ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အစည်းအဝေးကို ဩဂုတ်လ (၁၈-၂၀) ရက်နေ့များတွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း ယနေ့ ဩဂုတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ တိုက်ပွဲနှင့် သဘာဝဘေးအန္တရာယ်တို့ကြောင့် အတိဒုက္ခရောက်ခဲ့သည့်စစ်ဘေးရှောင်များ၊ ပြည်သူလူထုများအပေါ် ကူညီထောက်ပံ့ခြင်းတို့အား သုံးသပ်ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေးပြဿနာများ ဖြေရှင်းရာတွင် အဖက်ဖက်အနေဖြင့် ယုံကြည်မှုတည်ဆောက်၍ အမှန်တရားလက်ကိုင်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
လူမျိုးတစ်မျိုး၏ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်တို့ကို သက်ဆိုင်ရာလူမျိုးက အမြတ်တနိုး တန်ဖိုးထားထိန်းသိမ်းထားခြင်းကြောင့် အဆိုပါ သမိုင်းရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တို့ကို ပျောက်ကွယ်သွားအောင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖျက်ဆီးခြင်း မပြုလုပ်သင့်ပါ။ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာရှိ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ လက်ထက်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်မြို့ရိုးအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့ခြင်းသည် ပြည်သူလူထုများအား မကျေနပ်မှု၊ နာကြည်းမှုများ ဖြစ်ပေါ်စေပြီး သျှမ်းတိုင်းရင်းသားများအကြား ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAOs) ပါဝင်လက်မှတ် ရေးထိုးခဲ့သည်သာမက ကုလသမဂ္ဂ (UN) ၊ ဥရောပသမဂ္ဂ (EU) ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိအမှတ်အဖြစ်ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်၍ NCA သည် တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သော်လည်း အလျှော့အတင်း မလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ဆောင်ခြင်း လုပ်ငန်းများ ရှေ့မတိုးနိုင်ခဲ့ခြင်းဖြစ်သည်။ RCSS အနေဖြင့် ယနေ့ကာလအထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။