နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဘိလပ်မြေတစ်အိတ်စျေးနှုန်းကို တစ်အိတ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ဘေးသင့်ဆောက်အဦးများသို့ ရောင်းချပေးရန် သက်ဆိုင်ရာ စက်ရုံများကို စျေးနှုန်းသတ်မှတ်ပေးထားတယ်လို့ စစ်ကောင်စီရဲ့ စက်မှုဝန်ကြီးက ပြောပါတယ်။
ယမန်နေ့ မွန်းလွှဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(၃/၂၀၂၅)အစည်းအဝေးမှာ စက်မှုဝန်ကြီးက ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်း အား ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။
ငလျင်လှုတ်ခတ်ပြီးတဲ့နောက်ပိုင်း လက်ရှိမြေပြင်တွင် ဘိလပ်မြေ ပေါက်စျေး တစ်အိတ်ကို အနိမ့်ဆုံး ကျပ် ၂၇၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၄သောင်းကျော်ထိ ပေးဝယ်နေရပြီး နယ်မြေဒေသအလိုက် စျေးနှုန်းအနည်းငယ်သာ ကွာခြားမှုရှိတာပါ။
ငလျင်ကြောင်းပြုပြီး ဘိလပ်မြေစျေးတင်ရောင်းချတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ၆၂ ဆိုင်ကိုလည်း သက်ဆိုင်ရာက အရေးယူဆောင်ရွက်ထားရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ဘိလပ်မြေအတု ပြုလုပ်ရောင်းချနေတဲ့ ပိုင်ရှင်နဲ့ အလုပ်သမား ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
ပြန်လည်ထူထောင်ရေးမှာ အဓိကလိုအပ်တဲ့ ဘိလပ်မြေနဲ့ ပတ်သက်ပြီး ငလျင်မလှုပ်မီ ဘိလပ်မြေစက်ရုံ ၉ ရုံမှ တစ်ရက်လျှင် ၃၀၇၀၀ တန် (၆၁၄၀၀၀)အိတ် ထုတ်လုပ်ခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက်ပိုင်း စက်ရုံ ၆ ရုံမှ ဘိလပ်မြေ ၁၇၁၀၀ တန် (၃၄၂၀၀၀)အိတ် ထုတ်လုပ်ပေးလျက်ရှိပြီး မေလ ၁၅ ရက်နေ့ တွင် ဘိလပ်မြေ ၂၂၁၀၀ တန် (၄၄၂၀၀၀)အိတ် ထွက်ရှိနိုင်ရေး ထပ်မံတိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်သလို စက်တင်ဘာလတွင် ဘိလပ်မြေ ၃၂၁၀၀တန် (၆၄၂၀၀၀)အိတ်အထိ ထွက်ရှိအောင် ထပ်မံတိုးမြှင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ စက်မှုဝန်ကြီးက ဆိုပါတယ်။