ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းဘုရင် နရေးဆွန် (နရဲစွမ် သို့ ဗြနရာဇ်) ရဲ့ ဗမာဘုရင်ကို အောင်နိုင်ခဲ့တဲ့ ၄၃၁ နှစ်ပြည့် ဂုဏ်ပြုပွဲကို RCSS/SSA ဌာနချုပ်တွင်လည်း ကျင်းပ

ထိုင်းဘုရင် နရေးဆွန် (နရဲစွမ် သို့ ဗြနရာဇ်) ရဲ့ ဗမာဘုရင်ကို အောင်နိုင်ခဲ့တဲ့ ၄၃၁ နှစ်ပြည့် ဂုဏ်ပြုပွဲကို RCSS/SSA ဌာနချုပ်တွင်လည်း ကျင်းပ

Hsan Loi Editor
19/01/2023
Share:

 

ထိုင်းဘုရင် နရေးဆွန်က ဗမာဘုရင် ဥပရာဇာကို အနိုင်ယူ တိုက်ခိုက်အောင်မြင်ခဲ့သည့် ဂုဏ်ပြုပွဲတရပ်ကို (RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အရာရှိ စစ်သည်များကို ဦးဆောင်ပြီး) လွိုင်တိုင်းလျန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ၄၃၁ နှစ်ပြည့် အထိန်းအမှတ် ဂုဏ်ပြုပွဲ ဂါရပြုပွဲ ဖြစ်ပါသည်။

 

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဗိုလ်မှူး စိုင်းခမ်းစံကလည်း ကျင်းပပြုလုပ်ဖြစ်ကြောင်း ပြောပါသည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့သည် ထိုင်းဘုရင် နရေးဆွန်မှ အယုဒ္ဓယကို တောင်ငူအင်ပါယာ ဗမာဘုရင်၏ သိမ်းပိုက်ရယူထားခြင်း လက်အောက်မှ လွတ်မြောက်အောင် တိုက်ခိုက်အောင်မြင်ခဲ့သည့် ၄၃၁ နှစ်ပြည့်သော နေ့ဖြစ်ပါသည်။ တနည်းအားဖြင့် ဗမာဘုရင်တို့၏ ကျုးကျော်တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံတော်လှန်တိုက်ခိုက်နိုင်ခဲ့သော ထိုင်းအမျိုးသားတို့၏ ဂုဏ်ယူသည့် နေ့ထူးနေ့မြတ် တရက်ဖြစ်သည်ဟု လေ့လာဖတ်ရူရပါသည်။

 

သျှမ်းသမိုင်း ပညာရှင် ဆရာမကြီး နန်းခေးဆိုင်မှတ်တမ်းများအရ နရေးဆွန်သည် ဗမာဘုရင် ဘုရင့်နောင်မင်းတရားကဲ့သို့ အင်ပါယာတခုတည်ထောင်ရန် ရည်ရွယ်ထားခဲ့သူဟုဆိုပါသည်။

 

ဦးဘသန်း ရာဇဝင်အရ နရေးဆွန်သည် ဘုန်းလက်ရုံး အရည်အချင်းနှင့် ပြည့်စုံ၊ စစ်မှုရေးရာ၌လည်း ကောင်းမွန်စွာ ကျွမ်းကျင်သဖြင့် ဗမာစစ်သည်တို့ကို အကြိမ်ကြိမ်တိုက်ခိုက်၍ အောင်နိုင်ကြောင်း ရေးသားထားသည်ဟုဆိုပါသည်။

 

နရေးဆွန်၏ရည်ရွယ်ချက်ကို သျှမ်းအမျိုးသားများလည်း ယခင်ခေတ်က ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် သိန္ဒီဘုရင် (ယခုသိန္ဒီမြို့) ခမ်းကိုင်နွဲ့သည် ထိုင်းဘုရင် နရေးဆွန် အကူအညီဖြင့် ၁၆၀၀ ခုနှစ်တွင် သျှမ်းပြည်တဝှမ်းလုံးကို ပြန်လည်ရယူပြီး သိန္ဒီကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

 

မကြာပါ အင်းဝဘုရင် ညောင်ရမ်းမင်း (ညောင်ရမ်းခေတ်) နှင့် တရုတ်ပြည်ကပါ ရှေးရိုးအစဥ်အလာ အခွန်ပဏ္ဍာ ဆက်သရန် သိန္ဒီဘုရင်ကို ဖိအားပေးလာသည်။ ယခင်ခေတ်အရ ပဏ္ဍာဆက်သခံရသည့် နိုင်ငံက ပဏ္ဍာဆက်နိုင်ငံအား ကာကွယ်စောင့်ရှောက်ရပါသည်။

 

ပဏ္ဍာဆက်ဖူးသည့်နိုင်ငံ အာခံပါက အခြားပဏ္ဍာဆက်နယ်မြေခံဘုရင်များ အတုမယူစေရန် ပြန်လည်တိုက်ခိုက်လေ့ရှိပါသည်။ သိန္ဒီဘုရင် (ခ) သျှမ်းဘုရင် ခမ်းကိုင်နွဲ့ ထီးနန်းပြန်ရခြင်းသည် ထိုင်းဘုရင် နရေးဆွန်၏ အကူအညီကြောင့်ဖြစ်သည်။ ထို့ကြောင့် နရေးဆွန်ကိုသာ အခွန်ပဏ္ဍာဆက်သနိုင်ကြောင်း တုန့်ပြန်ရာ ဗမာတဖက် တရုတ်တဖက် ညှပ်တိုက်ခိုက်ခြင်းကို သျှမ်းတို့ ခံလိုက်ရပါသည်။

 

ထိုင်းဘုရင် နရေးဆွန်က သိန္ဒီဘုရင် (သျှမ်းဘုရင် ခမ်းကိုင်နွဲ့ကို) ကူညီရန် အလို့ဌာ ၁၆၀၅ ခုနှစ်တွင် သျှမ်းပြည်သို့ စစ်ချီခဲ့ပါသည်။ သို့သော် အကြောင်းမလှပဲ နရေးဆွန် ကျန်းမာရေး ချို့ယွင်းပြီး သျှမ်းပြည် မိုင်းတုံမြို့နယ် မိုင်းဟန်နယ်၌ နတ်ရွာစံသွားခဲ့ပါသည်။

 

ထိုင်းတပ်မတော်၏အကူအညီကို မရရှိပဲ သိန္ဒီဘုရင် ခမ်းကိုင်နွဲ့လည်း စစ်ရူံး နယ်မြေရူံးသွားခဲ့ရပါသည်။ သိန္ဒီကိုလည်း တရုတ်နှင့် ဗမာဘုရင် အပေးအယူလုပ်ကာ ခွဲဝေယူလိုက်ကြပါသည်။ ယခင်က သျှမ်းပြည်မြောက်ပိုင်းတွင် သိန္ဒီဘုရင်နှင့် သီပေါတို့သည် အာဏာစက် အကြီးမားဆုံးဖြစ်သည်ဟု ဆိုသည်။ သိန္ဒီသျှမ်းဘုရင်၏ အာဏာစက်သည် တရုတ်နယ်ထဲရှိ သျှမ်းစော်ဘွားနယ်ဟောင်းများအထိ ကျယ်ပြန့်ကြောင်း သမိုင်းမှတ်တမ်းအချို့က ရေးသားဖော်ပြထားပါသည်။

 

ထိုင်းဘုရင် နရေးဆွန်သည် ငယ်စဥ်ကတည်းက စစ်ရေးစစ်ရာ၌ ဉာဏ်ရည်ထက်မြှက်သောကြောင့် ဗမာဘုရင် ဘုရင့်နောင်မင်းတရားကြီးက မွေးစားသားအဖြစ် မွေးစားကာ စစ်ပညာများ သင်ကြားပေးခဲ့သည်ဟု ထိုင်းနိုင်ငံ၏ရုပ်သံများ၌ ရံဖန်ရံခါ ထုတ်ဖော်ပြသလေ့ရှိပါသည်။

 

ခမ်းကိုင်နွဲ့

 

ဗမာသမိုင်းတွင် သိန္ဒီခမ်းကိုင်နွဲ့ သျှမ်းမင်း (၁၅၄၅-၁၆၀၅) အကြောင်း ရေးသားဖော်ပြခြင်း သိပ်မရှိပါ။ သျှမ်းနှင့် ထိုင်း သမိုင်းတွင် ဆက်စပ်မှုရှိကြောင်း အများစုက ရေးသားဖော်ပြကြပါသည်။ ခမ်းကိုင်နွဲ့သည် ဗမာ သမိုင်းလေ့လာသူများ သိကြသည့် ထိုင်းဘုရင် ဗြနရာဇ် (ခေါ်) နရေးဆွန် (၁၅၅၅-၁၆၀၅) နှင့် ဆက်နွယ်သူဖြစ်သည်။

 

ဗမာသမိုင်းတွင် ဗမာများ ဂုဏ်အယူဆုံးစစ်ဘုရင်သည် ဘုရင့်နောင် မင်းတရားဖြစ်လျှင် ထိုင်းသမိုင်းတွင်လည်း အလားတူ ဂုဏ်ပြုခံရသူသည် နရေးဆွန်မင်းတရား ဖြစ်သည်။ ထိုစဥ်က စစ်နိုင်ပါက ဓါးစာခံအဖြစ် စစ်နိုင်ဘုရင်၏ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ကျွေးမွေးသွန်သင်ပြန်လည်ပျိုးထောင်ပေးလေ့ရှိသည်။ ထို့ကြောင့် သိန္ဒီသျှမ်းဘုရင် ခမ်းကိုင်နွဲ့နှင့် အယုဒ္ဓယဘုရင် နရေးဆွန်တို့သည် ပဲခူးနေပြည်တော်၌ အတူတူ လာရောက်နေထိုင်ခဲ့ရပါသည်။

 

၁၅၈၁ ခုနှစ် ဘုရင့်နောင် နတ်ရွာစံပြီးနောက်ပိုင်း နရေးဆွန်မှ ပြန်လည်ခုခံတော်လှန်သည့်အခါ သိန္ဒီသျှမ်းဘုရင် ခမ်းကိုင်နွဲ့လည်း နရေးဆွန်ဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။

Ref: The Making of a Rebel (ခွန်းဆေ) ၊ วิวัฒน์ชัย เชียงใหม่