ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း Grade 1 တွင် ပညာသင်ကြားနေသော နန်းငင်းနွံ အသက် (၇) နှစ်သည် လွန်ခဲ့သော (၂) ရက်ခန့်က စာမရသောကြောင့်ဟုဆိုကာ ၎င်း၏ဆရာမက ခြေထောက်ဖြင့်ဒေါသတကြီးကန်ကျောက်ခြင်းခံရသည့်အပြင် တုတ်ဖြင့်ဦးခေါင်းကို ရိုက်နှက်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
“ကလေးက ဖျားပြီးနေမကောင်းတဲ့အတွက် ကျောင်းမသွားရတာ ရက်တော်တော်ကြာသွားတယ်။ အခုက သီတင်းလည်းကျွတ်ခါနီးပြီ သူတို့ဆရာမကလည်း စာမေးပွဲဖြေတော့မှာဖြစ်တဲ့အတွက် အဲ့နေ့မှာပဲကလေးကလည်း နည်းနည်းနေကောင်းလာလို့ ကျောင်းသွားချင်တယ်ဆိုပြီး သူ့မိဘကိုပြောတယ်။ ကျောင်းသွားတဲ့နေ့ကပဲ သူ့ဆရာမက စာမေးတယ် စာမေးတာကိုမဖြေနိုင်တော့ ဆရာမက စိတ်တိုသွားတယ်ပေါ့။ သူ့အတန်းဖော်သူငယ်ချင်းတွေပြောပြတာကတော့ ဆရာမက ကလေးကို ၄၊ ၅ ချက်လောက်အရင်ကန်ပြီးမှ တုတ်နဲ့ရိုက်မိရိုက်ရာရိုက်တာကနေ ဦးခေါင်းတွေကို ရိုက်မိတယ်။ ခေါင်းကို ရိုက်မိတော့ အာရုံကြောတွေထိမိလို့ထင်တယ် အခုတော့ သူ့ခေါင်းကဖူးရောင်နေပြီး ခေါင်းကြီးတဲ့သူလိုဖြစ်နေပြီ။ ခေါင်းရောင်တာကျသွားပေမယ့် သွေးကြောတွေပေါက်ကုန်လို့လားမသိဘူး မျက်လုံးတွေပါ ရောင်ပြီးမည်းလာတယ်။” ဟု ကလေးငယ်လေးနှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။
“ဒီနေ့အထိ ကလေးရဲ့ မျက်လုံးတွေက ယောင်ကိုင်းပြီး မဲနေတုန်းပဲ။ ဒီနေ့တော့ အန်တာတွေ ဗိုက်နာတာတွေမဖြစ်တော့ဘူး။ ခေါင်းတော့မူးနေတုန်းပဲလို့ပြောတယ်။ အရမ်းရိုက်နှက်ခံထားရတော့ လူတွေကိုမြင်ရင် ကလေးကအလိုလိုကြောက်နေပြီး ဘာမှလည်းမပြောရဲဘူး။ ညညဆိုရင်လည်း လန့်လန့်ပြီး နိုးတယ်လို့ သူ့မိဘတွေက ပြောပြတယ်။” ဟု ကလေးငယ်လေးအား သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကလည်း ပြောပြသည်။
လက်ရှိတွင် ကျောင်းသူလေးသည် ခိုလမ်မြို့ရှိ ကုတင် (၈၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အကူအညီများလိုအပ်လျက်ရှိသည်ဟု သိရသည်။ ကလေးငယ်အား ဆက်သွယ်လှူဒါန်းလိုပါက ခိုလမ်ဝုန်းမေတ္တာအဖွဲ့အား ဆက်သွယ်လှူဒါန်းနိုင်သည်။
ကလေးငယ်လေးအား ရိုက်နှက်ခဲ့သော ဆရာမအား ကြီးကြီးမားမားအရေးယူပေးရန် မိဘများက တိုင်ကြားခြင်းမပြုခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဆရာမနှင့်တစ်ရွာတည်းသားဖြစ်နေသောကြောင့် နောင်အခါတွင် အမုန်းပွားမည်ကို မလိုလားသောကြောင့်ဟုသိရသည်။ သို့သော် မြို့နယ်တာဝန်ရှိသူများကတော့ ဖြစ်ပွားခဲ့သောဖြစ်စဉ်များအား မြို့နယ်ပညာရေးမှူးရုံးထံ တင်ပြထားပြီးဖြစ်သည် သတင်းရရှိသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွင်လည်း – ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဆိုသည်မှာ အရွယ်ရောက်သူကဖြစ်စေ၊ အခြားသော ကလေးသူငယ်ကဖြစ်စေ ကလေးသူငယ်အား
(၁) နှိပ်စက်ညှဉ်းပမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော (သို့) ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမှု ဆက်ဆံမှု။
(၂) ရိုက်နှက်ပြစ်ဒဏ်ပေးမှုအပါအဝင် တစ်နည်းနည်းဖြင့် အပြစ်ပေးမှု
(၃) ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်အနိုင်ကျင့်မှု။
စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတွင် –
(၁) ကလေးသူငယ်ကို အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသော ပြုလုပ်မှု၊
(၂) ကလေးသူငယ်ကို ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အထီးကျန်ဖြစ်အောင်ပြုလုပ်ခြင်း၊ ဂရုမစိုက်ခြင်းတို့နှင့်ဆိုင်သည့် ပြုလုပ်မှု၊
(၃) အိမ်တွင်းအကြမ်းဖက်မှု(သို့) ဆိုးဝါးသော ဆက်ဆံမှုကို တွေ့မြင်ခံစားရစေခြင်း၊
(၄) ကလေးသူငယ်၏ လူ့ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့်ပုံစံဖြင့် ထိန်းသိမ်းထားရှိခြင်း၊
(၅) စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် အနိုင်ကျင့်စော်ကားခြင်းတို့ ပါဝင်သည်။