ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)မှာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်မှုထမ်းဆင့်ခေါ်မှုလုပ်ငန်းစဉ်တွေမှာ အသက်သတ်မှတ်ချက်ကို သေချာစွာစိစစ်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ဥပဒေပါ အသက်သတ်မှတ်ချက်တွေကို တိကျစွာလိုက်နာရန် ပြောကြားခဲ့ပြီး အထူးသဖြင့် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီ စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေ ပါဝင်နေတာကို တွေ့ရှိရတဲ့ အတွက် ပြန်လည်စေလွှတ်ပေးခဲ့ရတာတွေ ရှိပြီး စစ်မှုထမ်းသက်နဲ့ အကျုံးဝင်သူတွေကို သေချာစွာ စိစစ်ဆင့်ခေါ်ရန် လိုအပ်တယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်နှင့် ငွေကြေးမသမာမှုများ မရှိစေရန်အတွက် သေချာစွာကြပ်မတ်ရန် လိုအပ်ကြောင်းနဲ့ စစ်မှုထမ်းဆင့်ခေါ်ရာမှာ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ မတရားပြုလုပ်ခြင်းများရှိပါက ထိရောက်စွာ အရေးယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သလို လက်ရှိမှာလည်း အရေးယူထားတဲ့ အမှုများ ရှိနေတယ်လို့ ဆိုပါတယ်။
ဗဟိုအဖွဲ့အနေနဲ့ စာရင်းဇယား မှန်ကန်စေရန်နဲ့ ရေရှည်မှာ မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System (NSIMS) ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
တိုင်းနဲ့ပြည်နယ်က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က တင်ပြလာတဲ့ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို စိစစ်ခွင့်ပြုနေသော်လည်း ရွှေ့ဆိုင်းခွင့်ပြုခဲ့သူတွေကို စနစ်တကျ မှတ်တမ်းရေးသွင်းပြီး ပြန်လည်ဆင့်ခေါ်ရမယ့်အချိန်မှာ ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုတယ်လို့ ၎င်းက ပြောပါတယ်။
ယနေ့အချိန်ထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)အထိ သင်တန်း ဆင်းခဲ့ပြီး လက်ရှိမှာလည်း သင်တန်းအမှတ်စဉ် ၃ ခုကို ဖွင့်လှစ်လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။