ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဂုတ်တွင်းလမ်း ပိတ်ထားဆဲဖြစ်သောကြောင့် မိုးတွင်းကာလ သျှမ်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းသို့ တောလမ်းအတိုင်းသွားလာနေရပြီး အခက်အခဲဖြစ်ပေါ်နေ

ဂုတ်တွင်းလမ်း ပိတ်ထားဆဲဖြစ်သောကြောင့် မိုးတွင်းကာလ သျှမ်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းသို့ တောလမ်းအတိုင်းသွားလာနေရပြီး အခက်အခဲဖြစ်ပေါ်နေ

Hsan Loi Editor
22/08/2024
Share:

 

တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွဲသောအချိန်ကစ၍ သျှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်တွင်းလမ်းအား ယနေ့အထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားရဆဲဖြစ်သည်။ ဂုတ်တွင်းလမ်းပိတ်ထားသောကြောင့် လားရှိုး-ကျောက်မဲ-နောင်ချို-ကျောက်ဂူ-အင်တော-ရပ်စောက်-တောင်ကြီးလမ်းပိုင်းကိုလည်း တောလမ်းမှတဆင့် သွားလာနေရပြီး မိုးတွင်းကာလတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

 

ကျောက်မဲ-ကျောက်ဂူလမ်းအား တောလမ်း တောင်ယာလမ်းများကို အသုံးပြုသွားလာနေရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် ကားများ နွံနစ်ခြင်း၊ လမ်းပိတ်ခြင်းများကြောင့် တခါတစ်ရံ ၂ ညခန့် လမ်းတွင်အိပ်ရကြောင်း ခရီးသွားများထံမှ သိရသည်။

 

“ဂုတ်တွင်းလမ်းက အခုထိ ပြန်မဖွင့်သေးဘူးဆိုပေမယ့် တခါတလေ အဲ့မှာစောင့်နေတဲ့ TNLA နဲ့ PDF တွေက ပေးဖြတ်တာတော့ရှိတယ်။ တခါတလေမှပေးဖြတ်တာဖြစ်ပြီး လမ်းမှာတစ်ခုခုဖြစ်ခဲ့ရင် တာဝန်မယူဘူးဆိုပါတော့။ အဲ့ဒါကြောင့် ဂုတ်တွင်းလမ်းကို ပုံမှန်အတိုင်းဖြတ်သွားလို့မရသေးဘူးလို့ ပြောလို့ရပါတယ်။ ဂုတ်တွင်းလမ်းဖြတ်လို့မရတာကြောင့် ကျောက်မဲကနေ နောင်ပိန်ရွာ အဲ့ကနေ အထက်ရဲရွာလမ်းအတိုင်း တောင်ခြေရွာရောက်မယ် ပြီးတော့ ရွာလမ်းတွေ တောလမ်းတွေအတိုင်း ပွတ်အိုင်တွေဖြတ်ပြီး ကျောက်ဂူကို သွားရပါတယ်။ ကျောက်ခင်းလမ်းမဟုတ်လို့ မိုး ၂ ရက်လောက်ရွာလိုက်ရင် လမ်းမှာ အကုန်ပိတ်ကြတာပဲ။ ပွတ်တောထဲက ကားတွေကို လယ်ထွန်စက်တွေနဲ့ ဆွဲထုတ်ပြီး သွားရတာတွေရှိပြီးတော့ ကားလည်းအပျက်အစီးအရမ်းများတာပေါ့။”ဟု အဆိုပါလမ်းအား အသုံးပြုသွားလာနေသော ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

သျှမ်းပြည်နယ်မြောက်ပိုင်းမှ သျှမ်းပြည်နယ်တောင်ပိုင်းသို့ ခရီးသွားမည်ဆိုပါက လားရှိုး-နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြီး လမ်းနှင့် လားရှိုး-ကျောက်မဲ-နောင်ချို-ကျောက်ဂူ-အင်တော-ရပ်စောက်-တောင်ကြီးလမ်း စသည့် ကားလမ်း(၂)လမ်းရှိသည်။ ယနေ့အထိ သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး သီပေါ-နမ့်လန်လမ်းကိုလည်း ပုံမှန်အတိုင်း အသုံးပြု၍ မရသေးပါ။ ကျောက်မဲမြို့နှင့်နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းကိုလည်း ယနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးပါ။