ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

Hsan Loi Editor
12/04/2023
Share:

 

#အပိုင်း_၆

 

မိုင်းမောနိုင်ငံ_ကျရှုံးရလေပြီ

 

မင်တရုတ်မှတ်တမ်းများနှင့် သျှမ်းမှတ်တမ်းများအရ မိုင်းမောမင်းသိုငံဘွား၏ နောက်ဆုံးခံတပ်ဖြစ်သော စယ်လန့်ခံတပ်ပျက်သည်နှင့်ပင် မိုင်းမောနိုင်ငံမှာ နလံမထူနိုင်အောင် ပျက်စီးသွားပေတော့သည်။ နိုင်ငံအတွင်းရှိ သျှမ်းလူထုနှင့် အတူနေမျိုးနွယ်စုပေါင်းများစွာသည် စစ်ပြေးဒုက္ခသည်များအဖြစ် အင်းဝပြည်ထောင်အတွင်းသို့လည်းကောင်း၊ သျှမ်းမြို့ပြများရှိရာ နမ့်တာလုံး (ၼမ်ႉတႃႇလူင်> ချင်းတွင်းမြစ်) နှင့် နမ့်ကျို (ၼမ်ႉၵဵဝ်> ဧရာဝတီမြစ်) မြစ်ဝှမ်းသို့လည်းကောင်း အလုံးအရင်းဖြင့် ထွက်ပြေးကြရတော့သည်။ အချို့မှာ နွိုင်ပတ်ကိုင်တောင်တန်း (လွႆပၢတ်ႇၵႆႇ) ကိုကျော်ကာ အာသံရှမ်းပြည်အတွင်းသို့ ပြေးဝင်ခိုလှုံကြရလေသည်။

 

မိုင်းမောမင်းသိုငံဘွားကိုယ်တိုင်သည်လည်း စစ်ပြေးဒုက္ခသည်အဖြစ် မိုးကောင်းပြည် (မိူင်းၵွင်) သို့ ဝင်ရောက်ခိုလှုံနေရသည့်ဘဝသို့ ရောက်ရှိသွားပြီး မင်တရုတ်ဘုရင်၏ အမိန့်ကြောင့် ၄င်းကို သိန္နီပြည်ကဖမ်းမည်လား၊ အင်းဝပြည်ကဖမ်းမည်လားဟု တွေးနေရသည့်ဘဝသို့ရောက်သွားတော့သည်။ မိုင်းမောနိုင်ငံပျက်စီးသွားသော်လည်း တရုတ်မှတ်တမ်းအရ မိုင်းမောနိုင်ငံပိုင်နက်ကိုမူ မင်တရုတ်ဘုရင့်ပိုင်နက်အတွင်းသို့ အပြီးတိုင် မသွတ်သွင်းသေးချေ။ နိုင်ငံရေးအရ ဆက်လက်အသုံးချနိုင်မည့် အနေအထားကို စောင့်ကြည့်ဟန်ရှိ၍ စစ်သူကြီးဝမ်ဂျီဦးဆောင်သည့် မင်တရုတ်တပ်ကသာ တပ်ချကာကွယ်ထားသည်ကိုတွေ့ရသည်။

 

ဤအချိန်တွင် မိုင်းမောသျှမ်းပြည်နှင့် မဟာမိတ်ဆက်ဆံရေးထူထောင်ထားသည့် အင်းဝပြည်၏ အခြေအနေကို ကြည့်ကြပါဦးစို့။ AD1426 တွင် မိုးညှင်းသတိုး (မိုးညှင်းမင်းတရား) သည် အင်းဝပြည်တွင် ဘုရင်ဖြစ်လာသည်။ ၄င်းနန်းတက်သည်နှင့် အင်းဝပြည်သည် အင်အားတောင့်တင်းလာပြီး မြောက်ဘက်ရှိ မိုင်းမောနိုင်ငံ၏ လက်အောက်ခံ သျှမ်းပြည်များကို ခြိမ်းခြောက်လာနိုင်ခဲ့သည်ကို မြန်မာနှင့် သျှမ်းမှတ်တမ်းများတွင် စတင်တွေ့ရှိလာရပါသည်။

 

AD-1439 မိုင်းမောနှင့် မင်တရုတ်တို့ စစ်စတင်ဖြစ်ပွားချိန်တွင် အင်းဝပြည်၌ မိုးညှင်းသတိုးမင်း၏သားတော်ကြီး မင်းရဲကျော်စွာနန်းတက်သည်။ ထိုနှစ်တွင်ပင် မိုးညှင်းသျှမ်းပြည်နှင့် လက်အောက်ခံ ကလေးသျှမ်းပြည်ကို အင်းဝပြည်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ ထို့နောက် အင်းဝမင်းမင်းရဲကျော်စွာသည် ယောက်ဖတော်သီဟပတေ့ကို မိုးညှင်းသျှမ်းပြည်အားလည်းကောင်း၊ ယောက်ဖတော်သီရိဇေယျသူကို ကလေးသျှမ်းပြည်အားလည်းကောင်း အသီးသီးပေးအပ်၍ အုပ်ချုပ်စေခဲ့သည်။ ဤသည်ကို AD1442 တွင်ရေးထိုးသည့် ပုဂံတက်နွယ်ကျောင်းကျောက်စာ၊ စာကြောင်းရေ ၂၂-၂၃ တွင်-

 

” တန်ခူလဆန် အင်္ကာနေ ရောဟနိနက်သတ်တွင်၊

ကလေမေည်သော၊ သိုဝ်နတ်ပြေည်ကိုဝ်၊ ရတော်

မူ၏”

 

ဟူ၍ ကလေးသျှမ်းပြည်အား သိမ်းယူနိုင်ခဲ့မှုကို ဖော်ပြထားသည်။

 

AD1441တွင် အင်းဝနိုင်ငံသည် မိုးကောင်းသျှမ်းပြည်ကိုပါ ချီတက်တိုက်ခိုက်သည်။ မိုးကောင်းသျှမ်းပြည်ကို စော်ဘွားအဆင့်ဖြင့် အုပ်ချုပ်နေသော သိုဟန်ဘွား (ဆေဟန်ဖှ>သိူဝ်ႁၢၼ်ၾႃႉ) သည် အင်းဝစစ်သည်တို့၏ ကျူးကျော်မှုကို ကောင်းစွာခုခံနိုင်ခဲ့သည်ကို မြန်မာမှတ်တမ်းများတွင် တွေ့ရသည်။ အလှမ်းမကွာဝေးသည့် မိုးညှင်းသျှမ်းပြည်ကို သိမ်းယူထားသည့် အင်းဝစစ်သည်များသည် မိုးကောင်းသျှမ်းပြည်ကို မသိမ်းယူနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း မိုးညှင်းသျှမ်းပြည်ကို သိမ်းယူထားနိုင်သည့်အတွက် နောက်တစ်ကြိမ်တိုက်ခိုက်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပါချေ။ နောက်ထောက်အဖြစ် ရိက္ခာ၊ လက်နက်နှင့် စစ်အင်အားသာ အလျဉ်မီအောင် ပေးပို့လျက် မိုးညှင်းသျှမ်းပြည်ကတဆင့် မိုးကောင်းသျှမ်းပြည်ကို အချိန်ကြာမြင့်စွာ ဝန်းရံထားနိုင်လျှင် သိမ်းယူနိုင်မည်မှာ သေချာနေတော့သည်။

 

ထိုကာလအတွင်း အင်းဝဘုရင်မင်းရဲကျော်စွာ နတ်ပြည်စံ၍ ညီတော်ပြည်မြို့စားသီဟသူ နန်းတက်လာသည်။ AD1442 တွင် မိုးညှင်းမြို့စားသီဟပတေ့နှင့် ကလေးမြို့စားသီရိဇေယျသူတို့သည် အင်းဝတပ်ကိုဦးဆောင်၍ မိုးကောင်းသျှမ်းပြည်ကို ထပ်မံတိုက်ခိုက်ခဲ့ကြသည်။ ထိုကာလတွင် မိုင်းမောဘုရင်သိုငံဘွားမှာ မိုးကောင်းသို့ရောက်ရှိနေပြီဖြစ်သည်။ မိုးကောင်းစော်ဘွားသိုဟန်ဘွားသည် မိုင်းမောမင်းသိုငံဘွားကို ဆွေတော်မျိုးတော်ဖြစ်သည့်အားလျော်စွာ လက်ခံစောင့်ရှောက်ထားဟန်တူသည်။ ထို့ကြောင့် အင်းဝပြည်၏မိုးကောင်းသျှမ်းပြည်ကို တိုက်ခိုက်မှုသည် မင်းတရုတ်ဘုရင်၏ အမိန့်အရ မိုင်းမောမင်းသိုငံဘွားကို ဖမ်းဆီးရန်အတွက် တိုက်ခိုက်ခြင်းဟု ဆိုနိုင်ပေသည်။

 

AD1442 အတွင်း၌ပင် အင်းဝတပ်များသည် မိုးကောင်းသျှမ်းပြည်ကို သိမ်းပိုက်နိုင်၍ မိုင်းမောမင်းသိုငံဘွား၊ မိဘုရားများနှင့် သားတော်သမီးတော်တို့ကို သိမ်းယူနိုင်ခဲ့သည်။ မိုးကောင်းစော်ဘွား သိုဟန်ဘွားမှာမူ တိုက်ပွဲတွင်ကျဆုံးဟန်ရှိ၍ ၄င်းကိုဖမ်းဆီးရမိကြောင်း မှတ်တမ်းများတွင် ဆက်လက်ဖော်ပြခြင်း မရှိတော့ပါ။ မိုင်းမောဘုရင်သိုငံဘွားကို အင်းဝတပ်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း AD1442 တွင်ရေးထိုးသည့် ပုဂံတက်နွယ်ကျောင်းကျောက်စာ၊ စာကြောင်းရေ ၂၃-၂၅ တွင်-

 

” လဆန်ခုနှစ်ရျက် ကြာသပတေနေ ပုန်နပသျှုနက်သတ်တွင်ကာ၊ကိုဝ်သိန်အသျှင် သိုဝ်ခင်ဖွါ၏ မြေရင်ဖြစ်သော မိုင်မော၊ မိုင်ညင်၊သမုတ္တရာနာ ကုလာတိံမသာ ခြေချင်ဝတ်၊ မိုင်ကာလေ၊ ကသည်၊ ကခြင်၊ မိုင်တိန်၊ မိုင်ပြင်၊ မိုင်တီ၊ မိုင်နာ၊ မိုင်မျည်၊ ခြအိုဝ်၊ မိုင်ညိုဝ်၊ မိုင်လို၊ မိုင်သော်၊ မိုင်ယာ၊ မိုင်ခြိုင်၊ မိုင်ခုန်၊ မိုင်ယိုဝ်၊ မိုင်ထုန်၊ မိုင်ခြေည်၊ မိုင်မေည်ဟူသော ထီနှစ်ဆယ်တစင်တိုဝ်ကိုဝ် အစိုဝ်ရဓသော၊ မောမင်ကြီ သိုဝ်ငံဖွါကိုဝ် ရတော်မူ၏ ”

 

ဟု ဖော်ပြထားပါသည်။

 

အင်းဝစစ်သည်တို့၏ ဖမ်းဆီးခေါ်ဆောင်မှုကြောင့်မိုင်းမောဘုရင်သိုငံဘွားသည် AD1442 တွင် မိုးကောင်းသျှမ်းပြည်မှတဆင့် အင်းဝနိုင်ငံသို့ ပါတော်မူလာရလေသည်။ အင်းဝဘုရင်သီဟသူသည် မိုင်းမောနိုင်ငံတော်အကြောင်းနှင့် မိုင်းမောဘုရင်သိုငံဘွား၏ မျိုးရိုးကို သိဟန်တူသည်။ ထို့ကြောင့်ပင် ပုဂံတက်နွယ်ကျောင်းကျောက်စာ၌ မိုင်မောနိုင်ငံတော်အတွင်းရှိ သျှမ်းနယ်အမည်များနှင့် မိုင်းမောဘုရင်သိုငံဘွား၏မျိုးရိုးတို့ကို ပြည့်စုံစွာဖော်ပြ၍ မိုင်းမောမင်းကို မိမိဖမ်းယူနိုင်မှုအပေါ် လွန်စွာဂုဏ်ယူတော့သည်။ သိန္နီပြည်နှင့်ယှဉ်လျှင် မိုင်းမောမင်းကို မိမိတို့အင်းဝပြည်က ဖမ်းဆီးရမိသဖြင့်

တရုတ်ဘုရင်၏ ကတိအတိုင်း မိုင်းမောနိုင်ငံကို မိမိတို့အုပ်ချုပ်ရတော့မည်ဟုတွေးကာ ဂုဏ်ယူဟန်လည်းရှိသည်။ ထို့ကျောင့် ပုဂံတက်နွယ်ကျောင်း ကျောက်စာ၊ စာကြောင်းရေ- ၂၉-၃၁ တွင်-

 

” မိုဝ်ဓက်ကြယ်ကိုဆွတ်လျှင် အံသကဲသိုဝ်ဟိသော

နှလုံမ်လက်ရုံမ်ဖြင်အာ၊ တရုတ်ခန်နှင့် ထိုပစ်မူကြလျှင်သော၊ မောမင်ကြီသိုငံဖွါကစသ ကာလေအလုံမ် သျှရံ ထော်မိုင်မျာတိုဝ်ကိုဝ် မြင်တော်မူလစ်သော်၊ ခမက်တော် ဖုရရှင် နရပတိ ပဝရ မဟာဓမ္မရာဇာဓိ ရာဇာဓိရာဇာ ဓိပတိတြာမင်ကြီ အလွန်တရာ ဝံသာတော်မူစွာသည် ဖြစ်သောကြောင်ရကာ ”

 

ဟုဖော်ပြထားသည်။ ကျောက်စာအရ အင်းဝမင်းသီဟသူသည် တရုတ်နှင့်စစ်ထိုးဘက်ဖြစ်၍ အင်အားကြီးမားသော မိုင်းမောဘုရင်ကို လက်ရုံးအားဖြင့် လွယ်လွယ်ဖမ်းမိသည်ကို များစွာဂုဏ်ယူနေဟန်ရှိသည်။ ထို့ကြောင့်ပင် မိုင်းမောမင်းကို ဖမ်းဆီးလာနိုင်သည့် ကလေးမြို့စားသီရိဇေယျသူကို ဆုလာဘ်များစွာ ပေးသနားတော့သည်။ ဤသို့ ပေးသည်ကိုလည်း ပုဂံတက်နွယ်ကျောင်းကျောက်စာ၊ စာကြောင်းရေ ၃၁-၃၂ တွင်-

 

” ရဲဆုပေတော်မူသည်ကာ ဆင်ပေါက်ချစ်နောင်ရင် တစီ၊ ရတ္တနာကိုဝ်ပါတင်သော ပုလဲလက်ကောက်တော် တခြေည်၊ ပတ္တမြာအတိစီသော လက်ကောက်တော်တခြေည်၊ ကုခန်မေည်သော တိုက်နှိုက် မျိုင်ဟူသော ကျေ၊ လေဆယ်စင်ပြုတရွာ၊ ဤမျှလောက် ဆုသည်လျှင် ပေတော်မူ၏”

 

ဟုခမ်းနားစွာဖော်ပြထားသည်ကို တွေ့ရပေသည်။ အင်းဝမင်းသည် မင်တရုတ်ဘုရင်၏ ကတိအတိုင်း မိုင်းမောနိုင်ငံကို ရတော့မည်ဟု ယူဆ၍ မိုးကောင်းပြည်ကိုသိမ်း၍ မိုင်းမောမင်းသိုငံဘွားကို ဖမ်းယူပေးခဲ့သည့် ကလေးမြို့စားကို ဝမ်းပန်းတသာနှင့် ဆုကြီးလာဘ်ကြီး ပေးဟန်တူပါသည်။ သို့သော် မင်တရုတ်ဘုရင်သည် ၄င်း၏ကတိကိုဖျက်ပြီး မိုင်းမောနိုင်ငံကို အင်းဝနိုင်ငံအတွက် ပေးအပ်ခြင်းမပြုဘဲ မကြာမီနှစ်ပိုင်းတွင် အင်းဝနိုင်ငံအထိ ဝင်ရောက်ကျူးကျော်လာတော့မည်ကိုမူ အင်းဝမင်းသီဟသူက မတွက်ဆမိခဲ့ပါချေ။ ။

 

Sae Kham Vaeng Pha (Mong Veng)

မန္တလေးတက္ကသိုလ်

 

ကျမ်းကိုး-

 

၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။

၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။

မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။

၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။

၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).