ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ(အပိုင်း-၃)

မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ(အပိုင်း-၃)

Hsan Loi Editor
27/08/2023
Share:

 

မိုးကုတ်ပတ္တမြားမြေသည် ညောင်ရမ်းခေတ်(ဒုတိယအင်းဝခေတ်)၊ ညောင်ရမ်းမင်းတရားလက်ထက်တွင် တကောင်းနယ်နှင့် အလဲအလှယ်ပြုလျက် ဗမာပြည်မ(အင်းဝ)လက်အောက်သို့ ကျရောက်ခဲ့ရပုံကို အပိုင်း(၂)တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု အပိုင်း(၃)တွင်မူ မိုးကုတ်ပတ္တမြားမြေနှင့် ပတ်သက်၍ ညောင်ရမ်းခေတ်(ဒုတိယ အင်းဝခေတ်)နှင့် ကုန်းဘောင်ခေတ်တို့တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို ဆက်လက်ဖော်ပြ သွားမည် ဖြစ်ပါသည်။

 

မိုးကုတ်ပတ္တမြားမြေကို ဗမာပြည်မ၏ အုပ်ချုပ်ရေးအသားကျစေရန် ရည်ရွယ်၍လည်းကောင်း၊ မိုးမိတ် သျှမ်းပြည်က ပြန်လည်ရယူခြင်း မပြုနိုင်စေရန်လည်းကောင်း ရည်ရွယ်၍ ညောင်ရမ်းမင်းတရားလက်ထက်တွင် စို့သူကြီးအုပ်ချုပ်ရေးစနစ်ကို စတင်ဆောင်ရွက်သည်။ ထိုစနစ်အရ မိုးကုတ်ပတ္တမြားမြေတွင် စို့သူကြီး(၃)ဦးက အပိုင်းလိုက် တာဝန်ယူ အုပ်ချုပ်ရပြီး ဗမာမင်းနေပြည်တော်၏ တိုက်ရိုက်အမိန့်ပေးခိုင်းစေမှုကို နာခံကြရသည်။ ဤသို့ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲလုပ်သည်ကို မိုးမိတ်သျှမ်းမင်းဆေယွန်ဖက အသာတကြည် လက်ခံခဲ့ ခြင်း မရှိဘဲ မိုးကုတ်ပတ္တမြားမြေကို ပြန်လည်သိမ်းယူခဲ့ဟန်တူပါသည်။ ထို့ကြောင့် ညောင်ရမ်းမင်းတရား၏ သား တော်အိမ်ရှေ့မင်း(နောင်အခါ အနောက်ဘက်လွန်မင်းဟု အမည်တွင်သူ)ဦးဆောင်သည့် အင်းဝတပ်များသည် မိုးမိတ်သျှမ်းပြည်ကို လာရောက်တိုက်ခိုက်ရာ မိုးမိတ်သျှမ်းမင်းဆေယွန်ဖသည်-

 

“ငစဉ့်ကူး၊ ကျောက်လှည်းဘီး၊ စကားတောင် ဤသုံးဌာနတို့မှ ကြံ့ကြံ့ခံ၍ တိုက်လေသည်”

 

ဟူ၍ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားပါသည်။ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းပါ ငစဉ့်ကူးဆို သည်မှာ ယခု မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စဉ့်ကူးမြို့၊ ကျောက်လှည်းဘီးဆိုသည်မှာ ယခုမန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျောက်လှည်းဘီးရွာ၊ စကားတောင်ဆိုသည်မှာ ယခုမန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆည်တော်လေးရွာမှ သွားရသည့် စကားတောင်(သို့မဟုတ်) ထိုးဆိပ်ရေတံခွန်နှင့် ဂူရှိရာ အရပ် တို့ဖြစ်ကြသည်။

မိုးမိတ်သျှမ်းမင်းဆေယွန်ဖသည် ညောင်ရမ်းမင်းတရား၏သားတော် ဦးဆောင်သည့် အင်းဝတပ်များကို မခုခံနိုင်သဖြင့် အညံ့ခံခဲ့ရသည်ဟု မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းနှင့် မှန်နန်းမဟာရာဇဝင်တော်ကြီးတို့တွင် ညီညွတ်စွာ ဖော်ပြပါသည်။ သို့သော် မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းစာအုပ်တွင်မူ အ‌နောက်ဘက်လွန်မင်းလက် ထက်ရောက်မှ လာရောက်တိုက်ခိုက်သည်ဟု ကွဲလွဲစွာ ဖော်ပြထားသည်ကို တွေ့ရသည်။ ဤကွဲလွဲချက်သည် ရှမ်း၊ ဗမာသမိုင်းမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် မှားယွင်းမှုဖြစ်နေသည်ကို တွေ့ရသဖြင့် နုတ်ပယ်သင့် သည်ဟု သုံးသပ်ပါသည်။

 

ဤသို့ဖြင့် ညောင်ရမ်းမင်းတရားလက်ထက်ကစ၍ မိုးကုတ်ပတ္တမြားမြေသည် ဗမာမင်းတို့၏ တိုက်ရိုက် စီမံခန့်ခွဲခြင်းကို ခံခဲ့ရသည်မှာ သားတော်သာလွန်မင်းလက်ထက်အထိ ဖြစ်ပါသည်။ သာလွန်မင်းလက်ထက်တွင် မိုးကုတ်ပတ္တမြားမြေကို ပြန်လည်ရရှိစေရန်အတွက် မိုးမိတ်သျှမ်းမင်းဆေဝယ်ဖသည် မိမိလက်အောက်ခံ အမတ်၊ အရာရှိများကို စေလွှတ်၍ တောင်းခံခဲ့သော်လည်း မရရှိခဲ့ပေ။ ဤသည်ကို မိုးမိတ်ရာဇဝင်တော်သစ်ကျမ်း၌ မိုးမိတ်အမတ် ဆိုင်အူခမ်းနှင့် သျှမ်းအရာရှိများကို သာလွန်မင်းက ရှေ့တော်သို့ခေါ်၍ မိုးကုတ်ပတ္တမြားမြေကိစ္စကို စစ်မေးရာတွင် မိုးကုတ်ပတ္တမြားမြေသည် မိုးမိတ်သျှမ်းပြည်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ကြောင်း၊ ညောင်ရမ်း မင်းတရား လက်ထက်ရောက်မှသာ သိမ်းယူခြင်းခံရကြောင်း၊ ထို့ကြောင့် မူလပိုင်ရှင်ဖြစ်သည့် မိုးမိတ်သျှမ်းပြည် သို့ ပြန်လည်ပေးအပ်သင့်ကြောင်းကို မိုးမိတ်အမတ်နှင့် သျှမ်းအရာရှိတို့က လျှောက်တင်ခဲ့ကြသည်။ သို့သော် လည်း သာလွန်မင်းသည် မိုးကုတ်ပတ္တမြားမြေကို တကောင်းမြို့နှင့်လဲလှယ်၍ မိုးမိတ်သျှမ်းပြည်သို့ ပေးပြီးဖြစ် သည့်အတွက် ပြန်လည်မပေးအပ်နိုင်ကြောင်းကို အေဒီ၁၆၃၇ခုတွင် တရားဝင်အမိန့်တော်ထုတ်ပြန်၍ ငြင်းဆိုခဲ့ သည်ကို တွေ့ရှိရပါသည်။ ဤဖြစ်စဉ်ကိုမူ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းစာအုပ်တွင်လည်း တစ်ညီတစ်ညွတ် တည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ The Royal Orders of Burma, A.D.1598-1648,Vol.1တွင် သက္ကရာဇ် ၉၉၉(အေဒီ၁၆၃၇)တွင် မိုးမိတ်မြို့က သာလွန်မင်းထံ စစ်တမ်းဆက်သွင်းကြောင်း ဖော်ပြထားရာ ထိုစစ်တမ်း ဆက်သွင်းချိန်တွင်ပင် မိုးကုတ်ပတ္တမြားမြေကိစ္စနှင့် ပတ်သက်၍ မေးမြန်စစ်ဆေးကာ ညောင်ရမ်းမင်းတရား လက်ထက်က ဆုံးဖြတ်ခဲ့သည့်အတိုင်း ထပ်မံအတည်ပြုခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။

 

သို့ဖြစ်၍ ‌ညောင်ရမ်းမင်းတရားလက်ထက်က မိုးကုတ်ပတ္တမြားမြေကို တကောင်းမြို့နှင့် လဲလှယ်၍ မိုးမိတ်သျှမ်းပြည်သို့ ပေးအပ်သည့်အမိန့်သည် သားတော်သာလွန်မင်း လက်ထက်တွင် ထပ်မံအတည်ပြုသဖြင့် မိုးမိတ်သျှမ်းပြည်က ပြန်လည်မရရှိတော့ကြောင်း သုံးသပ်နိုင်ပေသည်။ ထို့အပြင် မိုးကုတ်ပတ္တမြားမြေသည် ညောင်ရမ်းခေတ် တစ်ခေတ်လုံး ဗမာမင်းတို့၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားရာ မိုးမိတ်သျှမ်း ပြည်က ထိုခေတ်တစ်ခေတ်လုံးတွင် ပြန်လည်မရရှိခဲ့ကြောင်းကိုပါ သုံးသပ်နိုင်ပေသည်။ ဤတွင် မိုးမိတ်သျှမ်း မင်းသည် မိုးကုတ်ပတ္တမြားမြေကို ပြန်လည်ပိုင်ဆိုင်ခွင့် မရရှိခဲ့သဖြင့် စိတ်မကြည်မလင် ဖြစ်ခဲ့ရဟန်တူသည်။ သို့ဖြစ်၍ သက္ကရာဇ်၉၉၉(အေဒီ၁၆၃၇)ခုသည် မိုးမိတ်သျှမ်းပြည်အတွက် မကောင်းသည့် နိမိတ်ဆောင်သော ဂဏန်းဖြစ်သည်ဟု အယူရှိကာ မိုးမိတ်မြို့၊ မြို့လယ်ကန် မြောက်ဘက်ဘက်ရှိ ကွင်းပြင်၌ တစ်မြို့လုံးထွက်၍ ဆုတောင်းကြပြီး ၄င်း(၉)ဂဏန်းသည် နိမိတ်မကောင်းကြောင်းကို အတည်ပြုသည်။ ထို့အပြင် မိုးမိတ်သျှမ်းမင်း သည် မိုးကုတ်ပတ္တမြားမြေသည် ဗမာမင်း၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရသည်ကို အမှတ်တရ ရှိစေရန် ဝမ်းပုံဘွဲ့မည်ရသည့် စေတီကို မဟာရံတံတိုင်း(၂)ထပ်နှင့် တည်ထားခဲ့သည်ဟု မိုးမိတ်ရာဇဝင်တော်သစ် ကျမ်းတွင် ဖော်ပြထားပေသည်။ ဤအချက်များအရ မိုးမိတ်သျှမ်းပြည်သည် မိုးကုတ်ပတ္တမြားမြေကို ဘယာဂတိကြောင့် တရားဝင် စွန့်လွှတ်လိုက်ရသကဲ့သို့ ဖြစ်ခဲ့ရသဖြင့် မိုးမိတ်သျှမ်းမင်းအနေအားဖြင့် များစွာစိတ်ထိခိုက်ခဲ့ရသည်ဟု သုံးသပ်နိုင်ပေသည်။ ထို့အပြင် သက္ကရာဇ်၉၉၉(အေဒီ၁၆၃၇)ခုတွင်ပင် မိုးမိတ်သျှမ်းမင်းသည် ညီတော်ဖြစ်သူ ခွန်ခမ်းဟေ့ကို တကောင်းမြို့စားအရာခန့်အပ်လိုက်ခြင်းဖြင့် ဗမာမင်းတို့၏ မိုးကုတ်နှင့် ပတ်သက်သည့် ဆုံးဖြတ် ချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်ဟု သုံးသပ်ရပါသည်။

 

ညောင်ရမ်းခေတ်ပျက်စီးပြီးချိန်တွင် မိုးကုတ်ပတ္တမြားမြေသည် မိုးမိတ်သျှမ်းမင်း၏ လက်အောက်သို့ ပြန်လည်ရောက်ရှိဟန်တူပါသည်။ သို့သော် ကုန်းဘောင်ခေတ်စတင်၍ အ‌လောင်းမင်းတရား အုပ်ချုပ်ချိန်တွင်မူ မိုးကုတ်ပတ္တမြားမြေသည် ဗမာမင်းတို့၏ အုပ်ချုပ်မှုအောက်သို့ ပြန်လည်‌ရောက်ရှိသွားသည်ဟု ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အ‌လောင်းမင်းတရားသည် မတ္တရာမြို့အနီးတဝိုက်ရှိ မင်းဒဏ်သင့်သူများကို မိုးကုတ်မြို့ သို့ ပို့ဆောင်ကာ ပတ္တမြားတူးဖော်သည့် လုပ်သားများအဖြစ် ခိုင်းစေခဲ့သည်ကို မိုးကုတ်မြို့ပတ္တမြားမြေသမိုင်းတွင် တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။

 

မိုးမိတ်သျှမ်းမင်းစဝ်ခွန်ညွန့် လက်ထက်တွင် မိုးကုတ်ပတ္တမြားမြေကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ဟန် တူပါသည်။ မိုးမိတ်သျှမ်းမင်းသည် လက်‌အောက်ခံစစ်ကဲတို့ကို မိုးကုတ်နယ်အတွင်းသို့လွှတ်၍ မြေခွန်ကောက်ခံ စေခြင်း၊ ဝင်နေကပ္ပား(ဒေသခံလူမျိုးလည်းမဟုတ်၊ မင်းမှုထမ်းလည်းမဟုတ်ဘဲ လာရောက်နေထိုင် လုပ်ကိုင်စား သောက်သူ)တို့ကိုလည်း ဖမ်းဆီးရိုက်နှက်ခြင်းများပြုသည်ကို မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းနှင့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းတွင် တွေ့ရသည်။ ဤတွင် မိုးကုတ်နယ်ကို အုပ်ချုပ်နေသည့် ဗမာမင်းလက်အောက်ခံ စို့သူကြီး တို့မှာ ဗမာမင်းထံ တိုင်ကြားကြသည်ကိုပါ တွေ့ရသည်။ ဤကာလသည် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အုပ်ချုပ်သည့် ကာလဖြစ်၍ တိုင်ကြားသည့် စို့သူကြီးတို့မှာ ဇေတုရာဇာနှင့် ဇေတရာဇာတို့ဖြစ်ပါသည်။ စို့သူကြီး (၃)ဦးအနက် (၂)ဦးက ဆင်ဖြူရှင်မင်းထံ တိုင်ကြားသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ‌ညောင်ရမ်းခေတ်၊ ညောင်ရမ်း မင်းတရားလက်ထက်ကစ၍ စို့သူကြီးများ ခန့်၍ ဗမာမင်းအုပ်ချုပ်မှုစနစ်အတိုင်း ပြင်ဆင်ခြင်းခံခဲ့ရသည့် မိုးကုတ် ပတ္တမြားမြေသည် မူလပိုင်ဆိုင်သူ မိုးမိတ်သျှမ်းပြည်၏ ပြန်လည်ရယူရန် ကြိုးပမ်းမှုကိုပင် လက်မခံတော့ဘဲ ဗမာ မင်းထံ တိုက်ရိုက်တိုင်ကြားခြင်းကပင် သျှမ်းအုပ်ချုပ်ရေးစနစ်သည် မိုးကုတ်ပတ္တမြားမြေနှင့် အလှမ်းကွာဝေးနေ ခဲ့ပြီကို ပြသသကဲ့သို့ ဖြစ်နေသည်ဟု သုံးသပ်နိုင်ပေသည်။

 

ဆင်ဖြူရှင်မင်းသည် မိုးကုတ်စို့သူကြီးတို့၏ တိုင်ကြားချက်အရ ပြဿနာများကို စိစစ်ပြီး မိုးမိတ်သျှမ်း မင်းသည် မိုးကုတ်ပတ္တမြားမြေကို သိမ်းယူခြင်းမပြုရန်၊ စို့သူကြီးတို့ကသာ မိုးကုတ်ပတ္တမြားမြေကို ဆက်လက် အုပ်ချုပ်ရန်၊ မိုးမိတ်သျှမ်းမင်း၏ စစ်ကဲတို့တောင်းခံထားသည့် အခွန်အခများကို ပြန်ပေးရန်၊ ဖမ်းဆီးရိုက်နှက် သဖြင့် ပျက်စီးသမျှကိုလည်း ပေးလျော်ရန်၊ မိုးမိတ်သျှမ်းမင်းသည် မိုးကုတ်ပတ္တမြားမြေအစား တကောင်းမြို့ကို သာ အုပ်ချုပ်ရန်ဖြစ်ပြီး ထုံးအင်းသောင်ကုန်းကျွန်းကစ၍ နယ်မြေ(၄)ရပ်လုံးကို စီမံအုပ်ချုပ်ရန် အမိန့်ချမှတ်ခဲ့ သည်ကို မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားပါသည်။ အမိန့်ချမှတ်သော ခုနှစ်မှာ သက္ကရာဇ်၁၁၂၅ (အေဒီ၁၇၆၃)ခု ဖြစ်ပါသည်။ ဤတွင်လည်း ညောင်ရမ်းခေတ်၊ ညောင်ရမ်း မင်းတရားလက်ထက်ကစ၍ မိုးကုတ် ပတ္တမြားမြေနှင့် တကောင်းမြို့ကို လဲလှယ်ခဲ့ရသည့် အကျိုးဆက်သည် ကုန်းဘောင်ခေတ်၊ ဆင်ဖြူရှင်မင်းလက် ထက်အထိပင် ပြန်လည်ပြင်ဆင်ခြင်းမပြုနိုင်ကြောင်း သုံးသပ်ရပါသည်။ သမိုင်းတွင် အမျိုးသားနယ်မြေတစ်ခု ဆုံးရှုံးခဲ့ခြင်းမျိုးသည် တစ်ဖက်က ၄င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အခြေခိုင်စွာ ချခဲ့လျှင် ပြန်လည်ရရှိအောင် ကြိုးစားရန် မလွယ်ကူတော့ကြောင်းကို ဤအချက်က သင်ခန်းစာတစ်ရပ်အဖြစ် မီးမောင်းထိုးပြနေပေသည်။

မိုးမိတ်သျှမ်းပြည်က မိုးကုတ်ပတ္တမြားမြေနှင့် တကောင်းမြို့နယ်မြေတို့ကို လဲလှယ်အုပ်ချုပ်ခဲ့ရသော် လည်း ဆင်ဖြူရှင်မင်း၏ သားတော်ဖြစ်သူ စဉ့်ကူးမင်းလက်ထက်တွင် လက်ျာကြောင်းဗိုလ်မှူး လက်ျာသီဟကို အေဒီ၁၇၇၆ခုတွင် တကောင်းမြို့စားအရာခန့်ခြင်းဖြင့် ကတိကဝတ်ကို ဖျက်ခဲ့သည်။ ဤတွင် မိုးမိတ်သျှမ်းမင်းဖြစ် သူ စဝ်ခွန်ခမ်းလှိုင်ကလည်း မိုးကုတ်ပတ္တမြားမြေကို ပြန်လည်သိမ်းယူလိုက်တော့သည်။ ဤပြဿနာသည် စဉ့်ကူးမင်း နန်းကျခါနီးကာလတွင် ဖြစ်ပွားဟန်တူပြီး ကောင်းစွာဖြေရှင်းနိုင်ခဲ့သည့် မှတ်တမ်းများကို မတွေ့ရပေ။ သို့သော် ဘိုးတော်ဗဒုံမင်းနန်းတက်လာပြီးနောက်တွင် အဆိုပါပြဿနာကို ပြန်လည်စစ်ဆေးခဲ့ကြောင်းကို မိုးမိတ် ရာဇဝင်တော်သစ်နှင့် မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် တူညီစွာဖော်ပြထားသည်ကို တွေ့ရသည်။

ဗမာမင်းတို့သည် ညောင်ရမ်းခေတ်ကစ၍ မိုးကုတ်ပတ္တမြားမြေကို မင်း၏တိုက်ရိုက်စီမံခန့်ခွဲမှုအောက်ရှိ အရေးကြီးနယ်မြေတစ်ရပ်( ပြည်ထောင်စုနယ်မြေ)ကဲ့သို့ သတ်မှတ်ခဲ့ကြသည်။ မိုးကုတ်ပတ္တမြားမြေနှင့် စပ်လျဉ်း ၍ မူလပိုင်ရှင်ဖြစ်သော မိုးမိတ်သျှမ်းပြည်က ပြန်လည်ရယူနိုင်ခြင်းမရှိအောင် တကောင်းမြို့နယ်မြေတို့နှင့် အပြီး လဲလှယ်သည့်ပုံစံဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ပြဿနာတက်တိုင်းလည်း တကောင်းမြို့နယ်မြေကိုသာ မိုးမိတ် သျှမ်းပြည်သို့ ပြန်အပ်၍ မိုးကုတ်ပတ္တမြားမြေကို ဆက်လက်သိမ်းယူခဲ့ကြသည်။ ဘိုးတော်ဗဒုံမင်းကလည်း ရှေး မင်းအဆက်ဆက်က ဆောင်ရွက်ခဲ့သည့် နည်းလမ်းကိုပင် ပြန်လည်ကျင့်သုံးကာ စဉ့်ကူးမင်းလက်ထက်က တကောင်းမြို့စားအရာခန့်ထားခဲ့သည့် လက်ျာသီဟကို ရာထူးနုတ်သိမ်း၍ တကောင်းမြို့ကို မိုးမိတ်သျှမ်းပြည်ထံ ပြန်အပ်ပြီး မိုးကုတ်ပတ္တမြားမြေးကို ပြန်လည်သိမ်းယူခဲ့သည်။ ဗဒုံမင်းအမိန့်တော်အတိုမှတ် သမိုင်းမှတ်တမ်းစာ အုပ်တွင် ဗဒုံမင်းသည် အေဒီ၁၇၈၃ခုတွင် စဉ့်ကူးမင်းလက်ထက်က အစဉ်အလာမရှိဘဲ အလွန်အကျူးခန့်ထား ခဲ့သော မြစ်မ (ဧရာဝတီ)၊ မြစ်ငယ်(နမ့်တူ> ဒုတ္ထဝတီ)၊ ချင်းတွင်း(သလ္လာဝတီ) မြစ်များရှိ ကင်းစခန်းများကို ပြန်လည်ဖျက်သိမ်းသည့်အမိန့်ထုတ်ခဲ့ရာ ဤကာလအတွင်းမှာပင် မိုးကုတ်ပတ္တမြားမြေပြဿနာကို ဖြေရှင်းဟန် တူကြောင်း သုံးသပ်ရပေသည်။ မိုးမိတ်ရာဇဝင်တော်သစ်တွင်မူ သက္ကရာဇ်၁၁၁၄(အေဒီ၁၇၅၂)ခုတွင် ဗဒုံမင်းက အမိန့်ထုတ်ပြန်၍ မိုးမိတ်သျှမ်းပြည်အား တကောင်းမြို့နယ်မြေကို ပြန်လည်ပေးအပ်ကာ မိုးကုတ်ပတ္တမြားမြေကို ပြန်လည်သိမ်းယူကြောင်း ဖော်ပြသည်။ သို့သော် ဗဒုံမင်းသည် သက္ကရာဇ်၁၁၄၃(အေဒီ၁၇၈၂)မှ ဖောင်းကားစား မောင်မောင်နှင့် စဉ့်ကူးမင်းတို့ထံက အာဏာသိမ်းယူ၍ မင်းဖြစ်လာသည်ဖြစ်၍ မိုးမိတ်ရာဇဝင်တော်သစ်ပါ ခုနှစ် မှတ်တမ်းမှာ မှားယွင်းနေသည်ဟု သုံးသပ်နိုင်ပါသည်။

မိုးကုတ်ပတ္တမြားမြေပြဿနာသည် ဤမျှနှင့် မပြီးဆုံးပါချေ။ ထီးကျိုင်းမြို့နယ်သမိုင်းစာအုပ်နှင့် ကုန်း ဘောင်ဆက် မဟာရာဇဝင်(ဒုတိယတွဲ)အရ မိုးမိတ်သျှမ်းမင်းစဝ်ခွန်ခမ်းလှိုင်သည် တကောင်းမြို့ကို ပြန်လည်ရရှိ ပြီးနောက် မိမိ၏ သမီးတော်(၂)ပါးကို ဗဒုံမင်းထံ ဆက်သခဲ့သည်ကို တွေ့ရသည်။ ဗဒုံမင်းသည် မိုးမိတ်သျှမ်းမင်း စဝ်ခွန်ခမ်းလှိုင်၏ သမီးတော်ကြီးကို သီရိတိလောကဒေဝီဘွဲ့၊ သမီးတော်ငယ်ကို သီရိဝဏ္ဏမဟေဘွဲ့ နှင်းအပ်ကာ မိဖုရားမြှောက်ခဲ့သည်။ ဗဒုံမင်းနှင့် သီရိတိလောကဒေဝီဘွဲ့ခံ မိုးမိတ်မိဖုရားကြီးတို့မှ သားတော်သုသီရိဓမ္မရာဇာ အပါအဝင် သားတော်သမီးတော်ပေါင်း(၈)ပါး ထွန်းကားခဲ့သည်။ သီရိဝဏ္ဏမဟေဘွဲ့ခံ မိုးမိတ်မိဖုရားငယ်မှ သားတော် မင်းရဲစည်သူအပါအဝင် သားတော်သမီးတော်(၂)ပါး ထွန်းကားခဲ့သည်။ ဤတွင် ဗဒုံမင်းသည် မိုးမိတ် မိဖုရားကြီးနှင့်ရသော သမီးတော် သီရိသုရတနာ စန္ဒာဒေဝီမင်းသမီးကို မြတောင်မြို့စားခန့်အပ်၍ သားတော် သုသီရိဓမ္မရာဇာမင်းသားကို မိုးမိတ်မြို့စားခန့်အပ်ကြောင်းကို ထီးကျိုင်းမြို့နယ်သမိုင်းစာအုပ်နှင့် ကုန်းဘောင် ဆက်မဟာရာဇဝင်(ဒုတိယတွဲ)တို့တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

 

မိုးမိတ်သျှမ်းပြည်အတွက်မှာမူ မိုးကုတ်ပတ္တမြားမြေကို တကောင်းနှင့်လဲလှယ်ခြင်းကို ထပ်မံခံရသည် သာမက သမီးတော်(၂)ပါးကို လက်ဆောင်အဖြစ်ဆက်သလိုက်ရာတွင် မွေးဖွားလာသည့် မင်းသားကပါ မိုးမိတ် မြို့စားဖြစ်လာရာ အုပ်ချုပ်ရေးစနစ်တို့မှာ သျှမ်းနှင့်ဗမာရောထွေးမှုများ ဖြစ်လာပြီး သျှမ်းမင်းတို့၏ အုပ်ချုပ်ရေး မှာ ကျဉ်းမြောင်းလာမည်ဟု သုံးသပ်ရပေသည်။ မိုးကုတ်ပတ္တမြားမြေကို ပြန်မရတော့သည့်အပြင် မိုးမိတ် သျှမ်းပြည်တွင်ပင် အုပ်ချုပ်ရေးစနစ်အရ သျှမ်းမင်းနှင့် ဗမာမင်းကခန့်အပ်သည့် မြို့စားဟူ၍ (၂)ပါးစုံ အုပ်ချုပ်သည့်စနစ်မှာ ဗဒုံမင်းလက်ထက်တွင် စတင်လာခဲ့ရပေတော့သည်ဟု သုံးသပ်ရပေသည်။ လက်ဆောင် အပေးကောင်းလျှင် လက်ဆောင်ကြောင့်ပင် အမျိုးသားနယ်မြေ၏ အုပ်ချုပ်ရေးပါ ထိခိုက်လာနိုင်သည်ကို သမိုင်းသင်ခန်းစာအဖြစ် ယူသင့်ပေသည်။ နောက်လာမည့်တစ်ပတ်တွင် မိုးကုတ်ပတ္တမြားမြေနှင့် ကုန်းဘောင် ခေတ်နှောင်းကာလ အဖြစ်အပျက်များ၊ အင်္ဂလိပ်ခေတ် အဖြစ်အပျက်များ၊ လွတ်လပ်ရေးခေတ် အဖြစ်အပျက် များကို ဆက်လက်တင်ပြသွားပါမည်။

 

 

ကျမ်းကိုး

– ၁။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။

– ၂။ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။

– ၃။ တိုးလှ၊ ‌ဒေါက်တာ။ ဗဒုံမင်းအမိန့်တော် အတိုမှတ်။ ၂၀၂၃။ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန။ နေပြည်တော်။

– ၃။မောင်မောင်တင်၊ ဦး(၁)။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး(ဒုတိယတွဲ)။ ၂၀၀၄။ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန။ ရန်ကုန်မြို့။

– ၅။မှန်နန်းမဟာရာဇဝင်တော်ကြီး(သုံးတွဲပေါင်း ပထမအကြိမ်)။ ၂၀၀၈။ သီဟရတနာစာပေ။ ရန်ကုန်မြို့။

– ၆။တည်တောဆရာတော်(ထီးချိုင့်မြို့)။ ထီးကျိုင်းမြို့နယ်သမိုင်း။

– 7. Than Tun, The Royal Orders of Burma, A.D.1598-1648,Vol.1, Kyoto, The Center for Southeast Asian Studies(CSEAS),Kyoto University,1983.p.325.

တွဲဖက်လေ့လာသည့်စာအုပ်-

– 1. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART I, VOL I, Superintendent, Government Printing Press, 1900

.