ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တရုတ်နိုင်ငံ၏ ၂၀၂၃ ခု မြေပုံသစ်ကို ၎င်း၏ သဘာဝသယံဇာတ ဝန်ကြီးဌာနက အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် နယူးဒေလီ၌ ကျင်းပပြုလုပ်မည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်သည့် ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်နှင့်ဆက်စပ်နေသည့် နိုင်ငံ ၉ ခုနှင့် ကြီးမားသော တင်းမာမှုဖြစ်ပွားစေခဲ့သည်။ အကြောင်းအရင်းသည် အိမ်နီးချင်းနိုင်ငံများ၏ နယ်မြေများကို တဖက်သတ် ဖြတ်၍ ရေးဆွဲယူထား၍ဖြစ်သည်။
ရုရှား
၂၀၀၅ ခုနှစ်တွင် ရုရှားနှင့် တရုတ်တို့ နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းများကို သတ်မှတ် သဘောတူခဲ့ဖူးသည်။ Bolshoy၊ Ussuriysky Island ကျွန်း (သို့) Heixiazi နယ်မြေပိုင်ဆိုင်မှုနှင့်ပါတ်သက်၍ ညှိနှိုင်းခဲ့ရသည်။ Ussuriysky Island ကျွန်းသည် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်တွင် တည်ရှိပြီး နှစ်နိုင်ငံစလုံး ပိုင်ဆိုင်ကြကြောင်း တရားဝင်သဘောတူထားသည်။ ယခု တရုတ်နိုင်ငံဘက်မှ အဆိုပါသဘောတူညီချက်ကို ချိုးဖောက်လိုက်သည်။ ထိုကျွန်းစု၏ ၁၃၅ စကွဲမိုင်သည် တရုတ်ပိုင်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ကရင်မလင်နန်းတော်ဘက်က ပြောလာပါလိမ့်မည်။
အိန္ဒိယ
အိန္ဒိယနှင့် တရုတ်နိုင်ငံ အငြင်းအခုံဖြစ်နေသည့် နယ်စပ်ဧရိယာသည် မိုင်ပေါင်း ၂၁၆၇ မိုင် ရှိသည်။ မည်သည့်နိုင်ငံက အမှန်တကယ်ပိုင်ဆိုင်သည့် ကိစ္စဖြစ်သည်။ Arunachal Pradesh သည် အိန္ဒိယ နယ်မြေအစိတ်အပိုင်းဟု ဆိုပြီး တရုတ်ကလည်း တိဘက်နယ်မြေအစိတ်အပိုင်းဟု ဆိုသည်။ တရုတ်နိုင်ငံ၏ အနောက်ဖက် Aksai Chin နယ်မြေကိုလည်း ၎င်းမြေပုံအသစ်၌ ထည့်သွင်းလိုက်သည်။ ဤနယ်မြေသည် အိန္ဒိယပိုင်နက်မြေဖြစ်ပြီး တရုတ်က ဝင်ရောက်နေရာယူထားပြန်သည်။ အိန္ဒိယဘက်မှ တရားဝင်စွဲချက်တင်၍ ကာကွယ်ထားသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သူတပါးနယ်မြေကို ကိုယ့်နယ်မြေပိုင်နက်လုပ်ခြင်းသည် အဓိပ္ပာယ်မရှိဟု ပြောဆိိုလိုက်သည်။
မလေးရှား
မလေးရှားပင်လယ်ထိ ထိစပ်နေသော တောင်တရုတ်ပင်လယ်ပြင်တပြင်လုံးကို တရုတ်က ၎င်းပိုင်သည်ဟု တဖက်သတ် သတ်မှတ်လိုက်သည်။ တရုတ်နိုင်ငံ၏မြေပုံသစ်၌ လူသိများအောင် လိုင်းအမှတ်အသားများ လုပ်၍ သတ်မှတ်ဖော်ပြထားလိုက်သည်။ တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုံနယ်မြေအဖြစ် တရုတ်က သတ်မှတ်ထားသည်။ တောင်တရုတ်ပင်လယ်နှင့် ပင်လယ်ပြင်ထိစပ်နေသော နိုင်ငံများက သဘောမတူကြပေ။ မလေးရှားအစိုးရက တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် မြေပုံသစ်ထုတ်ပြန်ချက်ကို အသိအမှတ်မပြုကြောင်း တရားဝင် တုန့်ပြန်ထားသည်။
ဖိလစ်ပင်
ဖိလစ်ပင်ပင်လယ်ပြင် ရှေ့တန်းကျွန်းတခုတွင် ရှေ့တန်းကင်းစခန်းအချို့ ချထားသည်။ ဖိလစ်ပင်က သင်္ဘောထပ်မံဖြည့်ဆည်းလာသည့်ကိစ္စကို တရုတ်က လိုက်လံပိတ်ဆို့ဟန့်တားသည်။ အဆိုပါပင်လယ်ပြင်ရေပိုင်နက်ကို ၎င်းကပိုင်ဆိုင်သည်ဟု တရုတ်က ပြောသည်။ ဖိလစ်ပင်၏အချုပ်အခြာအာဏာပိုင် နယ်မြေကို ချိုးဖဲ့ဖျက်ဆီးနေသည်ဟု ဖိလစ်ပင်က တုန့်ပြန်သည်။
ဘရူနှိုင်း
ဘရူနှိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ပင်လယ်ပြင်၌ တည်ရှိသော Louisa Reef ၊ Owen Shoal နှင့် Rifleman ကျွန်းတို့ကို တောင်တရုတ်ပင်လယ်ပိုင်အဖြစ် တရုတ်ကသတ်မှတ်လိုက်သည်။ အဆိုပါကျွန်းတို့၌ ဘရူနှိုင်း၏ စစ်တပ်စခန်းချထားခြင်း လုံးဝမရှိသေးပါ။ တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် မြေပုံသတ်မှတ်ထုတ်ပြန်ချက်အပေါ်လည်း တုန့်ပြန်မှု မလုပ်သေးပါ။
ဗီယက်နမ်
ဗိယက်နမ်သည် လက်တလောနာမည်ကြီးနေသော နိင်ငံတကာရုပ်ရှင်ဇတ်ကားတခုဖြစ်သည့် ဘာဘီ Barbie ဇတ်ကားကို ပိတ်ပင်ထားသည်။ ဘာဘီဇတ်ကားထဲရှိ ဇတ်ဝင်ခန်းတခုတွင် တောင်တရုတ်ပင်လယ်ပြင် လိုင်းသတ်မှတ်မှုကို ဖော်ပြထားသောကြောင့် ဖြစ်သည်။ ဗီယက်နမ်က ၎င်း၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို ကျုးကျော်သည်ဟု ကြေညာထားသည်။ တရုတ်နှင့် ဖိလစ်ပိုင် ၂ နိုင်ငံစလုံးကို ဗီယက်နမ်က ဝေဖန်ထားသည်။ ဟန်နွိုင်းရေပြင်သို့ နှစ်နိုင်ငံစလုံးမှ ဝင်လာသော သင်္ဘောများကိုလည်း ဗီယက်နမ်က ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားနှင့် တရုတ်တို့၏ တောင်တရုတ်ပင်လယ်အရေးသည် သိသိသာသာ တင်းမာမှုတိုးပွားလာသည်။ အင်ဒိုနီးရှား၏ အကြီးမားဆုံး ရေတပ်လှုပ်ရှားမှုကို ပြသလိုက်သည်။ အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျား၊ ဂျပန်နှင့် စင်္ကာပူရေတပ်ဖွဲ့တို့ကပါ အင်ဒိုနီးရှားဖက်မှ အတူတကွ ပူးပေါင်းပါဝင် စစ်ရေးလေ့ကျင့်ပြသည်။ ထို ကာကွယ်ရေးအစီအစဉ်ကို ၂၀၂၃ ခု သြဂုတ်လ ၃၁ ရက်နေ့က စတင်ခဲ့သည်။
ထိုင်ဝမ်
ထိုင်ဝမ်ကို လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအဖြစ် တရုတ်က အသိအမှတ်မပြုပါ။ ထို့ကြောင့် ထိုင်ဝမ်သည် တရုတ်ပိုင်နယ်မြေအစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ခံရခြင်းသည် မထူးဆန်းလှပေ။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ တရုတ်က ထိုင်ဝမ်ကို ဘယ်တော့မှ မအုပ်ချုပ်ဖူးပါဘူး အဲ့ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုပါတယ် ဟု ပြောပါသည်။
ဂျပန်
တရုတ်ပင်လယ်ပြင် အရှေ့ဖက် ဂျပန်ပိုင် ဆန်ကာကူကျွန်းစုများ Senkaku islands သည် နေထိုင်သူမရှိပါ။ ဂျပန်ပိုင်နက်ကျွန်းစုများဖြစ်သကဲ့သို့ အမေရိကန်ကာကွယ်ရေးဌာနက ကာကွယ်ပေးထားသည်။ ထိုင်ဝမ်ကလည်း အဆိုပါကျွန်းစုများကို ၎င်းပိုင်နက်နယ်မြေတခုအဖြစ် ပြောဆိုထားသည်။ သို့သော် ထိုင်ပေက တိုကျိုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်။ ထို့ကြောင့် အဆိုပါ ကျွန်းစု ကိစ္စသည် ၎င်းတို့ ၂ နိုင်ငံအကြား စားပွဲပေါ်သို့ ရောက်ရှိလာခြင်း မရှိပါ။
သို့သော် တရုတ်က ပို၍ ရန်ဆောင်နေသည်ကို တွေ့ရသည်။ လက်နက်ကြီးများတပ်ဆင်ထားသော တရုတ်သင်္ဘောကြီးများဖြင့် ထိုကျွန်းစုများတဝိုက် မကြာခဏ လှည့်ပတ်ပြသည်။ ကျောက်ချ၍ ရက်အတန်ကြာအောင် ၎င်းရေပြင်ပိုက်နက်ထဲ၌ နေပြသည်။
Ref: Sunday Roast, image: Japan Forward