ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံရေးလက်ပမ်းကျလာသည့် ပြည်သူများကြား မြန်မာ့မြို့ပြအပမ်းဖြေနေရာများ တစ်ဖန်နေရာရလာ

နိုင်ငံရေးလက်ပမ်းကျလာသည့် ပြည်သူများကြား မြန်မာ့မြို့ပြအပမ်းဖြေနေရာများ တစ်ဖန်နေရာရလာ

Hsan Loi Editor
02/01/2023
Share:

 

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအပေါ်အရိပ်ထိုးနေတဲ့နိုင်ငံရေးတင်းမာမှုတွေကို လူငယ်လူရွယ်တွေ ငြီးငွေ့လာကြပြီး ငွေကြေးအဆင်ပြေသူတွေသွားလာလေ့ရှိတဲ့ စားသောက်ဆိုင်နဲ့ အရက်ဘားတွေမှာ ဒီလိုလူတွေနဲ့ပြန်စည်ကားလာတာကို မြင်တွေ့နေရပါတယ်။

 

နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ရန်ကုန်မှာတော့ လှပသပ်ရပ်တဲ့ကော်ဖီဆိုင်သစ်တွေဟာ စိတ်ထွက်ပေါက်ရှာနေတဲ့လူငယ်တွေအကြား အလုပ်အကိုင်အတော်ဖြစ်နေပါတယ်။

“ကျွန်မတို့ရဲ့ဆိုင်ဆိုရင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေရှိတော့ အွန်လိုင်းမှာ ရေပန်းစားတယ်” ဟု Time Off ကော်ဖီဆိုင်မှ ဝန်ထမ်းတစ်ဦးက Nikkei Asia သတင်းဌာနကိုပြောပြပါတယ်။ အဲဒီဆိုင်က ဧပြီလကမှ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ရဲ့လူနေရပ်ကွက်တစ်ခုထဲမှာရှိပြီး ယင်းကော်ဖီဆိုင်ရဲ့အတွင်းပိုင်းကို စိတ်အေးချမ်းစေမယ့် အဖြူရောင်ဆေးသုတ်ထားကာ ခေတ်ဆန်ဆန်သစ်သားထိုင်ခုံတွေနဲ့ စားပွဲတွေခင်းထားပါတယ်။ ဆိုင်ထဲကတချို့စားသုံးသူတွေဟာဆိုရင် ပါလာတဲ့လက်ပ်တော့လေးတွေဖွင့်ရင်း အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

 

“လူငယ်တွေပေါ့၊ အထူးသဖြင့်တော့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ကောင်မလေးတွေဆိုရင် ဆိုင်မှာလာပြီးထိုင်မယ်၊ ပြီးရင် ဓာတ်ပုံရိုက်ကြမယ်ပေါ့” ဟု ၎င်းကပဲဆက်လက်ပြောပါတယ်။

၂၇နှစ်အရွယ်ရှိ ရန်ကုန်မှာနေထိုင်သူတစ်ဦးကအခုလိုဆိုပါတယ်။ “လက်ရှိနိုင်ငံရေးပြဿနာကြောင့် လူငယ်တွေမှာမွန်းကြပ်နေကြတယ်၊ ခရီးသွားလာရတာလည်း အဆင်လည်းမပြေဘူး၊ အန္တရာယ်လည်းများတော့ အခုလို သူငယ်ချင်းတွေနဲ့ဆုံပြီး သောက်ကြစားကြရတာပေါ့ဗျာ”

 

‘ရသာ’ဆိုတဲ့ စားသောက်ဆိုင်အက်ပလီကေးရှင်းတစ်ခုကို ဦးစီးလည်ပတ်နေသူ ဂျပန်လူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင် ရှန်စုကေအီချီကာဝါကလည်း ဒီအမြင်ကိုသဘောတူပါတယ်။

“လူတွေက စိတ်ပိုင်းဆိုင်ရာမှာ တော်တော်ချိုးနှိမ်ပြီးနေကြတာပါ၊ အထူးသဖြင့် လူငယ်တွေဆိုရင် အဲဒီဒဏ်ကို မခံနိုင်ကြတော့ဘူး”

 

စနေ၊ တနင်္ဂနွေပိတ်ရက်များမှာတော့ ရန်ကုန်မြို့ကကော်ဖီဆိုင်တွေမှာ လူအပြည့်ရှိနေတတ်ပါတယ်။ “တစ်နေ့တစ်နေ့ စိတ်ကုန်စရာသတင်းတွေချည်းပဲ၊ လူသတ်ခံရတဲ့သတင်း၊ အလုအယက်ခံရတဲ့သတင်း၊ အစုံပဲပေါ့နော်၊ အနာဂါတ်အကြောင်းတွေးကြည့်တော့လည်း ရင်ပူစရာ၊ တစ်ခါတလေ စိတ်အပန်းဖြေစရာ နေရာလေးတစ်ခုတော့ လိုတာပါပဲ” ဟု စားသုံးသူတစ်ဦးက ဆိုပါတယ်။

 

“အခုနောက်ပိုင်းမှာတော့ ကော်ဖီဆိုင်လေးတွေဆီ မကြာမကြာလာဖြစ်တယ်၊ ပြီးရင် အကုန်လုံးကိုမေ့ထားပြီး အပေါင်းအသင်းတွေနဲ့ စိတ်အေးလက်အေး စကားစမြည်ပြောဖြစ်တယ်”

အဆိုပါဆိုင်မှာ ရုံးဖွင့်ရက်များမှာလည်း မီးမလာလို့ဆိုင်ထိုင်ကြသူများ၊ ဝိုင်ဖိုင်သုံးစွဲမည့်သူများဖြင့် စည်ကားလျက်ရှိပါတယ်။ မိုဘိုင်းဒေတာဈေးနှုန်းများမှာ ယမန်နှစ်က နှစ်ဆတက်သွားခဲ့ပြီး မီးမမှန်သည့်ကိစ္စမှာလည်း ဆိုးသည်ထက်ဆိုးလာနေပါတော့တယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း လူသုံးကုန်ဆိုင်များနဲ့ အပန်းဖြေနေရာများမှာ ကိုဗစ်မတိုင်မီအချိန်နဲ့ နှိုင်းစာလျှင် ၈၀ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ဂူးဂဲလ်မှကောက်ယူထားသော ဖုန်းတည်နေရာပြအချက်အလက်များမှ သိရပါတယ်။ ဒါပေမဲ့ ဒီနှစ်အောက်တိုဘာမှာတော့ ဧည့်ဝင်မှုနှုန်းက ကိုဗစ်မတိုင်မီအချိန်နဲ့ယှဉ်ရင် ၁၆ရာခိုင်နှုန်းပဲ ကျဆင်းတော့တာကိုတွေ့ရပါတယ်။

 

လူထုသပိတ်မှောက်ခံထားရတဲ့ ရန်ကုန်မြို့ကဈေးဝယ်စင်တာကြီး မြန်မာပလာဇာဟာလည်း ယခင်ကလိုပဲ ပြန်လည်လည်ပတ်လျက်ရှိပါတယ်။ ၂၀၂၁ နိုဝင်ဘာလမှာ စစ်တပ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတစ်ခုကို စင်တာထဲမှာပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို စင်တာလုံခြုံရေးတွေက ဖမ်းဆီးမောင်းထုတ်ခဲ့တာကြောင့် လူအများက မြန်မာပလာဇာကို ပစ်ပယ်ထားတာ အတော်ကြာပါပြီ။

 

“လူအဝင်အထွက်ကတော့ အရင်လတွေကစပြီး တဖြည်းဖြည်တက်လာပါတယ်၊ အခုတော့ အရင်ကလို ပြန်ဖြစ်နေပါပြီ” ဆိုပြီး မြန်မာပလာဇာထဲရှိ အထည်ဆိုင်အရောင်းဝန်ထမ်းတစ်ဦးကဆိုပါတယ်။

 

စားသောက်ဆိုင်အများအပြားရှိရာ စမ်းချောင်းမြို့နယ်ထဲမှာလည်း အလားတူသဘောတရားကို ပြသနေတဲ့အပြောင်းအလဲတွေ မြင်တွေ့နေရပါတယ်။ အာဏာသိမ်းဖြစ်စဉ်နောက်ဆက်တွဲ ရဲနဲ့စစ်တပ်က ဆန္ဒပြသူတွေကို ဖိနှိပ်ချေမှုန်းတဲ့အခါမှာ စမ်းချောင်းမြို့နယ်နေထိုင်သူတွေဟာ ဆန္ဒပြမှုတွေအရှိန်အဟုန်မြင့်တက်နေစဉ်ကာလတစ်လျှောက် ကားတာယာဟောင်းတွေ၊ ပရိဘောဂအဟောင်းတွေကို စုံပုံပြီးအရံအတားပြုလုပ်ခဲ့ကြပါတယ်။ အခုလက်ရှိမှာတော့ စမ်းချောင်းမြို့နယ်အတွင်းက စားသောက်ဆိုင်နဲ့ အရက်ဘားတွေဟာ အရင်လိုပြန်လည်ဖွင့်လှစ်လျက်ရှိပြီး လစာထုတ်ရက်တစ်ဝိုက်မှာဆိုရင် ဆိုင်အပြည့်နီးပါး လူကျလေ့ရှိပါတယ်။

 

ဒါပေမဲ့လည်း စားသုံးသူဈေးကွက်က နှစ်ခြမ်းကွဲနေပြန်ပါတယ်။ အခုလို သွားနိုင်စားနိုင်သူတွေက ဝင်ငွေ့ဖြောင့်တဲ့လူလတ်တန်းစားနဲ့ လူကုံထံတွေပဲ ဖြစ်နေပါသေးတယ်။

“သာမန်ပြည်သူတွေလာလေ့ရှိတဲ့ စားပျော်သောက်ပျော်နေရာလေးတွေကတော့ အခုထိနလန်မထူနိုင်သေးဘူး” ဟု အီချီကာဝါက ဆိုပါတယ်။ လူအများစုက ကုန်ဈေးနှုန်းတက်တာကြောင့်ရော၊ အလုပ်လက်မဲ့ ဖြစ်လာတာကြောင့်ပါ လူနေမှုစားရိတ်ကို လျှော့ချလာကြပါတယ်။

 

“ရောင်းအားကတော့ ကိုဗစ်မဖြစ်ခင်အချိန်ကနဲ့စာရင် ၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်” ဟု ရန်ကုန်မြို့မှာ လမ်းဘေးဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဆိုပါတယ်။ သူ့ရဲ့ဆိုင်လေးကို ၂၀၂၁ အောက်တိုဘာမှာ ပြန်ဖွင့်လိုက်ပေမဲ့ ရောင်းအားကတော့ ကိုဗစ်မတိုင်ခင်ရောင်းအားနဲ့ယှဉ်ရင် ၂၅ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ “အာဏာပိုင်တွေက ကျွန်မတို့နားလေးမှာ အရံအတားတွေလာချထားတော့ ပိုဆိုးတော့ပေါ့ရှင်” ဆိုပြီး သူမကပြောပြပါတယ်။

 

ကုန်ပစ္စည်းစရိတ်၊ အခြားစရိတ်တွေတက်လာတော့ သူ့ဆိုင်ကပစ္စည်းတွေကို ဈေးလိုက်တက်ရပါတော့တယ်။ “စားသုံးသူတွေက အပိုအကုန်မခံချင်တော့ ပစ္စည်းလျှော့မှာကြတာပေါ့” ဟုဆိုပါတယ်။ စားသုံးသူအရေအတွက်ရော၊ တစ်ဦးချင်းသုံးစွဲငွေပမာဏပါ မတက်လာလျှင်တော့ သူ့ရဲ့ဆိုင်ကလေး အခြေဟန်နိုင်မည်မဟုတ်ပါ။

 

လူကျပါတယ်ဆိုသည့် စားသောက်ဆိုင်၊ အရက်ဘားတွေမှာပင် စားသုံး‌သူတွေဟာ အရင်ကလောက် သက်ဝင်လှုပ်ရှားမှုမရှိတဲ့အကြောင်းကို ဆိုင်ရှင်အတော်များများက ထောက်ပြကြပါတယ်။ သူတို့ထောက်ပြတဲ့အထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ညသန်းခေါင်ကနေ မနက်လေးနာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတာကို အဓိကထားဝေဖန်ကြပါတယ်။ ဆိုင်အလုပ်သမားတွေနဲ့ ကားသမားတွေဟာ ညဆယ့်နှစ်နာရီမထိုးခင် အိမ်အရောက်ပြန်ရမှာဖြစ်တာကြောင့် ညဆယ်နာရီဆိုရင်ပဲ ဆိုင်တွေပိတ်နေကြပါပြီ။ ဒါ့အတွက်ကြောင့် ဧည့်ဝင်မှုနှုန်းကိုလည်း အဟန့်အတားဖြစ်စေတဲ့နည်းတူ လာတဲ့သူတွေလည်း ဆိုင်မှာကြာကြာမထိုင်နိုင်ကြတော့တဲ့အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က Nikkei Asia ရေးသားဖော်ပြခဲ့သော မြန်မာနိုင်ငံ၏လတ်တလော အခြေအနေကို Hsan Loi Voice မှ အနီးစပ်ဆုံး ဘာသာပြန်ပါသည်။ မူရင်းအင်္ဂလိပ်ဘာသာ အရေးအသားသည်သာ အသင့်လျော်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ပါသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/