင်း။
၆။ မှူး၊ ဦး (တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma. org။
7. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART I, VOL I, Superintendent, Government Printing Press, 1900.
8. Pu Loi Hom and Pu Loi Tun, The Founding of Mong Kawng, ရွှေရတုရှမ်းပြည်, www.Shanyoma. org.