ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အပိုင်း_၁
မိုင်းမော(လုချွမ်း> 麓川)သည် လက်ရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း၌ ခြေကုပ်ယူ၍ အင်အားကြီးမားလာသည့် သျှမ်းနိုင်ငံဖြစ်သည်။ အကျယ်အဝန်းအားဖြင့်ဆိုလျှင် တရုတ်ပြည်၊ ယူနန်ပြည်နယ်အတွင်းရှိ သျှမ်းနယ်များ၊ မြန်မာပြည်တွင် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ အိန္ဒိယပြည်၊ အာသံပြည်နယ်နှင့် အရူနာချာပရာဒေ့ရှ့်နယ်တို့အထိ ရှိခဲ့ဖူးသော သျှမ်းနိုင်ငံဖြစ်ပါသည်။
မိုင်းမောသျှမ်းနိုင်ငံသည် ခုနှစ်အားဖြင့် AD1340 မှ AD1445 အထိ နှစ်ပေါင်း (၁၀၅) နှစ်အထိ တည်တံ့ခဲ့ပါသည်။ မင်တရုတ်အင်ပါယာ၏ တိုက်ဖျက်မှုကြောင့် မိုင်းမောသျှမ်းပြည် ပျက်စီးခဲ့သော်ငြား မိုင်းမောမင်းဆက်သည် မိုးညှင်း(မိန်းယန်း>မိူင်းယၢင်း)တွင်ဗဟိုပြု၍ နိုင်ငံသစ်ထူထောင်ရန် ကြိုးပမ်းခဲ့ကြရာတွင် အင်းဝပြည်ကိုပင် သိမ်းယူနိုင်သည်အထိ အင်အားကောင်းခဲ့သည်ကိုလည်း တွေ့ရပါသည်။ မြန်မာသမိုင်းမှတ်တမ်းများတွင် မောသျှမ်းပြည်၊ မောမင်းကြီး၊ မောပါသီဟသူ စသည့်ဝေါဟာရများကို ပင်းယခေတ်မှစ၍ တွေ့ရှိရပေသည်။ တရုတ်မှတ်တမ်းတွင် မိုင်းမောနိုင်ငံကို ညွှန်းဆိုသည့် လုချွမ်း> 麓川ဟူသော ဝေါဟာကို မွန်ဂိုအင်ပါယာခေတ်တွင် တွေ့နေရပြီဖြစ်ပါသည်။
သျှမ်းသမိုင်းမှတ်တမ်းများတွင် မိုင်းမောဒေသတွင် နိုင်ငံအဆင့်မတိုင်မီက အုပ်ချုပ်သည့် သျှမ်းမင်းများကိုဖော်ပြကြသည်ကိုတွေ့ရသည်။ သို့သော် မင်တရုတ်အင်ပါယာမှတ်တမ်းတွင်မူ နိုင်ငံအဆင့်ဖြင့်စတင်အုပ်ချုပ်သည့် သျှမ်းမင်း (၈) ပါးကိုသာ အလေးပေးဖော်ပြပါသည်။ ထို (၈) ပါးအနက် မိုင်းမောနိုင်ငံမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သူ သိုငံဘွားမှာ မင်တရုတ်မှတ်တမ်းနှင့် ဗမာ့မှတ်တမ်းများတွင်ပင် များစွာဖော်ပြခြင်းခံရသည့်မင်းဖြစ်ပါသည်။ ထို့ကြောင့်ထိုမင်းအကြောင်းကို မင်တရုတ်မှတ်တမ်း၊ သျှမ်းမှတ်တမ်းနှင့် ဗမာမှတ်တမ်းများမှ ကောက်နုတ်တင်ပြလိုပါသည်။
#သိုငံဘွားနန်းတက်ခြင်း
မင်တရုတ်မှတ်တမ်းအရ မိုင်းမောနိုင်ငံ၏ နောက်ဆုံးမင်းဖြစ်သူ သိုငံဘွား(သိူဝ်ငၢမ်ႇၽႃႉ>思任發> Shau Ngan Hpa) သည် AD1413တွင် နောင်တော် သိုစင်ဘွား(သိူဝ်သႅၼ်ၾႃႉ>思行發> Shau Xing Hpa)၏ အရိုက်အရာကို လွှဲပြောင်းရယူခဲ့သည်။ ထိုသို့ အရိုက်အရာလွှဲပြောင်းမှုအပေါ် တရုတ်ဘုရင်ထံ တင်ပြခဲ့ရပြီး ခွင့်ပြုချက်ရသည့်အခါမှသာ မိူင်းမောတွင် သိုငံဘွားနန်းတက်ခဲ့ရသည်။ ခွင့်ပြုချက်အတွက် အမတ်ကြီးတောင့်လုံဖှကို တရုတ်ဘုရင်ထံစေလွှတ်ပြီး-
“ ဆင်၆စီး၊ မြင်းအစီး ၁၀၀ နှင့် ရွှေငွေအသုံးအဆောင်များ”
ကို ဆက်သခဲ့ရသည်ဟု ဖော်ပြထားသည်။ ထိုသို့ တရုတ်ဘုရင်ထံ ခွင့်ပြုချက်ယူ၍ မိုင်းမောထီးနန်းကို စိုးစံလာရသည်ကို သိုငံဘွားက နှစ်သက်ခဲ့ဟန်မတူပါချေ။ မင်တရုတ်ဘုရင်၏ မိုင်းမောနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်မှုတို့ကိုလည်း ကျေနပ်ခြင်း ရှိမည်မဟုတ်ပေ။ သို့သော် ခမည်းတော် သိုဟုံဘွား(သိူဝ်ႁူမ်ႇၾႃႉ>思倫發> Shau Lun Hpa) လက်ထက် AD-1382-1399 တွင် အစပြု၍ မိုင်းမောနိုင်ငံသည် မင်တရုတ်အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဘဝသို့ စတင်ကျရောက်ခဲ့ပြီဖြစ်ရာ သိုငံဘွားမင်း အနေနှင့် မကျေနပ်စေကာမူ အစဉ်အလာအရ နန်းတက်သည့်နှင့်ပင် မင်တရုတ်အင်ပါယာကို ပဏ္ဏာဆက်၍ အရိုအသေပြုခဲ့ရပြီ ဖြစ်သည်။
[အပိုင်း-၂ ဆက်လက်ဖော်ပြပါမည်။]
Kham Vaeng Pha (Mong Veng)
မန္တလေးတက္ကသိုလ်
ကျမ်းကိုး-
၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။
၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။
မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။
၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။
၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။
၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).