ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဒေသခံများအပေါ် ဘေးကင်းလုံခြုံရေးကိုတာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များ ရှောင်ရှားရန် KIO နှင့် PSLF တို့ ပူးပေါင်းထုတ်ပြန်လာသည့်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ သုံးဘီးဆိုင်ကယ်ဈေးသည်များထံ ဈေးရောင်းခွင့်ဟုဆိုကာ TNLA/PSLF က အခွန်ထပ်ကောက်ပြန်
29 May 2023 (10:27 AM)
KIO နှင့် PSLF ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ် မေလ(၁၆-၁၇)ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သဘောတူညီမှု(၅)ချက် ရရှိခဲ့ကြောင်း မေလ(၂၈) ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့သဘောတူညီခဲ့သည့် အချက်(၅)ချက်တွင်
(၁) အစည်းအဝေးတွင် KIO နှင့် ယခင် PSLO တို့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီခဲ့ကြသည့် ထာဝရမဟာမိတ်စာချုပ်အား KIO နှင့် PSLF တို့မှ ဆက်လက်၍ အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်သွားရန်။
(၂) အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေးအပေါ်အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထား ဆောင်ရွက်ရန်၊ မမျှောင်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်းဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်။
(၃) ဒေသခံများ ဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ သျှမ်းလူမျိုးအပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကြရန်။
(၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကိစ္စရပ်များအား အပြန်အလှန် သတင်းဖလှယ်ရန်နှင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြုအားပေးကြရန်။
(၅) အခြားလိုအပ်သည့် ကိစ္စရပ်များကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလိုဆက်လက်ညှိနှိုင်း၍ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် အဆိုပါ ထုတ်ပြန်ချက်ထွက်ရှိလာသည့်နေ့တွင်ပင် TNLA/PSLF အဖွဲ့မှ နမ့်ခမ်းမြို့နယ်အတွင်းရှိ သုံးဘီးဆိုင်ကယ်သမားများအား ဈေးရောင်းခွန် ကောက်ခံခဲ့သည်။ ဈေးရောင်းလာကြသော ဆိုင်ကယ်သမားများအား လမ်းတွင်တားပြီး တစ်စီး(၂)သောင်းကျပ်နှုန်းပေးမှ ဈေးရောင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်စိမ်းဈေးသည်တစ်ဦးက ပြောပြသည်။
“TNLA အဖွဲ့က နမ့်ခမ်းမြို့နယ် နောင်စန့်ကုန်း ပန်လုံဈေးအနီးမှာ စောင့်နေကြတာ။ ဆိုင်ကယ်ဈေးသည်တွေကိုတားပြီး ဈေးရောင်းခွင့်အခွန် (၂)သောင်းကျပ်ပေးရမယ်ဆိုပြီး တောင်းတယ်။ ရောင်းဝယ်ခွင့်ကဒ်လုပ်ပေးမယ်လို့လည်း ပြောတယ်။ အိမ်ထောင်စုယူလာပြီး တခါတည်းလုပ်ပေးမယ်လို့လည်းပြောတယ်။ အခုတော့ ဓာတ်ပုံတွေရိုက်ထားပြီး ပြန်လွတ်လာပေးတယ်။ နောက်ရက်တွေဆက်ရောင်းမယ်ဆိုရင် အိမ်ထောင်စုယူလာရမယ်လို့ ပြောတယ်။” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပြသည်။
“သူတို့ကောက်တာက စည်ပင်လုပ်ငန်းလိုင်စင်ဈေးထက်တောင်ကြီးနေပြီ။ နမ့်ခမ်းမှာ ဘာမှလုပ်စားလို့မကောင်းတော့ဘူး။ သူတို့ပြောသလို မပေးချင်ရင်မရောင်းနဲ့တဲ့ အဲ့တော့ မရောင်းစားရုံပဲရှိတော့တယ်။ သာမန်လုပ်ကိုင်စားသောက်နေတဲ့ သူတွေ ဆက်ကြေးပေးနေရပြီဆိုတော့ ကျနော်တို့ ခွက်ဆွဲပြီး တောင်းစားရုံပဲရှိတော့တယ်။ တောင်းစားရင်တောင်မှ ပိုက်ဆံရလာရင် ဆက်ကြေးလွတ်မယ်မထင်ဘူး။” ဟု အမည်မဖော်လိုသူ ဒေသခံနောက်တစ်ဦးက ထပ်မံပြောပြသည်။
ထို့ကြောင့် KIO နှင့် PSLF တို့ သဘောတူ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် အချက်နံပါတ်(၄)တွင် ပါဝင်သော ဒေသခံများအပေါ် ဘေးကင်းလုံခြုံရေးကိုတာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များ ရှောင်ရှားရန် အချက်ကို အဆိုပါနေ့တွင်ပင် TNLA တို့ကိုယ်တိုင် ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။