ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၉း၀၀)နာရီက စတင်ပြီး နေပြည်တော်ရှိ MICC-2 ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ LDU ဥက္ကဌ စောလမွန်၊ ALP ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဦးခိုင်စိုးနိုင်အောင်၊ ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းတို့ တက်ရောက်လာခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေများအပြင် နိုင်ငံတကာအသိသက်သေအချို့ တက်ရောက်ခဲ့သည်ဟုဆိုသည်။
NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် RCSS ဥက္ကဌမှ နူတ်ခွန်းဆက်စကားပြောကြားရာတွင် “ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် – NCA ဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်သာမက ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ်ပါဝင်လက်မှတ်ထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်သလို တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းမှတဆင့်တိုင်းပြည့်ရဲ့ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်းမလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရကြောင်း၊ (၈)နှစ်တာ ကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျှောမိပါတယ်။
အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကြပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက် အလဟသဖြစ်ခဲ့ရပါတယ်။
သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခဲ့ကြသော မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် NCA ၏ အနှစ်သာရများဖြစ်တဲ့ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနဲ့ အရပ်သားများကို အကာအကွယ်ပေးရေး စတဲ့မူများကို ကိုင်စွဲကာ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းနေဆဲလည်း ဖြစ်တယ်ဆိုတာကို သက်ဆိုင်သူအားလုံးကို အသိပေးတင်ပြလိုပါတယ်။
မိမိတို့ပြည်ထောင်စုကြီးဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားကာ တိုင်းပြည်မငြိမ်းမချမ်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း နိုင်ငံရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်အပြင် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများမှာလည်း ဘက်ပေါင်းစုံအခက်အခဲများကို ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခများစွာ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့လို့ ယနေ့တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီး ဆိုးဝါးသထက်မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့်အချိန် ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသဘောတူစာချုပ်ကို ကနဦး KIA၊ KNU၊ NMSP၊ KNPP တို့ ဦးဆောင်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၇ ဖွဲ့ တို့ ကနဦး NCA မူကြမ်းရေးဆွဲခဲ့ကြသည်။
ထိုမူကြမ်းရေးဆွဲစဉ်အခါက RCSS နှင့် ABSDF အဖွဲ့ တို့သည် လေ့လာသူများအဖြစ်သာ တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံနှင့် ကမ္ဘော့ကုလသမဂ္ဂ ကိုယ်စားလှယ်တို့ပင် လိုင်ဇာထိ သွားရောက်လေ့လာခဲ့ကြသည်။
လက်မှတ်ရေးထိုးခါနီးမှ KIA က မပြီးပြည့်စုံသေးသဖြင့် လက်မှတ်မထိုးဟု ကြားသိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ AA၊ TNLA၊ MNDAA တို့ကိုမူ ယင်းတို့ ဖွဲ့စည်းသည်မှာမကြာသေး၍ NCA ၌ပါဝင်လက်မှတ်ထိုးခွင့် မပြုဟု ရေးထိုးခါနီးအချိန်မှ စစ်တပ်ဘက်က ငြင်းပယ်ခဲ့သည်ဟု သိရသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် မူကြမ်း အတည်ပြုချက်ကို ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ)၊ ဦးသိန်းဇော် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း (နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ)၊ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ EAOs NCCT မှ နိုင်ဟံသာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်မော်၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ ABSDF၊ ALP၊ CNF၊ DKBA၊ KNU၊ KNU/KNLA-PC၊ PNLO၊ RCSS တို့က လက်မှတ်ရေးထိုးကြသည်။ မူကြမ်းရေးဆွဲစဉ်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ပါမလာတော့ပေ။
ပြည်တွင်းအသိသက်သေများအဖြစ် တိုင်းရင်းသားရေးရာဝန်ကြီးများဘက်မှ ဦးဇော်အေးမောင်၊ ဦးစောထွန်းအောင်မြင့်၊ ဦးခွန်သန်းမြင့်၊ နိုင်ငံရေးပါတီများဘက်မှ ဦးဌေးဦး၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်ဆွေ၊ ဦးသန်းနိုင်၊ စိုင်းအိုက်ပေါင်း၊ ဦးဇိုဇမ်၊ ဒေါ်ချင်းချင်း၊ ဦးစောသိန်းအောင်၊ စောဒယ်နီယယ်၊ ဒေါ်သန်းသန်းနု၊ စာချုပ်ညှိနှိုင်းရာတွင်ပါဝင်ခဲ့သူများအဖြစ် ဦးသက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဦးသန်းဌေး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် ဦးမြအေးတို့ ပါဝင်လက်မှတ်ရေးထိုးကြသည်။
နိုင်ငံတကာ အသိသက်သေများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ထိုင်းနိုင်ငံ၊ ကမ္ဘော့ကုလသမဂ္ဂတို့ပါဝင်လက်မှတ်ရေးထိုးထားသည်။
နိုင်ငံတကာ သံရုံးကိုယ်စားလှယ် ၃၈ ဦး စင်္ကာပူ၊ မြောက်ကိုးရီးယား၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဂျာမဏီ၊ ဘရူနှိုင်း၊ တူရကီ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ကနေဒါ၊ ယူကေ၊ ဆားဗီးယား၊ နော်ဝေ၊ တောင်ကိုးရီးယား၊ မော်ရိုကို၊ သ◌ြစတြီးယား၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ဒိန်းမတ်၊ အစ္စရေး၊ လာအို၊ သ◌ြစတေးလျ၊ ကာတာ၊ ချက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အီတလီ၊ ဂါနာ၊ ဆွစ်ဆလန်၊ သီရိလင်္ကာ၊ ပြင်သစ်နိုင်ငံတို့ ပါဝင်လက်မှတ် ရေးထိုးထားသည်။
၂၀၁၈ ခုနှစ် NLD အစိုးရကာလတွင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့က ထပ်မံလက်မှတ်ရေးထိုးပါဝင်ခဲ့ကြပြီး ANC ရခိုင်အဖွဲ့လက်မှတ်ရေးထိုးခွင့်ကို စစ်ကောင်စီက ငြင်းပယ်ခဲ့ပြန်သည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးနောက် “ လွှတ်တော်လမ်းကြောင်း” ဆက်လက်မရှိတော့ဘဲ သူရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည်ပင် ယိုယွင်း ပျက်စီးသွားပြီဟု အချို့အစုအဖွဲ့များက သုံးသပ်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်/စစ်ကောင်စီက အရပ်သား NLD အစိုးရထံမှ အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်တပ်၏အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် ပညာတတ်လူငယ်များ ဝန်ထမ်းများ အကြမ်းမဖက် ဆန္ဒပြပွဲများမှတဆင့် နောက်ဆုံး လက်နက်ကိုင်ခုခံရေး PDFs အဖွဲ့အစည်းများအဖြင့် ပြောင်းလဲသွားခဲ့သည်။
ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများ၊ စစ်ကိုင်းတိုင်း ပြည်နယ်အတော်များများရှိ စစ်တပ် တည်ရှိရာနေရာများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများရှေ့၌ ဘန်ကာများ အခိုင်အမာတည်ဆောက်ထားရပြီး PDF အဖွဲ့များ လက်ပစ်ဗုံးဝင်ရောက်ပစ်ခတ်မှုကို ကာကွယ်ရန် အဟန့်အတားများ အတားအစီးများ ပိတ်ဆို့ထားရဆဲဖြစ်သည်။
တက္ကသိုလ်ဝန်းများ ဘုရားများ၊ ကွန်ဗန်းရှင်းစင်တာ အဝင်ပေါက်များ၌ စစ်ကောင်စီက စတင်းဂမ်းများဖြင့်ပင် အခြေချထားဆဲ တွေ့ရသည်။ အုပ်ချုပ်ရေးမှူးများသည် နေအိမ်၌ပင် ထင်သာမြင်သာ မနေရဲကြပဲ သိုသိုသိပ်သိပ် ဘုန်းကြီးကျောင်းဝန်းများ၌ အစောင့်အရှောက်ဖြင့် သွားရောက်ရုံးဖွင့် ဝန်ဆောင်မှုပေးနေရသည်။
မြန်မာပြည် မြို့အဝင်အထွက်ဂိတ်များ၌ ဆိုင်ကယ်များကိုပင် ပေးမမောင်းပဲ ဆင်းတွန်းခိုင်းသည့် ပုံစံ စစ်ကောင်စီဘက်က ကြောက်လန့်နေကြရသည်။
ပညာတတ်ဆရာဝန်များ၊ တက္ကသိုလ်စာချ ဆရာ ဆရာမကြီးများ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများကို သေနတ်ကိုင်သော စစ်ကောင်စီတပ်သားများက လိုက်လံ ဖမ်းဆီးသည်။ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးပါတီများလည်း လုံခြုံရေးစိုးရိမ်၍ မည်သည့်ပါတီကမျှ မှတ်ပုံတင်ခြင်း မရှိသေးပါ။
စစ်ကောင်စီက တရုတ်နိုင်ငံသို့ ခဏခဏသွားပြပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု နိုင်ငံတကာကို ပြသရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။