ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့ စစ်ရှောင်လာသော ကရင်နီပြည် လွိုင်ကော်မြို့မှ စစ်ရှောင်ပြည်သူများကို အထက်မှ စာကျလာသောကြောင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းတွင် မိမိနေရပ်သို့ အားလုံးပြန်ရမည်ဟု စစ်ရှောင်ပြည်သူများထံမှ သိရသည်။
“ နေရပ်ပြန်ရမယ်လို့ စစ်ရှောင်တွေကို အစည်းအဝေးခေါ်ပြီးတော့ ပြောတာအမှန်ပါ၊ ဘာကိစ္စနဲ့ ပြန်ခိုင်းတာလည်း မပြောဘူး၊ လွိုင်ကော်မှာ ကျွန်တော်တို့ နေစရာအိမ်မှ မရှိတော့တာ ဘယ်လိုပြန်နေရ မလဲ” ဟု စစ်ရှောင်တစ်ဦးက Hsan Loi Voice ကိုပြောသည်။
ညောင်ရွှေမှာ အိမ်ဌားသူများအပါအဝင် ဘုန်းကြီး ကျောင်းမှာ ခိုလုံနေထိုင်သူများပါ နေရပ်သို့ ပြန်ခိုင်းကြောင်း သိရသည်။
“နေရပ်ပြန်ခိုင်းတာတော့ ဟုတ်ပြီ၊ နေအိမ်မရှိတော့တဲ့ သူတွေကျတော့ သူတို့ဘာလုပ်ပေးမှာလဲ၊ ဘယ်လိုစီစဥ်ပေးမလဲ တာဝန်ရှိသူကို မေးချင်ပါတယ်” လို့ စစ်ရှောင်အမျိုးသမီးက ပြောသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်ချင်ပေမယ့် လုံခြုံမှုမရှိသည့်အပြင် စစ်ကောင်စီ၏ စစ်မှု ထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမှာပါ စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသောနေရာများကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာပြီး နေ့စဥ်ဗုံးကြဲတိုက် ခိုက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။