ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း(သို့မဟုတ်) ဖက်ဒရယ်သျှမ်းပြည်၏ ဗိသုကာ 

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း(သို့မဟုတ်) ဖက်ဒရယ်သျှမ်းပြည်၏ ဗိသုကာ 

Hsan Loi Editor
19/07/2023
Share:

 

စားပွဲဝိုင်းတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးလမ်းကြောင်းတွင် လက်နက်ဖြင့် ဖြေရှင်းရန် စတင်ကြိုးစားရာမှ ပေါ်ပေါက်လာခဲ့သော အာဇာနည်နေ့သည် ယနေ့၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်တွင် (၇၆) နှစ် ပြည့်မြောက်၍ လာပြန်ချေပြီ။ ကျဆုံးခဲ့ကြကုန်သော အာဇာနည်ပုဂ္ဂိုလ်များ၏ နိုင်ငံအပေါ် ထားရှိမျှော် လင့်ခဲ့ကြသော ဆန္ဒတို့သည်ကား လမ်းခုလတ်တွင်ပင် ရှိနေသေးသည်။ အထူးသဖြင့် သျှမ်းပြည်အတွင်းရှိ ညီနောင်တိုင်းရင်းသားတို့အတွက်သာမက တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများအတွက်ပါ ကိုယ်စားပြုလျက် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ရင်း ကျဆုံးခဲ့ရသော မိုင်းပွန်စော်ဘွားကြီး၏ ဖက်ဒရယ်ဒီမိုကရေစီဆန္ဒသည်ကား ယခုချိန်အထိ မပြည့်ဝခဲ့သေးပါချေ။ ထိုကဲ့သို့သော မိုင်းပွန်စော်ဘွားကြီး၏ မပြည့်ဝသေးသော ဖက်ဒရယ်ဒီမိုကရေစီဆန္ဒကို လေးစားသည့်စိတ်အား အရင်းခံလျက် စော်ဘွားကြီး၏ အတ္ထုပ္ပတ္တိကို ပြန်ပြောင်းတင်ပြအပ်ပါသည်။

 

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းကို မိုင်းပွန်စော်ဘွားကြီးစဝ်ခွန်ထီးနှင့် မြောက်ဆောင်သခင်မ နန်းစိန်ဥတို့ က သက္ကရာဇ် ၁၂၆၉ ခု၊ နယုန်လပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၁၉၀၇ ခု၊ မေလ (၃၁) ရက်၊ သောကြာနေ့၊ ညဉ့် (၃) ချက်တီးကျော်အချိန်တွင် ဖက်ဒရယ်သျှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်နယ်၊ မိုင်းပွန်မြို့ရှိဟော်နန်း၌ ဖွားမြင် တော်မူပါသည်။ ဖွားမြင်ချိန်တွင် မီးဖွားဆောင်အောက်သို့ ကျားတစ်ကောင်က ထူးဆန်းစွာ ဝင်ရောက်လာသည် ဟု မိုင်းပွန်မှတ်တမ်းက ဆိုပါသည်။ အဓိပတိဖွား၊ သောကြာသားဖြစ်၍ စော်ဘွားကြီး၏ ငယ်မည်ကို စဝ်သာထွန်း ဟု အမည်ပေးခဲ့ပါသည်။

 

မိုင်းပွန်စော်ဘွားကြီး၏ ခမည်းတော်ဖြစ်သော မိုင်းပွန်စော်ဘွားကြီးစဝ်ခွန်ထီးမှာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါချေ။ သက်တော် (၇) နှစ်အရွယ်ကစ၍ မန္တလေးနန်းတွင်း၌ နေထိုင်ပညာသင်ယူခဲ့ရပြီးနောက် အရွယ်ရောက်ချိန်တွင် မိုင်းပွန်စော်ဘွားအရာ ဆက်ခံနိုင်ခဲ့သည်။ သီပေါမင်းပါတော်မူချိန်တွင်မူ အိမ်ရှေ့စံကနောင်မင်း၏ သားတော်တစ်ပါးဖြစ်သူ လင်းပင်မင်းသားဦး‌ဆောင်သည့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွင် ကျိုင်းတုံ စော်ဘွားကြီး၊ မိုးနဲစော်ဘွားကြီး၊ ရပ်စောက်စော်ဘွားကြီးတို့နှင့်အတူ ပါဝင်ခဲ့သော စော်ဘွားတစ်ပါး ဖြစ်သည်။ သတ္တိ ဗျတ္တိ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသူဖြစ်၍ လင်းပင်အုပ်စု၏ ဦးနှောက်နှင့်ဓား ဟူ၍ပင် အင်္ဂလိပ်အရာရှိ တို့က မှတ်တမ်းပြုခဲ့ရပေသည်။ ထို့ကြောင့်ပင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ ရဲရဲဝံ့ဝံ့စီမံဆောင်ရွက်တတ် သောသတ္တိကောင်းတို့မှာ ခမည်းတော်စဝ်ခွန်ထီးထံက အမွေရသည်ဟုပင် ဆိုနိုင်ပေသည်။

 

မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီး အုပ်ချုပ်ရသည့် မိုင်းပွန်နယ်သည် စတုရန်း မိုင်ပေါင်း (၅၀၂) မိုင်ရှိ၍ အရှေ့သို့လားသော် မောက်မယ်နယ်နှင့် မိုးနဲနယ်၊ အနောက်သို့လားသော် ဟိုပုန်းနယ်၊ တောင်သို့လားသော် ဘန်းယဉ်နယ်နှင့် ဆီဆိုင်နယ်၊ မြောက်သို့လားသော် လဲချားနယ်တို့နှင့် ထိစပ်နေပေသည်။ မိုင်းပွန်မြို့၏ မူလပုံသဏ္ဌာန်မှာ တံဇဉ်ပုံသဏ္ဌာန်ဖြစ်သည်ဟု ဆိုပါသည်။ မိုင်းပွန်မြို့ကို ပါဠိဘာသာအားဖြင့် ပုဏ္ဏရဇ္ဇဝတီရဋ္ဌဟု ခေါ်သည်ဟု ဆိုသော်လည်း မြို့အနီးတွင် ခွေပတ်စီးဆင်းနေသည့် ပွန်ချောင်းကို အစွဲပြု၍ သျှမ်းဘာသာဖြင့် မိုင်းပွန်ဟု ခေါ်ဆိုခြင်း ကသာ ပို၍အဓိပ္ပာယ်ပြည့်ဝမည် ဖြစ်ပါသည်။ မိုင်းပွန်နယ်၏ တည်ရှိမှုနှင့် ပတ်သက်၍ အင်္ဂလိပ်အရာရှိများက စော်ဘွားကြီးစဝ်ခွန်ထီးကို အသေးစိတ်မေးမြန်းရာတွင် စော်ဘွားကြီးက ကြက်ဟင်းခါး သီးများကိုခြမ်းကာ ဆန်ကောတွင် မှောက်ပြ၍ “မိုင်းပွန်နယ်၏ တည်ရှိပုံမှာ ဤကဲ့သို့ပင် တောင်များဝိုင်းရံနေ ပေသည်”ဟု ခပ်ရွဲ့ရွဲ့ ပြောဖူးသည်ဟု ဆိုပါသည်။ ထို့ကြောင့် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ အတင်းအကြပ် ခိုင်းစေလာမှုများအပေါ် မကြောက်မရွံ့တုန့်ပြန်ပြောဆိုတတ်သည့် ပညာတို့ကလည်း ခမည်းတော်စဝ်ခွန်ထီးထံက ရရှိသည်ဟု ဆိုနိုင်ပါသေးသည်။

 

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် သက်တော် (၅) နှစ်အရွယ်တွင် မိုင်းပွန်မြို့၊ တရားမစာရေးကြီး ဦးစံဖေထံတွင် မြန်မာနှင့် အင်္ဂလိပ်စာအခြေခံကို စတင်သင်ယူခဲ့သည်။ ထို့နောက် တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွား သားမြေးများကျောင်းတွင် ဒသမတန်းအောင်မြင်ခဲ့သည်။ ဆက်လက်၍ မိတ္ထီလာမြို့၊ စက်ရှင်မင်းကြီး(ခရိုင်တရား သူကြီး)ထံတွင် (၆) လခန့် ဥပဒေပညာကို သင်ယူခဲ့ပြီးနောက် မန္တလေးမြို့ရှိ ဆပ်ကျောင်း (ရဲအရာရှိလေ့ကျင့်ရေး ကျောင်း) တွင် (၆) လခန့် ဆက်လက်သင်ယူခဲ့သည်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဥပဒေပညာရပ်များကို တတ်မြောက်ပြီးနောက် ဗန်းမော်မြို့တွင် အလုပ်ရဲသင်ဝန်ထောက်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တောင် ကြီးမြို့ရှိ သျှမ်းပြည်ကော်မရှင်နာမင်းကြီး(ဖက်ဒရယ်သျှမ်းပြည်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိကြီး)၏ ရုံးတွင် ဆက်လက်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ခမည်းတော် မိုင်းပွန်စော်ဘွားကြီးစဝ်ခွန်ထီး ကံတော်ကုန်ပြီးနောက် သက္ကရာဇ် ၁၂၉၀ ပြည့်၊ ဝါဆိုလဆန်း (၁၁) ရက်၊ ခရစ်နှစ် ၁၉၂၈ ခု၊ ဇွန်လ (၂၇) ရက်တွင် မိုင်းပွန်စော်ဘွားကြီးအရာကို အခမ်းအနားဖြင့် ဟော်နန်းတက်ပွဲ ပြုလုပ်ကာ ဆက်ခံတော်မူခဲ့သည်။ အင်္ဂလိပ်အစိုးရက ခရစ်နှစ် ၁၉၂၉ ခုနှစ်တွင် စော်ဘွားကြီးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီး ခရစ်နှစ် ၁၉၃၂ ခု၊ မတ်လတွင် ဆာနဒ်ခေါ် စော်ဘွားခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ သက္ကရာဇ် ၁၂၉၄ ခု၊ တန်ဆောင်မုန်းလဆန်း (၁၄) ရက်၊ ခရစ်နှစ် ၁၉၃၂ ခု၊ နိုဝင်ဘာလ (၁၁) ရက်တွင် မိုးမိတ်စော်ဘွားကြီးစဝ်ခင် မောင် (C.I.E, K.S.M) နှင့် မဟာဒေဝီ စဝ်နန်းအိမ်တို့၏ သမီးတော်ဖြစ်သူ သီရိစန္ဒနစဝ်ခင်သောင်းနှင့် လက်ထပ်ခဲ့ သည်။ သီရိစန္ဒနစဝ်ခင်သောင်း၏ အစ်ကိုတော်ဖြစ်သော ယောက်ဖတော်စဝ်ခွန်ချိုသည် နောင်အခါတွင် မိုးမိတ် စော်ဘွားကြီးဖြစ်လာသည့်အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်တွင် သျှမ်းပြည်နယ်ဥက္ကဋ္ဌ (ပြည်နယ် ဝန်ကြီး) နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထင်ရှားသူ ဖြစ်ပါသည်။

 

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မဟာဒေဝီဖြစ်လာသူ သီရိစန္ဒနစဝ်ခင်သောင်းသည် ထက်မြက်၍ ခေတ်ပညာတတ်မြောက်သူဖြစ်သည်။ မေမြို့ (ပြင်ဦးလွင်) ရှိ ကွန်းဗင့်ကျောင်းတွင် ပညာသင်ယူခဲ့သူပီပီ အင်္ဂလိပ် စာပေနှင့် စကားကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်သည်ဟု ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးအသိုင်းအဝိုင်း အထိ သတင်းကောင်းပြန့်နှံ့သူလည်း ဖြစ်ပါသည်။ ရုပ်ရည်အဆင်း ချောမောလှပပြီး ဖြတ်လတ်သွက်လက်၍ ဟာသဉာဏ်ရှိသည့်အပြင် အသံသြဇာနှင့် ပြည့်စုံသူဖြစ်သည်ဟု ဗြိတိသျှအရာရှိကြီးများကပင် မှတ်ချက်ချရ သည်ဟု ဆိုပါသည်။ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းနှင့် မဟာဒေဝီသီရိစန္ဒနစဝ်ခင်သောင်းတို့မှ သားတော်နှစ်ပါး ဖြစ်သော မိုင်းပွန် နယ်၏ နောက်ဆုံးစော်ဘွားစဝ်ဆေဟုံနှင့် စဝ်ကိုင်ဖ၊ သမီးတော်နှစ်ပါးဖြစ်သည့် စဝ်သုန္ဒာနှင့် စဝ်မြင့်ကြည်တို့ကို မွေးဖွားခဲ့သည်။ မဟာဒေဝီ သီရိစန္ဒနစဝ်ခင်သောင်းသည် ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်တပ် များ ဆုတ်ခွာချိန်တွင် မိုင်းပွန်နယ် တောအတွင်း၌ ကံတော်ကုန်ခဲ့ရသည်။

 

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းသည် စာဖတ်ဝါသနာပါသူဖြစ်ပြီး ကိုယ်ပိုင်စာကြည့်တိုက် ထားရှိကာ စာဖတ်သူဖြစ်သည်။ နေ့စဉ်နံနက် (၇) နာရီမှ (၉) နာရီ၊ ည (၇) နာရီမှ (၉) နာရီတွင် သတင်းစာများထဲက နှစ်သက်ရာသတင်းများကို မင်တံ၊ ခဲတံတို့ဖြင့် မှတ်သားထားပြီး လူပျိုတော်ကိုပုကို ဖတ်ခိုင်းကာ နားထောင် လေ့ရှိသည်ဟု ဆိုပါသည်။ ထို့အပြင် သတ္တဗေဒနှင့် ရုက္ခဗေဒဘာသာရပ်များကို လေ့လာရာတွင် အထူး ဝါသနာပါသူလည်း ဖြစ်သည်ဟု ဆိုပါသည်။ ဂီတကို နှစ်သက်သူဖြစ်၍ လက်ဆွဲဘာဂျာ၊ ဝါးပတ္တလားတို့ကို ကောင်းစွာ တီးမှုတ်နိုင်သူ ဖြစ်သည်။ သိုင်းပညာကျွမ်းကျင်သည့်အပြင် ရေကူး၊တင်းနစ်၊ ခရစ်ကတ်၊ ဘောလုံး အားကစားများကို ကောင်းစွာကစားနိုင်သူဖြစ်သည်။ အထူးသဖြင့် ဘောလုံးအားကစားတွင် ဂိုးသမားနှင့် ရှေ့တန်းဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် ထင်ရှားသူဟု ဆိုပါသည်။

ထို့အပြင် စော်ဘွားကြီးသည် ကျန်းမာရေးအရ နေ့စဉ်လမ်းလျှောက်လေ့ရှိသူလည်း ဖြစ်ပါသည်။ စော်ဘွားကြီး၏ လမ်းလျှောက်ခြင်းနှင့် ပတ်သက်၍ မိုင်းပွန်နယ်တွင် အမှတ်ရစရာ အဖြစ်အပျက်တစ်ခုပင် ကျန်နေခဲ့ပါသည်။ တစ်ညနေတွင် စော်ဘွားကြီးသည် သျှမ်းဘောင်းဘီအဟောင်းနှင့် ကော်လံပြတ်ရှပ်အင်္ကျီ ခပ်နွမ်းနွမ်းကို ဝတ်ဆင်ကာ လမ်းလျှောက်နေစဉ် လမ်း၌နွံနစ်နေသော လှည်းတစ်စီးမှ လှည်းသမားသည် စော်ဘွားကြီးကို အရပ်သားထင်၍ လှမ်းခေါ်ကာ ဝိုင်းကူတွန်းပေးရန် အကူအညီတောင်းသည်ဟု ဆိုပါသည်။ စော်ဘွားကြီးကလည်း မည်သို့မျှမဆိုဘဲ ကူညီ၍တွန်းပေးခဲ့သည်။ များမကြာမီ အဆိုပါလှည်းသမားမှာ အုပ်ချုပ်ရေးကိစ္စတစ်ခုဖြင့် မိုင်းပွန်ရုံ‌တော်သို့ သွားရာတွင် စော်ဘွားကြီးကို တွေ့ရလျှင် သူ့လှည်းကို ကူတွန်းပေးရန် ခေါ်ခဲ့မိသူမှာ စော်ဘွားကြီးဖြစ်နေသည်ကို မှတ်မိသွားပြီး ကြောက်လန့်တကြားနှင့် ပြားပြားဝပ် ရှိခိုးကာ တောင်းပန်တော့သည်။ သို့သော်စော်ဘွားကြီးက မည်သို့မျှ အပြစ်မဆိုဘဲ နားလည်ခွင့်လွှတ်ကာ ကူညီခဲ့ရသည်ကိုပင် စိတ်ထဲက ဝမ်းသာနေခဲ့မိသည်ဟု ဆိုပေသည်။ စော်ဘွားကြီးသည် မိုင်းပွန်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများကို စိတ်ပါဝင်စားစွာ ကွင်းဆင်းကြည့်ရှု၍ စီမံဆောင်ရွက်တတ်သူ ဟု နာမည်ကောင်းရသူလည်းဖြစ်သည်။ မိုင်းပွန်မြို့တွင် သဲကျောက်များဖြင့် တည်ဆောက်ထားသော ကုတင် (၆၀) ရှိ ခေတ်မီဆေးရုံကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ပြည်ထောင်စုနေ့ဟု ဖြစ်လာရန် သန္ဓေတည်သည့် အကြောင်းအရာတို့သည် မိုင်းပွန် စော်ဘွားကြီးစဝ်စံထွန်းတို့ မိသားစုနှင့်ပင် အဓိကသက်ဆိုင်ခဲ့သည်ဟု ညွှန်းဆိုလျှင် မမှားနိုင်ပါချေ။ အဘယ့် ကြောင့်ဆိုသော် ခရစ်နှစ် ၁၉၄၅ ခုတွင် ကျင်းပသည့် မဟာဒေဝီသီရိစန္ဒနစဝ်ခင်သောင်း၏ မသာတော်အခမ်း အနားသို့ တက်ရောက်လာကြသည့် စော်ဘွားကြီးများသည် သျှမ်းပြည်၏ အနာဂတ်အရေးကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။ ထိုသို့ ဆွေးနွေးကြရာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ညောင်‌ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် သထုံမြို့စား စဝ်ခွန်ကြည်တို့က အဓိကဆွေးနွေးခဲ့ကြပြီး သျှမ်းပြည်၏ လွတ်လပ်ရေးအတွက် နည်းလမ်းများကို ရှာဖွေနိုင်ရန် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းကို တာဝန်ပေးအပ်ခဲ့ကြသည်။ စော်ဘွားကြီး၏ ကြိုးပမ်းမှုကြောင့်ပင် ဒုတိယပင်လုံညီလာခံ ဖြစ်ပေါ်လာစေမည့် အဓိကအချက်ဖြစ်သော ဖက်ဒရယ်ရှမ်းပြည်အတွင်းရှိ စော်ဘွား၊ မြို့စားများ အားလုံးပါဝင်သည့် ပထမအကြိမ်မြောက် ညီလာခံအခမ်းအနားကို ၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်တွင် မိုင်းကိုင်မြို့၌ ကျင်းပနိုင်ခဲ့ပေသည်။ ထိုအခမ်းအနားတွင် သျှမ်းပြည်စဝ်ဖလုံများကောင်စီ (Council of Shan State Saophas) ဖွဲ့စည်းရန်နှင့် စဝ်ဖလုံများကောင်စီ၏ အလုပ်အမှုဆောင်ကော်မတီ (Executive Committee of The Council of Shan State Saophas) ကို ဖွဲ့စည်း၍ အာဏာအပ်နှင်းရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ပထမပင်လုံညီလာခံကို မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းနှင့် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၊ တောင်ပိုင် စော်ဘွားကြီးစဝ်ခွန်ပန်းစိန်နှင့် မြောက်သိန္နီစော်ဘွားကြီးစဝ်ဟုံဖတို့၏ ဦးဆောင်မှုဖြင့် ခရစ်နှစ် ၁၉၄၆ ခု၊ မတ်လ (၂၀) မှ (၂၈) ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပေသည်။ ထိုညီလာခံတွင် ဖဆပလဘက်က သခင်နုဦးဆောင် သောအဖွဲ့နှင့် မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောဦးဆောင်သောအဖွဲ့တို့ပါ တက်ရောက်လာခဲ့ကြပြီး ဗမာပြည်မနှင့် ပူးပေါင်းနိုင်ရန်အတွက် အမျိုးမျိုးဟောပြောခဲ့ကြသည်။ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းသည် ထိုညီလာခံတွင် သျှမ်းပြည်၌ ခေတ်မီလယ်ယာစိုက်ပျိုးရေးနည်းစနစ်များ လိုအပ်ကြောင်းကိုသာ အဓိက‌ ဟောပြောခဲ့ပြီး လက်တွေ့လည်း ထွန်ယက်ပြသခဲ့သည်ဟု ဆိုပါသည်။

 

သျှမ်းစော်ဘွားများသည် ပထမပင်လုံညီလာခံကျင်းပပြီးနောက် ခရစ်နှစ် ၁၉၄၆ ခု၊ ဇူလိုင်လ (၂၁) မှ (၂၇) ရက်အထိ တောင်ကြီးမြို့တွင် သျှမ်းပြည်စဝ်ဖလုံများကောင်စီ (Council of Shan State Saophas) အစည်းအဝေးကို ပထမအကြိမ်ကျင်းပကာ စဝ်ဖလုံများကောင်စီ၏ အလုပ်အမှုဆောင်ကော်မတီ (Executive Committee of The Council of Shan State Saophas) ကို စော်ဘွား (၇) ပါးဖြင့် ဖွဲ့စည်းခဲ့ရာ မိုင်းပွန် စော်ဘွားကြီးစဝ်စံထွန်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒုတိယပင်လုံညီလာခံကျင်းပချိန် ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်တွင် တောင်တန်းဒေသသားများနှင့် ဗမာပြည်မတို့ ဆွေးနွေးရန် အတွက် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ စော်ဘွားကြီးပါဝင်သော ၄င်းအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံ၍ ဗမာပြည်မနှင့် နိုင်ငံရေးဆွေးနွေးမည့်အဖွဲ့ ဖြစ်လာခဲ့သည်။ ထို့အပြင် ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ ညပိုင်းတွင် သျှမ်းပြည်စဝ်ဖလုံများကောင်စီ (Council of Shan State Saophas) ကို ဖျက်သိမ်း၍ သျှမ်းပြည် ကောင်စီအမှုဆောင်အဖွဲ့ကို စော်ဘွား (၇) ပါး၊ လူထုကိုယ်စားလှယ် (၇) ဦးတို့ဖြင့် ဖွဲ့စည်းရာတွင် စော်ဘွားကြီးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြသည့် ခရစ်နှစ် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ မွန်းလွဲ (၂) နာရီတွင် အောင်ဆန်း-အက်တလီစာချုပ်၊ အပိုဒ်ခွဲ (၂) ပါ “နယ်ခြားကိစ္စများကို အုပ်ချုပ်သော အမှုဆောင်ဝန်ကြီး အဖြစ်ဖြင့် နယ်ခြားဒေသကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့် လည်း ကောင်း” ဟူသည့်အချက်အရ နိုင်ငံရေးအသိပညာရင့်သန်သော မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းကို မြန်မာနိုင်ငံ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် တောင်တန်းဒေသဆိုင်ရာဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ကြပေသည်။

 

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းသည် တောင်တန်းဒေသဆိုင်ရာဝန်ကြီးအဖြစ် ရွေးချယ်ခံပြီးနောက်တွင် ခရစ်နှစ် ၁၉၄၇ ခု၊ မတ်လတွင် ရီးစ်ဝီလျံဦးဆောင်သော တောင်တန်းဒေသစုံစမ်းရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ကာ ဗမာပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ရန် ဆွေးနွေးမေးမြန်းမှုများကို ကြိုးစားဆောင်ရွက်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၉၄၇ ခု၊ မတ်လ (၂၆) ရက်တွင် မြန်မာနိုင်ငံဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအဖြစ် တရားဝင် လက်ခံဆောင်ရွက်ခဲ့သည်။ ထို့နောက် ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ မေလ (၁၃) ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်တွင် နယ်စပ်ဒေသ ရှမ်းအမတ်အဖြစ် မိုင်းပွန်နယ်မှ ရွေးချယ်တင်မြောက်ခြင်းကို ခံယူခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော် ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာဆပ်ကော်မတီနှင့် လူနည်းစုဆိုင်ရာဆပ်ကော်မတီတို့တွင်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းသည် သမိုင်းစဉ်တစ်လျှောက်တွင် မကြာခဏ မုန်တိုင်းထန်၍ လှိုင်းတံပိုး တို့ပေါ်ပေါက်လေ့ရှိပြီး သာယာငြိမ့်ငြောင်းစွာ စီးဆင်းရခြင်းမှာ အမြဲမရှိနိုင်ခဲ့ပါ။ ဤအခြေအနေမျိုးသည် ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် သမိုင်းအမည်းစက်ထင်လောက်အောင် ဖြစ်ပွားလာခဲ့ပြန်သည်။ ထိုနေ့က ရန်ကုန်မြို့၊ အတွင်းဝန်များရုံးတွင် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ အဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးကျင်းပနေချိန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဦး‌‌ဆောင်သည့် ဝန်ကြီးများအစည်းအဝေးတွင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း လည်း တက်ရောက်ခဲ့သည်။ ထိုနေ့ နံနက်ပိုင်း (၁၀) နာရီ၊ (၃၇) မိနစ်တွင် မသမာသူ လူတစ်စု၏ လက်နက်ဖြင့် ဝင်ရောက်ပစ်ခတ်လုပ်ကြံရာ မိုင်းပွန်စော်ဘွားကြီးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသသော်လည်း ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်တွင် ရရှိသော ဒဏ်ရာများကြောင့် ရန်ကုန်ဆေးရုံကြီး တွင် ကံတော်ကုန်ခဲ့ရရှာတော့သည်။ ထို့နောက် မိုင်းပွန်စော်ဘွားကြီး၏ အလောင်းတော်ကို မိုင်းပွန်မြို့သို့ ပြန် လည်သယ်ဆောင်သွားခဲ့ပြီး ခရစ်နှစ် ၁၉၄၈ ခု၊ ဧပြီလ (၈) ရက်တွင် သျှမ်းတော်ဝင်ထုံးစံဖြင့် မသာတော်အခမ်း အနားကျင်းပကာ မီးသင်္ဂြိုလ်ခဲ့သည်။ စော်ဘွားကြီး၏ အရိုးပြာတစ်ဝက်ကို မိုင်းပွန်မြို့တွင် ဂူတော်တည်၍ ထည့်သွင်းထားရှိပြီး ကျန်တစ်ဝက်ကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ထားရှိခဲ့ပေသည်။

 

အေးဆေးရိုးသားသည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် လုပ်ကြံခံရသဖြင့် မိမိကျဆုံးမည်ကို ကြိုတင် သိရှိနေသကဲ့သို့ပင် ထင်ရသည်။ လုပ်ကြံခြင်းမခံရမီ ခရစ်နှစ် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၈) ရက်တွင် စော်ဘွား ကြီးသည် ပြန်ကြား‌ရေးဝန်ကြီးဒီးဒုတ်ဦးဘချိုထံ အလည်လာသည်ဟု ဆိုသည်။ ဤတွင် မြန်မာ့အသံဝန်ထမ်း ဖြစ်သူ ဦးဖေသော်၏ဇနီးဖြစ်သော ရှမ်းအမျိုးသမီးဒေါ်နန်းလှထယ်အား “ငါတော့ ဝန်ကြီးလုပ်ပြီး သေနတ်နဲ့ အပစ်ခံရတာထက် ကိုယ့်သတ္ထုတွင်းမှာပဲ သတ္ထုတူးသမား လုပ်နေချင်တော့တယ်”ဟု ဆိုခဲ့သည်။ ဤစကား၏ နိမိတ်အတိုင်းပင် ဇူလိုင် (၁၉) ရက်တွင် ဖြစ်ပျက်ခဲ့ရသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ကံဆိုးလွန်းလှ ပေတော့သည်။ ထိုစကားသည်လည်း ရိုးသားလှသည့် စော်ဘွားကြီး၏ နောက်ဆုံးသော သမိုင်းဝင်စကားအဖြစ် ကျန်ရစ်နေခဲ့ပေသည်။

 

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းသည် သူ၏ဘဝဖြတ်သန်းမှုကိုကြည့်ရလျှင် စော်ဘွားတစ်ပါးအဖြစ် အရိုက်အရာဆက်ဆံခဲ့ချိန်ကစ၍ ကျဆုံးခဲ့ရချိန်အထိ သျှမ်းပြည်အကျိုး၊ နယ်စပ်ဒေသတောင်တန်းသားများ၏ အကျိုး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးကို ကောင်းစွာသယ်ပိုးဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ရဲဝံ့သော စိတ်ဓာတ်ရှိပြီး နိုင်ငံရေးအတွေးအခေါ် ရင့်သန်သူဖြစ်သည်။ ဆောင်ရွက်ရသည့် တာဝန်မှန်သမျှကို စေတနာပါပါ ဖြင့် ကျေပွန်စွာ ဆောင်ရွက်နိုင်သကဲ့သို့ စော်ဘွားများအချင်းချင်းကြားတွင်လည်းကောင်း၊ လူထုကြားတွင်လည်း ကောင်း၊ ဗမာ့နိုင်ငံရေးသမားများကြားတွင်လည်းကောင်း၊ ဗြိတိသျှအရာရှိကြီးများကြားတွင်လည်းကောင်း လေးစားယုံကြည်ခြင်းခံရသည့် ထူးခြားသော နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် မိမိ၏တော်ဝင်မိသားစုအရေးကိစ္စကို အခြေခံလျက် ဆက်လက်၍ဖြစ်ပေါ်လာသော နိုင်ငံရေးလမ်းကြောင်းတွင် တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်နိုင်ခဲ့သည်မှာလည်း ဂုဏ်ယူလေးစားထိုက်ပေသည်။ လူမှုရေးနယ်ပယ်တွင် ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်တွင်ဖြစ်စေ ကျေးဇူးတရားဟူသည် တင်ရှိပါက သိတတ်၊ ဆပ်တတ်ရန် လွန်စွာအရေး ကြီးပေသည်။ မိမိတို့ ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့သော မိုင်းပွန်စော်ဘွားကြီး၏ ကျေးဇူးကို သိမြင်တတ်ကြပါလျှင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တရား မျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ လွတ်လပ်၍ တန်းတူညီမျှခြင်း၊ ဝါဒဖြူစင်၍ နိုင်ငံရေးစေတနာမှန်ခြင်းတို့ ဖြင့် ပြည့်စုံ သည့် ပြည်ထောင်စုနိုင်ငံကြီးတစ်ခုကို တည်ဆောက်နိုင်ရန်မှာ နိုင်ငံသားအားလုံးတွင် တာဝန်ကိုယ်စီ ရှိနေပေတော့ သည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

 

ကျမ်းကိုး-

၁။ ကိုကိုလေး။ ပင်လုံ။ ၂၀၁၉(ဒီဇင်ဘာ)။ ယဉ်မျိုးစာအုပ်တိုက်။ ရန်ကုန်။

၂။ ကျော်အောင်။ နေဝင်ဘုရင်များ( Maurice Collis,LORDS OF THE SUNSET)။ ၂၀၂၃(ဖေဖော်ဝါရီ)။ ရာပြည့် စာအုပ်တိုက်။ ရန်ကုန်။

၃။ ကျော်ငြိမ်း၊ ဦး(မြန်မာ့သမိုင်းအဖွဲ့ဝင်)။ ပင်လုံညီလာခံနှင့် ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးသူများ အတ္ထုပ္ပတ္တိ။ ၂၀၂၀(နိုဝင်ဘာ)။ လပြည့်လင်းပုံနှိပ်တိုက်။ ရန်ကုန်။

၄။ နိုင်ဦး။ လမင်းသမီးစောနန်းမြစန္ဒာ(Sao Sanda, The Moon Princess- Memories of the Shan State)။ ၂၀၁၅(ဇန်နဝါရီ)။ ဇင်ရတနာစောစာပေ။ ရန်ကုန်။

၅။ ရန်ကုန်တက္ကသိုလ် ရှမ်းစာပေမြှင့်တင်ရေးအသင်း။ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့သော မိုင်းပွန်စော်ဘွား စဝ်စံထွန်း။ ၁၉၅၆(အောက်တိုဘာ)။ နုယဥ်ပုံနှိပ်တိုက်။ ရန်ကုန်။