ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဗြိတိသျှအစိုးရသည် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် မိုးကုတ်ပတ္တမြားမြေကို ၁၈၈၆ခု၊ မတ်လတွင် စတင်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ ရာ ၁၈၈၈ခု၊ မတ်လ(၂၉)ရက်တွင် အထက်မြန်မာပြည်၏ သီးခြားခရိုင်တစ်ခုအဖြစ် စတင်ဖွဲ့စည်းနိုင်ခဲ့သည်ကို ယခင်တစ်ပတ်က တင်ပြခဲ့ပါသည်။ ဤအပိုင်းတွင် ဆက်လက်တင်ပြလိုသည်မှာ ဗြိတိသျှအစိုးရခေတ်၊ ဂျပန် ခေတ်နှင့် လွတ်လပ်ရေးခေတ် မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများကို ဆက်လက်တင်ပြလိုပါသည်။
၁၈၈၈ခုနှစ်၊ မတ်လ(၂၉)ရက်တွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေကို အထက်မြန်မာပြည်၏ မြောက်ပိုင်းခရိုင်မှ ခွဲထုတ်၍ သီးခြားခရိုင်တစ်ခုအဖြစ် သတ်မှတ်ကာ Ruby Mines Districtအမည်ဖြင့် သတ်မှတ် ပေးခဲ့သည်ကို မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းစာအုပ်တွင် တွေ့ရပါသည်။ မြောက်ပိုင်းခရိုင်ဆိုသည်မှာ မန္တလေးတွင် ရုံးစိုက်သည်ဖြစ်၍ မန္တလေးခရိုင်ဟု ဆိုလျှင်လည်း ဆို၍ရပေသည်။ ၁၈၈၉ခု၊ ဧပြီလတွင် ဗြိတိသျှအစိုးရသည် ညောင်ရွှေစော်ဘွားကြီးစဝ်မောင်အား မိုးမိတ်စော်ဘွားနယ်ကို အုပ်ချုပ်စေခဲ့ရာ စဝ်မောင်သည် ပတ္တမြားတွင်းခရိုင် လက်ထောက်ကော်မရှင်နာမင်းကြီးနှင့် မြောက်ပိုင်းခရိုင်ကော်မရှင်နာမင်းကြီးတို့၏ လမ်းညွှန်မှုဖြင့် (၅)နှစ်ကြာ အုပ်ချုပ်ခဲ့ရသည်ကို REPORT ON THE ADMINISTRATION OF BURMA DURING 1890-91တွင် ဖော်ပြထား ပါသည်။ သို့သော် စဝ်မောင်သည် (၅)နှစ်မျှ အုပ်ချုပ်ပြီးနောက် မိုးမိတ်နယ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့ရာ ၁၈၉၃ခုတွင် မိုးမိတ်စော်ဘွားနယ်သည် ပတ္တမြားတွင်းခရိုင်၏ လက်အောက်ခံ စီရင်စုနယ်အဖြစ် ယာယီကျ ရောက်ခဲ့ရသည်ကို လည်း ဆက်လက်ဖော်ပြထားသည်ကို တွေ့ရပါသည်။
ထို့ကြောင့် ၁၈၉၃ခုတွင် ဗြိတိသျှအစိုးရသည် ပတ္တမြားတွင်းခရိုင်(ကျောက်တွင်းဒိစတြိတ်/ Ruby Mines District)တွင် မိုးမိတ်စီရင်စုကို မိုးကုတ်စီရင်စု၊ တကောင်းစီရင်စုတို့နှင့်အတူ လက်အောက်ခံနယ်မြေများအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ မိုးကုတ်စီရင်စုတွင် မိုးကုတ်ကို မြို့နယ်အဆင့်ထား၍ တိုက်နယ်အဆင့်ကျေးရွာပေါင်း (၃၃)ရွာဖြင့်လည်းကောင်း၊ တကောင်းစီရင်စုတွင် တွင်းငယ်နှင့် ကြံညှပ်ကို မြို့နယ်အဆင့်ထား၍ တိုက်နယ်အဆင့် ကျေးရွာပေါင်း(၃၃)ရွာဖြင့်လည်းကောင်း၊ မိုးမိတ်စီရင်စုတွင် မိုးမိတ်၊ မိုးလှိုင်းနှင့် ကိုးတောင်တို့ကို မြို့နယ်အဆင့် ထား၍လည်းကောင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ မိုးမိတ်စော်ဘွားနယ်ကို ပတ္တမြားတွင်းခရိုင်၏ လက်အောက်ခံ စီရင်စုနယ်အဖြစ် ဖွဲ့စည်းရာတွင် ယာယီအဖြစ်သာ ဖွဲ့စည်းကြောင်း သီးခြားမှတ်ချက်ဖြင့် ဖော်ပြထားပါသည်။ ဤသည်ကို ဗမာပြည်ဆိုင်ရာဗြိတိသျှအစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ရုံးက မဟာဝန်ရှင်တော်မင်းကြီးထံ အစီရင်ခံ ရန် ပြုစုသည့် NOTES AND STATISTICS IN FOUR PARTS မှတ်တမ်းတွင် တွေ့ရပါသည်။
ညောင်ရွှေစော်ဘွားကြီးစဝ်မောင်သည် ဗြိတိသျှအစိုးရ၏ လမ်းညွှန်မှုဖြင့် မိုးမိတ်စော်ဘွားနယ်ကို အုပ်ချုပ် ခဲ့ရသော်လည်း ဗြိတိသျှအစိုးရကို တော်လှန်လျက်ရှိသည့် မိုးလှိုင်းမြို့စားစဝ်ခမ်းလှိုင်နှင့် ထိပ်တင်စောရန်နိုင် မင်းသားတို့၏ တော်လှန်ရေးအင်အားစုတို့ကြောင့် နယ်မြေတည်ငြိမ်အောင် အုပ်ချုပ်နိုင်စွမ်း မရှိခဲ့ပေ။ ထို့အပြင် ညောင်ရွှေစော်ဘွားရိုးက မိုးမိတ်စော်ဘွားနယ်တွင် လာရောက်အုပ်ချုပ်မှုအပေါ် မိုးမိတ်စော်ဘွား၏ အနွယ်တော် များနှင့် မိုးမိတ်နယ်သားများက နှစ်သက်ခဲ့ကြမည် မဟုတ်ပါချေ။ သမိုင်းကြောင်းအရဆိုလျှင် မိုးမိတ်နယ်ကပင် ညောင်ရွှေနယ်ကို အုပ်ချုပ်ရန် စော်ဘွားရိုးပေးခဲ့သည့် ထုံးစံရှိခဲ့ပြီး ဗြိတိသျှအစိုးရ လက်ထက်ရောက်သည့် အခါမှ ညောင်ရွှေစော်ဘွားက မိုးမိတ်နယ်ကို လာ၍အုပ်ချုပ်ခြင်းအပေါ် မိုးမိတ်နယ်သားများက လက်ခံကြမည် မဟုတ် ပါ။ ထိုသို့လက်မခံခြင်းကလည်း မိုးမိတ်နယ်တွင် ဗြိတိသျှကို တော်လှန်နေကြသည့် မိုးလှိုင်းမြို့စား စဝ်ခမ်းလှိုင်နှင့် ထိပ်တင်စောရန်နိုင်မင်းသားတို့၏ တော်လှန်ရေးအင်အားစုတို့ကို အားဖြည့်ပေးသည့် အခြေခံ အကြောင်းတစ်ရပ် ဖြစ်ခဲ့ဟန်ရှိပါသည်။ ထိုသို့သော အကြောင်းများကြောင့်ပင် စဝ်မောင်သည် မိုးမိတ်နယ်ကို (၅)နှစ်တာမျှ အုပ်ချုပ် ခဲ့ပြီး နောက်တွင် ဗြိတိသျှအစိုးရထံ မိုးမိတ်နယ်ရှင်အဖြစ်မှ နုတ်ထွက်ခွင့်တောင်းခဲ့ရသည်ဟု သုံးသပ်နိုင်ပါသည်။
ဤတွင် ညောင်ရွှေစော်ဘွားကြီး စဝ်မောင်၏ မိုးမိတ်နယ်ရှင်အဖြစ်က နုတ်ထွက်ခြင်းနှင့်အတူ မိုးမိတ်နယ် သည် စီရင်စုနယ်အဆင့်လျောကျပြီး မိုးကုတ်ပတ္တမြားမြေ(ပတ္တမြားတွင်းခရိုင်)၏ လက်အောက်ခံနယ်အဖြစ် ယာယီကျရောက်ခဲ့ရသည်ဟူ၍လည်း သုံးသပ်နိုင်ပါသေးသည်။ ထို့အပြင် ဗြိတိသျှအစိုးရသည် တကောင်းနယ် ကို ပတ္တမြားတွင်းခရိုင်၏ လက်အောက်ခံအဖြစ် ထည့်သွင်းခြင်းသည် ညောင်ရမ်းခေတ်ကပင် မိုးကုတ်နှင့် တကောင်းကို လဲလှယ်ယူခဲ့သည့် သမိုင်းစဥ်ကို သိရှိဟန်တူပြီး မိုးမိတ်နယ်ကို ပတ္တမြားတွင်းခရိုင်လက်အောက်သို့ ထည့်သွင်းရာ တွင် တကောင်းနယ်ကိုပါ တစ်ပြိုင်တည်း ထည့်သွင်းခဲ့ဟန် ရှိသည်ဟူ၍လည်း သုံးသပ်ရပေသည်။ ဗမာမင်းများလက်ထက်က မိုးကုတ်ပတ္တမြားမြေကို တကောင်းနှင့် အမြဲလဲလှယ်ခဲ့ကြသည့် ဗမာမင်းများနှင့် မိုးမိတ်စော်ဘွားများသည် ဗြိတိသျှအစိုးရ လက်ထက်တွင် ဗမာမင်းမှာ အိန္ဒိယသို့ ပါတော်မူသွားခဲ့ပြီး မိုးမိတ် စော်ဘွားဆက်မှာ ခေတ္တပြတ်သွားခဲ့ကာ မိုးမိတ်နယ်နှင့် တကောင်းနယ်တို့မှာ မိုးကုတ်ပတ္တမြားမြေ(ပတ္တမြား တွင်းခရိုင်)လက်အောက်သို့ ပြန်၍ကျရောက်ခဲ့သည်ကိုကြည့်လျှင် သမိုင်းစဉ်သည် အမြဲတစ်ပတ်လည်သည်ဟု ဆိုကြသည်မှာ ဟုတ်နိုင်စရာရှိနေပေတော့သည်။
မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းတွင်လည်း မိုးမိတ်စော်ဘွားကြီး စဝ်ခွန်ခမ်းအူလက်ထက် သက္ကရာဇ်၁၂၄၉ခု (ခရစ်နှစ်၁၈၈၇)တွင် မိုးမိတ်သျှမ်းပြည်အတွင်း၊ မိုးဘုံနယ်၌ ထိပ်တင်စောရန်နိုင်မင်းသားနှင့် ဗိုလ်စဲတို့ ဦးဆောင် သည့် တော်လှန်ရေးတပ်သားများနှင့် ဗြိတိသျှစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဗြိတိသျှအစိုးရသည် မိုးမိတ်စော်ဘွားကို အရာချကာ မိုးမိတ်နယ်ကို ဗြိတိသျှအစိုးရအုပ်ချုပ်သည့် စနစ်အတွင်းသို့ ထည့်သွင်းကြောင်းကို ဖော်ပြထားသည်။ ထို့အပြင် ဗြိတိသျှအစိုးရသည် မိုးမိတ်သျှမ်းပြည်၏ နယ်နိမိတ်ကို တောင်ပိုင်(နမ့်ဆန်)နယ်၊ သီပေါနယ်၊ ဗန်းမော် နယ်၊ ကသာနယ်၊ ရွှေဂူနယ်၊ မိုးကုတ်နယ်တို့အထိသာ သတ်မှတ်၍ နယ်ပိုင်ဝန်ထောက်အဆင့် အရာရှိဦးဆောင် သည့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်ကြောင်းကိုလည်း ဆက်လက်ဖော်ပြထားပါသည်။ ထို့နောက် မိုးမိတ်စော်ဘွား ကြီး စဝ်ခွန်ခမ်းဟို၏ သားတော်ဖြစ်သော မိုးမိတ်စော်ဘွားကြီးစဝ်ခွန်မွန်(စဝ်ခင်မောင်)သည် သက္ကရာဇ်၁၂၆၈ခု (အေဒီ၁၉၀၆ခု)တွင်မှ ဗြိတိသျှအစိုးရ၏ ခွင့်ပြုချက်ဖြင့် မိုးမိတ်နယ်တော်ကို ပြန်လည်အုပ်ချုပ်ရကြောင်း ဖော်ပြ ထားပါသည်။ ညောင်ရွှေစော်ဘွားကြီး စဝ်မောင်လာရောက်အုပ်ချုပ်သည်ကိုမူ ဖော်ပြမထားပါချေ။
GREAT LORDS OF THE SKY: BURAM’S SHAN ARISTOCRACY စာအုပ်တွင်မူ မိုးမိတ်စော်ဘွားနယ်၏ ရှုပ်ထွေးသောကာလတွင် ညောင်ရွှေစော်ဘွားကြီးစဝ်မောင်သည် ဗြိတိသျှအစိုးရ၏ ညွှန်ကြားမှုအရ မိုးမိတ် စော်ဘွားနယ်ကို လာရောက်အုပ်ချုပ်ရပုံကို ဖော်ပြထားပါသည်။ ထို့အပြင် စဝ်မောင်သည် ၁၈၉၂ခုတွင် မိုးမိတ် စော်ဘွားနယ်ကို အုပ်ချုပ်ရာမှ နုတ်ထွက်သည့်အခါ ဗြိတိသျှအစိုးရသည် မိုးမိတ်စော်ဘွားနယ်ကို မိုးကုတ်ပတ္တမြား တွင်းခရိုင်၏ လက်အောက်ခံနယ်အဖြစ် ၁၈၉၂ခုမှ ၁၉၀၆ခုအထိ (၁၄)နှစ်တိုင် ထည့်သွင်းအုပ်ချုပ်ခဲ့ကြောင်းကို လည်း ဖော်ပြထားပါသည်။ ထို့နောက် ၁၉၀၆ခုတွင် မိုးမိတ်စော်ဘွားရိုးဖြစ်သူ စဝ်ခင်မောင်သည် ရန်ကုန်ရှိ Baptist Collageတွင် ပညာသင်ယူပြီးနောက် မိုးမိတ်စော်ဘွားအဖြစ် ပြန်လည်တင်မြောက်ခြင်း ခံရပုံကို-
“In 1906, the young prince of Mong Mit, Sao Khin Maung, was duly installed as Saohpa(r.1906-19360. He was educated in Rangoon at the Baptist Collage and later returned home to work in the Mong Mit State administation.”
ဟူ၍ ဖော်ပြထားပါသည်။
မိုးမိတ်ရာဇဝင်တော်သစ်ကျမ်း၊ GREAT LORDS OF THE SKY: BURAM’S SHAN ARISTOCRACY စာအုပ် နှင့် REPORT ON THE ADMINISTRATION OF BURMA DURING 1890-91မှတ်တမ်းတို့၏ ဖော်ပြချက်များအရ မိုးမိတ်စော်ဘွားနယ်ကို ၁၈၈၉ခုတွင် ညောင်ရွှေစော်ဘွားကြီးစဝ်မောင်က ဗြိတိသျှအစိုးရ၏ လမ်းညွှန်မှုဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၈၉၂ခုတွင် ညောင်ရွှေစော်ဘွားကြီးစဝ်မောင်သည် မိုးမိတ်စော်ဘွားနယ်၏ နယ်ရှင်အဖြစ်မှ နုတ် ထွက်သည့်အခါ ဗြိတိသျှအစိုးရသည် မိုးမိတ်စော်ဘွားနယ်ကို မိုးကုတ်ပတ္တမြားတွင်းခရိုင်အတွင်းသို့ ထည့်သွင်း၍ အုပ်ချုပ်ခဲ့သည်။ ထို့နောက် ၁၉၀၆ခုရောက်သည့်အခါမှသာ မိုးမိတ်စော်ဘွားရိုးဖြစ်သူ စဝ်ခင်မောင်(စဝ်ခွန်မွန်) သည် ဗြိတိသျှအစိုးရ၏ တင်မြှောက်မှုဖြင့် မိုးမိတ်စော်ဘွားဖြစ်လာပြီး မိုးမိတ်စော်ဘွားနယ်သည်လည်း မိုးကုတ် ပတ္တမြားတွင်းခရိုင်၏ လက်အောက်မှ ပြန်လည်နုတ်သိမ်းနိုင်ခဲ့သည်ဟု သုံးသပ်ရပေသည်။
ဗြိတိသျှအစိုးရသည် ၁၈၈၉ခု၊ နိုဝင်ဘာလတွင် Ruby Mines, Limitedကို စတင်ထူထောင်စေခဲ့ပြီး ပတ္တမြားတွင်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲသည်။ ဤသို့စီမံခန့်ခွဲသည်ကို ဗမာပြည်ဆိုင်ရာဗြိတိသျှအစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ရုံးက မဟာဝန်ရှင်တော်မင်းကြီးထံ အစီရင်ခံရန် ပြုစုသည့် NOTES AND STATISTICS IN FOUR PARTSတွင် တွေ့ရပါသည်။ ထို့အတူ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင်လည်း မစ္စတာဂျော့စတရီးတား၏ ဗြိတိသျှအစိုးရထံ မိုးကုတ်ပတ္တမြားမြေတွင် ကျောက်ဝယ်ယူရန် လျှောက်ထား၍ ထူထောင်ခဲ့သည့် Messrs George Streeters & Co. Agentသည် ၁၈၈၉ခုတွင် The Burma Ruby Mines Company Limitedအမည်ဖြင့် ဖွဲ့စည်း ထူထောင်ခဲ့သည်ကို ဖော်ပြထားပါသည်။ ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေတွင် ကျောက်ဝယ်ယူရောင်းချ ခွင့်နှင့် ပတ်သက်၍ ဗြိတိသျှပါလီမန်၊ အောက်လွှတ်တော်စုံစမ်းရေးအရာရှိ Mr. Barrington Brownကို မိုးကုတ် ပတ္တမြားမြေသို့ စေလွှတ်၍ စုံစမ်းစေကြောင်း၊ ထို့နောက် တစ်နှစ်တွင် ဗြိတိသျှအစိုးရထံ အခွန်ငွေ လေးသိန်းနှင့် တစ်နှစ်အမြတ်ငွေအတွက် အခွန်ငွေ ၁/၆ရာခိုင်နှုန်း အခွန်ပေးဆောင်ရန် သဘောတူညီချက်ဖြင့် The Burma Ruby Mines Company Limited ကို လုပ်ပိုင်ခွင့်ပေးအပ်ကြောင်းကိုလည်း ဆက်လက်ဖော်ပြထားပါသည်။ ဗြိတိသျှ အစိုးရသည် မိုးကုတ်ပတ္တမြားမြေကို ထိုကဲ့သို့စီမံခန့်ခွဲနိုင်ရန် အထက်ဗမာပြည်ဆိုင်ရာ ပတ္တမြားဥပဒေ (The Upper Burma Ruby Regulation)ကို ၁၈၈၇ခု၊ အောက်တိုဘာလ(၁၀)ရက်ကတည်းကပင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ ပြဋ္ဌာန်းခဲ့သည်ကို THE BURMA CODE, VOLUME-Vတွင် တွေ့ရပါသည်။
အထက်ပါ မှတ်တမ်းများအရ ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးသည့်နယ်မြေအဖြစ် သဘောထားသည်ဟု သုံးသပ်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ၁၈၈၆ခု၊ မတ်လရောက်မှသာ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးအာဏာအောက် အပြည့်အဝရောက်ရှိခဲ့သော မိုးကုတ်ပတ္တမြား မြေအတွက် ၁၈၈၇ခု၊ အောက်တိုဘာလ(၁၀)ရက်တွင် ပတ္တမြားတူးဖော်မှုနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်ကို လျင်မြန်စွာ ထုတ်ပြန်ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ဤမိုးကုတ်ပတ္တမြားမြေမှ ပတ္တမြားတူးဖော်မှုအများအပေါ် မည် ကဲ့သို့စီမံခန့်ခွဲမည်၊ မည်သို့ထိန်းချုပ်မည်၊ အခွန်အဖြစ် မည်သို့ကောက်ခံမည်၊ ဥပဒေအရ မည်သို့စီရင်မည် စသဖြင့် ပါဝင်သည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခြင်းသည်ပင် လာမည့်နှစ်များအတွင်း ၄င်းတို့ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် အဆင်သင့်ဖြစ်စေရန် အရေးတကြီး ကြိုတင်စီမံခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင် ၁၈၈၇ခုနှစ်ကာလ၏ ဗြိတိသျှအုပ်ချုပ်ရေးစနစ်သည် မဟာဝန်ရှင်တော်မင်းကြီး(Chief Commissioner)ဦးဆောင်သည့် အစိုးရအုပ်ချုပ် ရေးစနစ်ဖြစ်၍ ဥပဒေပြုရေးအာဏာသည် ဗမာပြည်ကိုအုပ်ချုပ်သော မဟာဝန်ရှင်တော်မင်းကြီး(Chief Commis- sioner)ထံတွင် မရှိဘဲ အိန္ဒိယဘုရင်ခံချုပ်ဦးဆောင်သည့် အိန္ဒိယစိုးရပါလီမန်လက်ထဲတွင်သာရှိသည်။ မဟာဝန်ရှင် တော်မင်းကြီး(Chief Commissioner)ဦးဆောင်သည့် ဗမာပြည်အစိုးရသည် အထက်ဗမာပြည်ကို အိန္ဒိယဘုရင်ခံ ချုပ်၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသည့် ဥပဒေမဟုတ်သော အမိန့်ညွှန်ကြားလွှာဖြင့် အုပ်ချုပ်နေသည့် ကာလလည်း ဖြစ်ပါသည်။ ထိုကာလတွင် မိုးကုတ်ပတ္တမြားမြေနှင့် ပတ်သက်၍ ဥပဒေတစ်ရပ်ကို အိန္ဒိယဘုရင်ခံ ချုပ်ဦးဆောင်သည့် အိန္ဒိယစိုးရပါလီမန်၏ ရေးဆွဲပေးမှုဖြင့် ဗမာပြည်တွင် လျင်မြန်စွာပြဋ္ဌာန်းသည်ကို ကြည့်လျှင် ပင် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေအပေါ် အရေးပါသည့် ဘဏ္ဍာရေးနယ်မြေအဖြစ် သဘောထား ကြောင်း သုံးသပ်နိုင်ပါသည်။
၁၉၂၀ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားတွင်းခရိုင်ကို ပြန်လည်ဖျက်သိမ်းခဲ့ပြီး ဆပ်ဒီဝီဇံ နယ်(စီရင်စုနယ်မြေ)အဆင့်သို့ လျှော့ချကာ နယ်ပိုင်အရာရှိအုပ်ချုပ်သည့်စနစ်သို့ ပြောင်းလဲခဲ့သည်။ ဤတွင် မိုးကုတ်ပတ္တမြားမြေသည် ကသာဒီစတြိတ်(ကသာခရိုင်)၏ လက်အောက်ခံနယ် ဖြစ်လာခဲ့သည်မှာ ဒုတိယကမ္ဘာ စစ်ကာလအထိပင်ဖြစ်သည်ကို မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းစာအုပ်တွင် ဖော်ပြထားပါသည်။ ဒုတိယကမ္ဘာစစ် ကာလ ဗြိတိသျှအစိုးရတို့ ဗမာပြည်မှ ဆုတ်ခွာချိန် ၁၉၄၂ခု၊ မေလ(၇)ရက်တွင် မေဂျာဟိုရှီ ဦးဆောင်သော ဂျပန်တပ်သည် မိုးကုတ်မြို့ကို သိမ်းပိုက်ခဲ့သည်ဟူ၍ပါ ဖော်ပြထားပါသည်။ ဂျပန်တပ်များ ဝင်ရောက်သိမ်းပိုက် ရာတွင် မြို့မပျက်စီးကြောင်းနှင့် ဂျပန်ခေတ်တစ်ခေတ်လုံးတွင် အခြားမြို့များနှင့်စာလျှင် မိုးကုတ်မြို့သည် အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ကြကြောင်း၊ ခေတ်ပျက်ကာလ ဖြစ်၍ ကျောက်စျေးကွက်အေးနေခဲ့သော်လည်း ကျောက်များကို ရွှေထည်ဖြင့်ခတ်၍ ဗမာပြည်အနှံ့သို့ သွားရောက်၍ ရောင်းချခဲ့ကြရာ မိုးကုတ်မြို့တွင် ပန်းထိမ် လုပ်ငန်းများ ခေတ်စားလာခဲ့ကြောင်းကိုလည်း ဖော်ပြထားပါသည်။ သို့သော် ဗြိတိသျှအစိုးရက ဗမာပြည်ကို ဂျပန်လက်မှ ပြန်လည်သိမ်းယူသည့်အခါတွင်မူ မိုးကုတ်မြို့သည် ဗုံးဒဏ် သင့်ခဲ့ရာပြီး အပျက်အစီးများပြားခဲ့ပြီး ၁၉၄၅ခု၊ မတ်လ(၁၉)ရက်တွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိကြောင်း ဆက်လက် ဖော်ပြသည်ကို တွေ့ရပါသည်။
ထို့အပြင် မိုးကုတ်မြို့၏ ထူးခြားသည့် နိုင်ငံရေးတောင်းဆိုချက်တစ်ရပ်အဖြစ် တွေ့ရသည်မှာ ဗမာပြည် လွတ်လပ်ရေးရခါနီးကာလတွင် ဖြစ်ပါသည်။ ဤသည်မှာ မိုးကုတ်ပတ္တမြားမြေ(သို့မဟုတ်) မိုးကုတ်ပတ္တမြား ကျောက်တွင်းခရိုင်ကို သျှမ်းပြည်နယ်အတွင်း ထည့်သွင်းခြင်းမပြုရန်နှင့် ဗမာပြည်၊ ရွှေဘိုဒီစတြိတ်(ရွှေဘိုခရိုင်) အတွင်းသာ ထားရှိရန်အတွက် တစ်မြို့လုံးက ဆန္ဒပြအရေးဆိုကြခြင်း ဖြစ်ပါသည်။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း စာအုပ်ပါ ဖော်ပြချက်အရဆိုလျှင် ၁၉၄၇ခု၊ ဇန်နဝါရီလ(၂၆)ရက်တွင် လူအင်အား(၃၀၀၀)လောက်က ဆန္ဒပြကြ ခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ဗြိတိသျှအစိုးရသည် ၁၉၄၇ခု၊ ဇူလိုင်လ(၇)ရက်တွင် မိုးကုတ် ဆပ်ဒီ ဝီဇံနယ်(စီရင်စုနယ်မြေ)ကို ကသာဒီစတြိတ်(ကသာခရိုင်)မှာ ရွှေဘိုဒီစတြိတ်(ရွှေဘိုခရိုင်)အတွင်းသို့ ထည့်သွင်း ပေးလိုက်သည်ကိုပါ တွေ့ရှိရပါသည်။
ထိုကာလသည် ဗမာပြည်လွတ်လပ်ရေးရခါနီးကာလဖြစ်ရုံသာမက ဗမာပြည်မနှင့် တောင်တန်းဒေသတို့ သည် လွတ်လပ်ရေးရပြီးချိန်တွင် မည်သည့်အုပ်ချုပ်ရေးစနစ်ဖြင့် တန်းတူညီမျှမှုရှိအောင် အုပ်ချုပ်မည်ကို အကြိတ် အနယ်ဆွေးနွေးနေကြသည့် ကာလလည်း ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ဖဆပလသည် နိုင်ငံရေးအရ အသာစီး ရလိုဇောဖြင့် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် နေသည့် ကာလလည်း ဖြစ်ပါသည်။ ဤအခြေအနေတွင် မိုးကုတ်ပတ္တမြားတွင်းနယ်သည် လွတ်လပ်ရေးရချိန်တွင် သျှမ်းပြည်နယ်တွင် မပါဝင်စေရန်နှင့် ဘဏ္ဍာရေးကဏ္ဍအရ ဗမာပြည်မလက်တွင်းသို့ ပါဝင်စေရန် လူထုအားဖြင့် လှုံ့ဆော်တောင်းဆိုမှုကို နောက်ကွယ် တွင် ဖဆပလ၏ ကြိုးကိုင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု သုံးသပ်ရပေသည်။ ဤတွင် ဗမာပြည်ကို လွတ်လပ်ရေး ပေးတော့မည့် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားတွင်းနယ်အတွက် ဖဆပလနှင့်လည်းကောင်း၊ လူထုနှင့် လည်းကောင်း အတိုက်အခံမပြုတော့ဘဲ ၄င်းတို့တောင်းဆိုသည့် ရွှေဘိုဒီစတြိတ်(ရွှေဘိုခရိုင်)အတွင်းသို့ ထည့်သွင်း ပေးခဲ့သည်ဟု သုံးသပ်ရပေသည်။
လွတ်လပ်ရေးရပြီးကာလတွင်မူ မိုးကုတ်ပတ္တမြားမြေသည် အုပ်ချုပ်သည့် အစိုးရတို့၏ စီမံမှုအရ ရွှေဘို ခရိုင်အတွင်း၌လည်းကောင်း၊ ကသာခရိုင်အတွင်း၌လည်းကောင်း၊ ပြင်ဦးလွင်ခရိုင်အတွင်း၌လည်းကောင်း ပါဝင်ခဲ့ရ သည်။ ၂၀၂၂ခုတွင်မူ အသစ်ထပ်မံဖွဲ့စည်းသည့် သပိတ်ကျင်းခရိုင်အတွင်း ပါဝင်သည့် မြို့နယ်အဖြစ် တည်ရှိနေပါ သည်။ မူလက မိုးမိတ်သျှမ်းပြည်၏ ပိုင်ဆိုင်မှုအောက်တွင် ရှိခဲ့သော မိုးကုတ်သည် ညောင်ရမ်းခေတ်တွင် တကောင်း နယ်နှင့် လဲလှယ်ခြင်းခံရပြီး ဗမာပြည်၏ လက်အောက်သို့ စတင်ပါဝင်ခဲ့ရသည်။ ထိုသို့ပါဝင်ခဲ့သည်မှ အစပြု၍ သျှမ်းပြည်၏ အုပ်ချုပ်မှုစနစ်များနှင့် ကင်းကွာကာ ဗမာမင်းတို့၏ အုပ်ချုပ်မှုစနစ်နှင့် ရာထူးအဆင့်ဆင့်၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်မှာ ကုန်းဘောင်ခေတ်နှောင်းကာလအထိပင် ဖြစ်သည်။ ဗြိတိသျှအစိုးရတို့ အုပ်ချုပ်သည့်ကာလတလျှောက်တွင် အုပ်ချုပ်ရေးနယ်မြေအဆင့်များ အပြောင်းအလဲရှိခဲ့သော်လည်း ဗမာပြည်မ၏ လက်အောက်သို့သာ ထည့်သွင်းထားခဲ့သည်။ သမိုင်းဆိုင်ရာ ရပိုင်ခွင့်အရ သျှမ်းပြည်တွင်းသို့ ပြန်လည်ပါဝင်ရမည် ဖြစ်သော်လည်း ပြန်လည်ပါဝင်ခြင်း မရှိခဲ့တော့ဘဲ ဗမာပြည်မ၏ အုပ်ချုပ်ရေးစနစ်ပြောင်းလဲမှုကိုလိုက်၍ သင့်လျော်ရာ ခရိုင်များအတွင် အကြိမ်ကြိမ်ပေါင်းထည့်ခြင်း ခံရသည်မှာ ယခုကာလတိုင်ပင် ဖြစ်နေပေတော့သည်။
ကျမ်းကိုး-
– ၁။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။
– ၂။ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။
– ၃။ မကြန်။ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၉၇)။ ၂၀၀၃။ မြန်မာ့ရတနာစာပေ။ ရန်ကုန်မြို့။
– 4. THE BURMA CODE: VOLUME-V, Government of The Union of Burma, 1956.
– 5. NOTES AND STATISTICS IN FOUR PARTS, PART III.- Upper Burma, PRINTED BY THE SUPERINTENDENT , GOVERNMENT PRINTING, BURMA, 1893.
– 6. REPORT ON THE ADMINISTRATION OF BURMA DURING 1890-91, PRINTED BY THE SUPERINTENDENT , GOVERNMENT PRINTING, BURMA, 1891.
– 7. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART II, VOL II, Superintendent, Government Printing Press,RANGOON, 1901.