ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အား စစ်ကောင်စီက ယနေ့ နံနက်(၁) နာရီခန့်တွင် ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့ ပန်ပွဲရပ်ကွက်တွင် နေထိုင်သော ဒေသခံမိသားစုဝင် ၃ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
အဆိုပါမိသားစုဝင် ၃ ဦးတွင် ကိုယ်ဝန်သည်အမျိုးသမီးအပါအဝင် ၄ နှစ်အရွယ်ကလေးလည်း သေဆုံးခဲ့ရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စုစုပေါင်း နမ့်ခမ်းဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားသည်။
“ ညသန်းခေါင်ကျော်ကျော် (၁) နာရီလောက်မှာ နမ့်ခမ်းမြို့ ကြာဖြူခန်းမနောက် စိုက်ပျိုးရေးရုံးနားမှာ တစ်လုံးနဲ့ ညဈေး ပန်ပွဲမြို့လယ်ဘုရားနား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နားမှာ တစ်လုံး ကျတယ်။ လူနေအိမ်တွေအပေါ် တည့်တည့်ကျတော့ လူအထိအခိုက်တော်တော်များပါတယ်။ ဒဏ်ရာရထားတဲ့သူအချို့လည်း ဒဏ်ရာအရမ်းပြင်းထန်တဲ့သူတွေပါတယ်။” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင်တစ်ကြိမ် ၁ နာရီ ၃၂ မိနစ်တွင်တစ်ကြိမ် စစ်ကောင်စီက နမ့်ခမ်းမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။