ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တရုတ်ရာဇဝတ်ဂိုဏ်းသားတွေကို အကာအကွယ်မပေးဖို့ ကိုးကန့် နဲ့ “ဝ”အာဏာပိုင်များကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) တောင်းဆို 

တရုတ်ရာဇဝတ်ဂိုဏ်းသားတွေကို အကာအကွယ်မပေးဖို့ ကိုးကန့် နဲ့ “ဝ”အာဏာပိုင်များကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) တောင်းဆို 

Hsan Loi Editor
19/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်နဲ့“ဝ”အာဏာ ပိုင်တွေအနေနဲ့ မိမိတို့ ထိန်းချုပ်ရာ ဒေသတွေမှာ တရုတ်ရာဇဝတ်လူလိမ်ဂိုဏ်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊အကာအကွယ်ပေးတာတွေ မပြုလုပ်ဖို့ ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် (SHRF) က အောက်တိုဘာ ၁၈ ရက်နေ့ကအစီရင်စာတစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

 

ကိုးကန့် နှင့် “ဝ” ဒေသက အွန်လိုင်းငွေလိမ်ခြင်းလုပ်ငန်း၊ လောင်းကစား နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်ရာဇဝတ်လူမိုက်ဂိုဏ်းသားတို့ရဲ့ ညှင်းပန်း နှိပ်စက်မှုတွေ နဲ့ပတ်သက်ပြီး ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် (SHRF) က မြန်မာ ၊ အင်္ဂလိပ် ၊ ထိုင်း ၊ တရုတ် ၄ ဘာသာနဲ့ အစီရင်ခံစာ ထုတ်ပြန် ထားတာပါ။

 

ဒီအစီရင်ခံစာဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် တွေဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် နဲ့ “ဝ” ဒေသရှိ အွန်လိုင်း ငွေလိမ်ခြင်းလုပ်ငန်း၊ လောင်းကစား နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်ရာဇ ဝတ်လူမိုက်ဂိုဏ်းသားတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတဲ့ အမျိုးသမီးငယ်သုံးဦး နဲ့ အမျိုးသား ငယ်နှစ်ဦးတို့ကို တွေ့ဆုံမေးမြန်းထားမှုများအပေါ် အခြေ ခံထားတာဖြစ်တယ်လို့ SHRF ကဆိုပါတယ်။

 

အလုပ်အကိုင်ရှာဖွေရန် ကြိုးပမ်းခဲ့ရာမှ “ ဝ”ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသဖြစ်တဲ့ ပန်ဆန်းမြို့နဲ့ မိုင်းပေါက်မြို့မှာ လူကုန်ကူးခံရပြီး ကျွန်ပြုခြင်းကိုခံခဲ့ရတာတွေ ၊ အွန်လိုင်းကနေ ငွေလိမ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရပြီး တရုတ်လူမိုက်ဂိုဏ်းသား များအား လိင်ဖျော်ဖြေခြင်းများလုပ်ကိုင်ခဲ့ရတဲ့အပြင် အင်တာနက်လိင်ဖျော်ဖြေရေးဗီဒီယို ရိုက်ကူးရေးများအထိ ပါဝင်လုပ်ကိုင်ခဲ့ရပြီး ပြုလုပ်ဖို့ ငြင်းဆို ရင်ရိုက်နှက်ညှင်းပန်း ခြင်းခံရပြီး အမျိုးသမီးများဆိုလျှင် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ခံကြရတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ် ။

 

မိမိဆန္ဒအလျောက် ကိုးကန့်မြို့တော် လောက်ကိုင်မြို့ရှိ အွန်လိုင်းကာစီနိုရုံတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုး သမီးတစ်ဦးရဲ့ ပြန်လည်ပြောပြချက်အရ – သူမနှင့်အတူအလုပ်လုပ်တဲ့ ညီမဖြစ်သူဟာ ငွေအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံရပြီး ပိုက်ဆံများကိုပေးလျော်ခိုင်းစေခဲ့ပါတယ် ။ မပေးလျော်နိုင်တဲ့အခါ တရုတ်အလုပ်ရှင် နဲ့ အပေါင်းအပါတို့ရဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းခံခဲ့ရပြီးနောက် အထပ်မြင့် တိုက်ပေါ်မှခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ် လို့ SHRF ရဲ့အချက်အလက်တွေအရ သိရပါတယ်။

 

လူကုန်ကူးခံရသူ တွေထဲက တစ်ချို့မှာပြန်လည်လွတ် မြောက်ဖို့အတွက် မိသားစုဝင်တွေက တရုတ်ယွမ်ငွေ ၃၀,၀၀၀ ပေးခဲ့ရပြီး တစ်ချို့မှာ မိသားစုက “ဝ”အာဏာ ပိုင်တွေနဲ့ ဆက်သွယ်ဖြေရှင်းခဲ့လို့ပြန်လည် လွတ်မြောက်လာတာရှိသလို နေရာပြောင်းချိန်ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဖြစ်စဉ်တွေလဲ ရှိတယ်လို့ ဆိုပါတယ်။

 

လူကုန်ကူးခံရသူရဲ့ မိသားစုဝင်တွေက လားရှိုးမြို့မှာရှိ တဲ့ UWSA ဆက်ဆံရေးရုံးကို အကူအညီ တောင်းခံတဲ့အခါ ဝင်ရောက်ဖမ်းဆီးမှုတွေမပြုလုပ်ခင်တရုတ်ရာဇဝတ်ဂိုဏ်းသားတွေကို သတင်းပေးပို့ခဲ့ပြီး လူကုန်ကူးခံရသူတွေကိုအခြားနေရာသို့ ပြောင်းရွှေ့ထားစေခဲ့တယ်လို့ သိရပါတယ်။

 

လောက်ကိုင်မြို့ကအွန်လိုင်းငွေကြေးလိမ်လည်ခြင်းလုပ်ငန်းလုပ်ကိုင်တဲ့ အလုပ်ရုံအဆောက်အဦးတွေ ကို ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ ကိုးကန့်စစ်တပ်က စစ်သားတွေ လုံခြုံရေးယူပေးထားတယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်ရပ်တွေဟာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ဒေသအာဏာပိုင်တွေရဲ့ ပူးပေါင်းကြံစည်လုပ်ကိုင်နေမှုပေါ်လွင် ပြီးရှင်းလင်းတဲ့ သက်‌‌ေသအထောက်အထားများဖြစ်တယ်လို့ SHRF ကဆိုပါတယ်။

 

အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦး ကိုတရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့မှာဆုကြေးငွေတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

 

ဝရမ်းထုတ်ခံထားရတဲ့ သူတို့နှစ်ဦးဟာ “ဝ” ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူးပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် နဲ့ UWSA ရဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော်ချွင်ထင် ဖြစ်ပြီး “ဝ” တပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်သူတွေ ဖြစ်တယ်လို့သိရပါတယ် ။

 

အခုလ ၁ ရက်တုန်းနေ့ကလည်း တရုတ်နိုင်ငံရဲ့ ကုန်စည် ပြပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကိုးကန့်လုပ်ငန်းရှင်တွေအပါအဝင် လူ ၇၀ ကျော်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက လူ ၁၁ ယောက်ကို ကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီး ခဲ့ပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့မြန်မာ -ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားရာနယ်မြေ ဖြစ်ခဲ့ပါတယ်။

 

ဒါ့အပြင် “ဝ” ဒေသ မှာအွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် တစ်ခုတည်းသောဆက်သွယ်ရေးကွန်ရက်မှာ မြန်မာစစ်တပ်ပိုင် Mytel ကွန်ယက်ကိုအသုံးပြုနေတာဖြစ်ပြီးစစ်ကောင်စီဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ယက်ကို အမှီပြုပြီး ဒုစရိုက်လုပ်ငန်းတွေပြုနေတာ ကိုတော့ မဖြေရှင်းနိုင်ဘူးလို့ ဆိုပါတယ်။

 

” ဝ ဒေသမှာလဲ mytel တာဝါ တိုင်ကွန်ရက်ကိုသုံးကြတာပဲ ၊ mytel ချင်းတော့ အတူတူပဲ ဒါပေမဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ သုံးတဲ့ mytel ဆင်းကဒ်က “ ဝ” ဒေသမှာ သုံးလို့မရဘူး အဲ့ဒီကိုရောက်ရင် အဲ့ဒီက ဆင်းကဒ်တွေပဲပြန်ဝယ်သုံးရတာ ၊ သူတို့ကိုယ်ပိုင် ဆာဗာတွေ ရှိတယ် ” လို့ မိုင်းပေါက်မြို့ခံတစ်ဦးကအတည်ပြုပါတယ်။

 

ဒါ့ကြောင့် SHRF အနေနဲ့ ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီကိုလည်း ၎င်းတို့၏ ဖက်စပ် စီးပွားဖက်ဖြစ်သော Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ကွန်ယက်ကိုအသုံးပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသေတွေမှာ ဒုစရိုက်မှုများ ကျူးလွန်နေမှုအပေါ် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပြီး လက်ရှိတရုတ်အစိုးရကိုလည်း ၎င်းတို့ရဲ့နိုင်ငံသားတွေ အခုလိုဒုစရိုက်မှုများပြုလုပ်နေတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့တိုက်တွန်းထားတာပါ။

 

အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ၂၀၂၀ နောက်ပိုင်းကစ တဟုန်ထိုး တိုးတက်လာပြီး တရုတ်နိုင်ငံသား တွေကိုယ်တိုင် ကကြောက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ် ။ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း ဦးဆောင်လုပ်ကိုင်သူဂိုဏ်းခေါင်း ဆောင် တွေဟာ တရုတ်ပြည်မှာ ယွမ် ဘီလီယံနှင့်ချီပြီး လိမ်လည်လာခဲ့တဲ့ တရားခံပြေးတွေဖြစ်တယ်လို့ တရုတ်သတင်းတွေအရ သိရပါတယ်။

 

တရုတ်နိုင်ငံသားတွေနဲ့ အာရှသားတွေကို အဓိကပစ်မှတ်ထားပြီးငွေကြေးလိမ်လည်မှု ၊ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု နဲ့ သတ်ဖြတ်ခြင်းတွေပြုလုပ်လာတဲ့ ရာဇဝတ်ဂိုဏ်း တွေအဖြစ် ပေါ်ပေါက်လာ ခဲ့ပါတယ် ။တရုတ်နိုင်ငံ ရဲ့အိမ်နီးချင်းနိုင်ငံတွေက ကျားဖြန့်နဲ့ပတ်သက်ပြီး နှိမ်နင်း ပေးဖို့တရုတ်အစိုးရကို ဖိအားပေးတာကြောင့် တရုတ်အစိုးရက စက်တင်ဘာ ပထမပါတ်ကစတင်ပြီး စီမံချက်နဲ့ ဖမ်းဆီးနေတာပါ ။