သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်မှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်း၊ တိုက်ခန်းနေရာတွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ဖို့ဆိုပြီး ဘောလုံးကွင်းတိုက်ခန်းပိုင်ရှင် တွေထံ စစ်ကော်မရှင်ရဲ့ လက်အောက်ခံ အားကစားနှင့်ကာယပညာဦးစီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်သတိပေးစာ ပေးပို့အကြောင်းကြားတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာကို နိုင်ငံတကာအဆင့်မီ အားကစားကွင်း/အားကစားရုံ၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာ(Youth Center)တွေ တည်ဆောက်သွားမယ်လို့ဆိုပြီး ဆိုင်ခန်း၊ တိုက်ခန်းတွေ ဖယ်ရှားနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ပထမအကြိမ် အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ပထမအကြိမ်အသိပေးပြီးနောက် ဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်း၊ တိုက်ခန်းတွေ ယခုအချိန်ထိ ဖယ်ရှားရှင်းလင်းတာ မရှိတဲ့အတွက် ငှားရမ်းခြင်းစာချုပ်ကို ရပ်စဲပြီး အမြန်ဆုံး ဖယ်ရှားရှင်းလင်းဖို့ ဒုတိယအကြိမ် ထပ်မံအသိပေးအကြောင်းကြားလာတာလို့ဆိုပါတယ်။

ဘောလုံးကွင်းတိုက်တန်းမှာ ကား၊ ဆိုင်ကယ် အပိုပစ္စည်းဆိုင်၊ အလှအပရေးရာဆိုင်၊ ပုံနှိပ်လုပ်ငန်းဆိုင်၊ စားသောက်ဆိုင်နဲ့ စာရေးကိရိယာဆိုင် စတဲ့ ဆိုင်ခန်းပေါင်း နှစ်ရာခန့်က ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ယခင်က အားကစားပွဲ ရံပုံငွေရရှိဖို့ဆိုပြီး ဘောလုံးကွင်း ပတ်လည်ရှိ ဆိုင်ခန်းတွေကို ရောင်းချခဲ့ကာ တိုက်ခန်းတွေကိုလည်း အငှားချပေးထားကာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အလားတူ တပ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကျောင်းကြီးစုရပ်ကွက်ထဲက ရှမ်းရိုးမတိုက်တန်းတွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးခဲ့ပါသေးတယ်။