ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယဉ်ကျေးမှုအမွေအနှစ်များသည် လူသားမျိုးနွယ်တိုင်းတွင် ရှိကြပါသည်။ ထိုလူသားမျိုးနွယ်များ၏ ရှေးကာလ အဆက်ဆက်မှသည် မျက်မှောက်ခေတ်ကာလတိုင်အောင် တိုးတက်ဖြစ်ထွန်းလာသည့် ယဉ်ကျေးမှု အဆင့်အတန်းကိုလိုက်၍ ယဉ်ကျေးမှုအမွေအနှစ်များကို သတ်မှတ်လေ့ရှိကြသည်။
ထို့အပြင် သိပ္ပံပညာရပ်နယ်ပယ် ထွန်းကားလာသည့် ယနေ့ခေတ်တွင် လူနှင့် ဇီဝ မျိုးကွဲများအကြားရှိ ဆက်နွှယ်မှုနယ်မြေများ (သို့မဟုတ်) လူသားမျိုးနွယ်စုအတွက် အသက်ရှင်နေထိုင်ရန် အထောက်အပံ့ပြုလျက်ရှိသော သဘာဝနယ်မြေများကိုလည်း လူသားတို့၏ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လာကြပေသည်။
ထို့ကြောင့် ယဥ်ကျေးမှုအမွေအနှစ်ကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုရလျှင်-
၁။ ဓလေ့ထုံးစံများ
၂။ သမိုင်းဝင်နေရာများ
၃။ အရာဝတ္ထုများ
၄။ အနုပညာပစ္စည်းများ
၅။ မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးလူးသွားလာနေထိုင်မှုပုံစံများ
၆။ လူနှင့် ဇီဝ မျိုးကွဲများအကြားရှိ ဆက်နွယ်မှုနယ်မြေများ စသည်တို့သည် လူသားမျိုးနွယ်စုများအတွက် အလွန်အရေးပါသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ကြပေသည်။
ဓလေ့ထုံးစံဆိုသည်မှာ လူသားမျိုးနွယ်တို့ မွေးဖွားသည်မှစ၍ သေလွန်သည့်ကာလအထိ နေထိုင်၊ ပြောဆို၊ လုပ်ကိုင်ကြရာတွင် အစဥ်အဆက် ကျင့်သုံးကြသည့် လူမှုကိစ္စများနှင့် ကျင့်ဝတ်များဖြစ်ပါသည်။
ထိုလူမှုကိစ္စများ နှင့် ကျင့်ဝတ်များသည် သျှမ်းလူမျိုး မျိုးနွယ်စုများတွင်လည်း ရှိကြပါသည်။
ဥပမာအားဖြင့် သျှမ်းလူမျိုးများ၏ ရွာတည်ဓလေ့များ၊ အိမ်ဆောက်သည့်ဓလေ့များ၊ မင်္ဂလာဆောင်သည့် ဓလေ့များ၊ ပြက္ခဒိန်တွက်ချက်မှုများ၊ ရိုးရာကဗျာ, လင်္ကာ, သီချင်းများ၊ ပွဲတော်များသည် ဓလေ့ထုံးစံအပိုင်းတွင် အကျုံးဝင်လျက် ရှိကြပေသည်။
သမိုင်းဝင်နေရာဆိုသည်မှာ လူသားမျိုးနွယ်စုများ တည်ဆောက်ခဲ့ကြသည့် ရပ်ရွာဟောင်းများ၊ မြို့ဟောင်းများ၊ နန်းတော်ရာများ၊ ခံတပ်ဟောင်းများ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ သင်္ချိုင်းဟောင်းများ၊ လမ်း တံတားများ၊ ဆည်မြောင်းများ၊ အလုပ်ရုံများ အစရှိသည်တို့ပင် ဖြစ်ပါသည်။
သျှမ်းလူမျိုးများသည် အရှေ့တောင်အာရှ ဒေသတွင် နေထိုင်မှုအပြန့်နှံ့ဆုံးဖြစ်သကဲ့သို့ ရှည်လျားသည့် သမိုင်းကြောင်းလည်း ရှိပေသည်။
မြို့ပြနိုင်ငံငယ်များ တည်ထောင်နိုင်ခဲ့ကြသည်သာမက အင်ပါယာနိုင်ငံကြီးများ လည်း တည်ထောင်နိုင်စွမ်း ရှိခဲ့ကြသည့် လူမျိုးနွယ်စုကြီးလည်း ဖြစ်ပါသည်။
ထို့ကြောင့် သျှမ်းလူမျိုးတို့၏ သမိုင်းဝင်နေရာများသည် နေထိုင် ပြန့်နှံ့ရာဒေသများတွင် များစွာကျန်ရှိနေခဲ့ကြပေသည်။
ဥပမာအားဖြင့်- မိုးကောင်းမြို့ဟောင်း၊ မိုးညှင်းမြို့ဟောင်း၊ မိုးနဲမြို့ဟောင်း၊ ကျိုင်းတုံမြို့ဟောင်း စသည့်မြို့ဟောင်းများ၊ သျှမ်းမင်းများနှင့် စော်ဘွားများ၏ ဟော်နန်းနေရာများ၊ သျှမ်းမင်းများနှင့် စော်ဘွားမျိုးနွယ်တို့၏ တော်ဝင်သင်္ချိုင်းမြေများ၊ ရှေးစေတီပုထိုးများနှင့် ကျောင်းဟောင်းများသည် သမိုင်းဝင်နေရာများတွင် အကျုံးဝင်လျက်ရှိပါသည်။
အရာဝတ္ထုများတွင် လူသားမျိုးနွယ်တို့ ဖန်တီးပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများ၊ ဗိသုကာဆိုင်ရာ လက်ရာများ၊ အသုံးအဆောင်များ၊ အဝတ်အထည်များ၊ အဆင်တန်ဆာများ၊ လက်နက်များ စသည်တို့ ပါဝင်သည်။
ထိုအရာများသည် လူသားမျိုးနွယ်စုတစ်စု၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနိုင်စွမ်းရှိသည့် အရာများ ဖြစ်ကြသည်။ ထို့အပြင် လူသားမျိုးနွယ်စုတစ်စုနှင့် အခြားတစ်စုအကြားတွင် ယဉ်ကျေးမှုကူးလူးသည့် သဘောသဘာဝကိုလည်း ညွှန်ပြနိုင်ပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀) ကျော်ကာလကစ၍ ခိုင်မာသည့် သမိုင်းကြောင်းအစဉ်အလာဖြင့် ရပ်တည်လာခဲ့ကြသည့် သျှမ်းလူမျိုးများတွင် အထက်ပါ ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများမှာ များစွာရှိပေသည်။
ဥပမာအားဖြင့်- သျှမ်းလက်ရာရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေဇဝါချ၍ ပန်းချီရေးလေ့ရှိသည့် အတတ်ပညာများ၊ ယွန်းထည်ပစ္စည်းများ၊ ပန်းပုလက်ရာများ၊ ကျောက်ဆစ် လက်ရာများ၊ ရိုးရာတန်ခွန်တိုင်များ၊ ရိုးရာရက္ကန်းပညာနှင့် ဒီဇိုင်းအဆင်အကွက်များ၊ လက်ဝတ်ရတနာများနှင့် ဓား၊ လှံ၊ လေး၊ မြား၊ ဒူးလေး၊ သံချပ်ဝတ်စုံ၊ ဒိုင်း၊ လွှား၊ ကာ စသည်တို့သည် ယဉ်ကျေးမှုဆိုင်ရာ အရာ ဝတ္ထုများတွင် ပါဝင်ကြပါသည်။
အနုပညာပစ္စည်းဆိုသည်မှာ လူသားမျိုးနွယ်တို့ ဖန်တီးပြုလုပ်ခဲ့ကြသည့် တူရိယာပစ္စည်းများ ဖြစ်ပါသည်။ သသျှမ်းလူမျိုးတို့၏ သာမှု၊ နာမှု အခမ်းအနားများတွင် တီးမှုတ်လေ့ရှိသည့် တူရိယာများသည် ထိုအနုပညာ ပစ္စည်းများတွင် ပါဝင်လျက်ရှိပါသည်။
ဉပမာအားဖြင့်- သျှမ်းလူမျိုးတို့ တီးလေ့ရှိသည့် အိုးစည်အရှည်၊ အိုးစည်အတို၊ နှစ်ဖက်ပိတ်စည်အရှည်၊ နှစ်ဖက်ပိတ်စည်အတို၊ ဖားစည်၊ မင်္ဂလာစည်၊ မောင်းဆိုင်း၊ သံပတ္တလား၊ ပုလွေ၊ နှဲ၊ လင်းကွင်း၊ သုံးကြိုးတပ်တယော၊ သုံးကြိုးတပ်ဂီတာ၊ ညှင်း စသည်တို့ ဖြစ်ပေသည်။
၄င်းတူရိယာများနှင့် ပတ်သက်၍ သျှမ်းလူမျိုးများတွင် ကိုယ်ပိုင်အခေါ်အဝေါ်များ ရှိသကဲ့သို့ ခေတ် အဆက်ဆက် အသုံးပြုခဲ့ကြသည့် မှတ်တမ်းများလည်း ရှိခဲ့သည်ဖြစ်ရာ ၄င်းအနုပညာပစ္စည်းတို့သည် သျှမ်းလူမျိုးတို့၏ မူပိုင်ပစ္စည်းများ ဟူ၍လည်း သတ်မှတ်နိုင်သည်။
မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးလူးသွားလာနေထိုင်မှုပုံစံများမှာမူ လေ့လာရန်နယ်ပယ် ကျယ်ပြန့်လှပါသည်။
လူသားမျိုးနွယ်စုအဖြစ် စတင်ဖြစ်တည်လာသည့် အချိန်ကစ၍ မျက်မှောက်ခေတ်တွင် အသက်ရှင်ရပ်တည်နေ သည့်အချိန်အထိ ဆက်စပ်လေ့လာရမည်ဖြစ်ပါသည်။
ဤသို့ လေ့လာရာတွင် ရှေးဟောင်းသုတေသနပညာ၊ မနုဿဗေဒပညာ သမိုင်းဘာသာ ၄င်းပုံစံများတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် လူနေမှုပုံစံများ ပါဝင်သည်။
ထို့အပြင် ထိုခေတ်က လူတို့ဖန်တီးခဲ့ကြသည့် နံပန်းချီ၊ ကျောက်လက်နက်၊ ကြေးလက်နက်၊ အသုံး အဆောင်၊ စာပေ၊ မြို့ ၊ ရွာ၊ သင်္ချိုင်းမြေ စသည်တို့ ပါဝင်သည်။
ဤအရာများကို ဆန်းစစ်လေ့လာ၍ လူမျိုးတစ်မျိုး၏ နေရင်းဒေသ၊ ဆင်းသက်ပေါက်ဖွားလာမှု၊ ဘာသာစကားနှင့် စာပေ တိုးတက်ဖြစ်ထွန်းမှု၊ ယုံကြည်ကိုးကွယ်မှု နှင့် လူမှုဓလေ့တိုးတက်လာမှု၊ ထိုလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာမှု၊ သမိုင်းကြောင်းအရ ထိုလူမျိုးပိုင်ဆိုင်သည့် နယ်မြေအပိုင်းအခြားတို့ကို ဖော်ထုတ်နိုင်ပေသည်။
ထို့ကြောင့် သျှမ်းတို့သည် မိမိတို့နေထိုင်ရာ ဒေသများတွင် အထက်ပါလူနေမှုပုံစံများနှင့် နေရာများ၊ အရာဝတ္ထုပစ္စည်းများကို တွေ့ရှိရလျှင် မပျောက်ပျက်အောင် ထိန်းသိမ်းရန်၊ ဖော်ထုတ်လေ့လာရန်နှင့် မဖျက်ဆီးမိစေရန် အရေးတကြီး လိုအပ်ပေသည်။
လူနှင့် ဇီဝမျိုးကွဲများအကြားရှိ ဆက်နွယ်မှုနယ်မြေများ ဆိုသည်မှာ လူနှင့် ဇီဝမျိုးကွဲများအကြား ဆက်နွယ်မှုကို တိုးတက်စေရန်၊ ဇီဝမျိုးကွဲများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ထားသည့် သဘာဝ ပတ်ဝန်းကျင် နယ်မြေဖြစ်ပါသည်။
သျှမ်းပြည်တွင် ထိုသို့သတ်မှတ်၍ရသည့် သဘာဝနယ်မြေများစွာ ရှိပေသည်။ အင်းလေးကန်၊ နမ္မတူမြစ်ဝှမ်းဒေသရှိ ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ နေရာများ၊ သံလွင်မြစ်ဝှမ်း ဒေသရှိ အပင်နှင့် သက်ရှိသတ္တဝါများမှီတင်းနေထိုင်ရာ နယ်မြေများ၊ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်၏ မြစ်ဖျားခံရာ သဘာဝနယ်မြေများ၊ ကျိုင်းတောင်းရေတံခွန်၊ ဟိုင်းပါရေတံခွန် စသဖြင့် များစွာရှိပါသည်။
သျှမ်းပြည်သည် အထက်ပါ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အချက် (၆) ချက်စလုံးနှင့် ကိုက်ညီစွာ တည်ရှိနေသည့် ထူးခြားသော ပြည်နယ်ဖြစ်ပါသည်။
ထိုအချက် (၆) ချက်စလုံးနှင့် ကိုက်ညီနေမှုသည် ၂၀၁၅ ခုနှစ်က ယူနက်စကိုတွင် သတ်မှတ်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာစံညွှန်းများနှင့် ကိုက်ညီနေသည်ဟူ၍လည်း ဆိုနိုင်ပါသည်။
၂၀၁၅ ခုနှစ်က ယူနက်စကိုတွင် သတ်မှတ်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံညွှန်းသည် စုစုပေါင်း (၅) ချက် ရှိပါသည်။
၄င်းတို့မှာ-
၁။ လူသားတို့၏ အပြောင်မြောက်ဆုံး လက်ရာ၊ ယဥ်ကျေးမှုမြင့်မား၊ အနုပညာလက်ရာ မြောက်ခြင်း တို့နှင့် ပြည့်စုံရမည်။
၂။ အချိန်ကာလတစ်ခုအတွင် ဗိသုကာဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ အနုပညာဆိုင်ရာ တို့နှင့်အတူ မြို့ပြ တည်ဆောက်ခြင်း၊ မြေပြင်အကွက်ချ စီမံနိုင်ခြင်းတို့ကို ဖော်ပြနိုင်ရမည်။
၃။ ယခုတိုင်ရှိ (သို့) ပျောက်ကွယ်သွားသော မြို့ပြယဥ်ကျေးမှု၊ ရိုးရာဓလေ့သည် ပြိုင်ဘက်ကင်း, ထူးခြားထင်ရှားရမည်။
၄။ နဂိုမူရင်းအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်မထားသည့် ယဥ်ကျေးမှု သို့မဟုတ် လူသားနှင့် သဘာဝပတ်ဝန်းကျင် အပြန်အလှန် အကျိုးပြုမှုကို ဖော်ပြနိုင်ရမည်။
၅။ တိကျသေချာမှုရှိသည့် အထောက်အထားများပြနိုင်ပြီး ထင်ရှားသော ရိုးရာဓလေ့၊ အတွေးအခေါ်၊ ယုံကြည်မှု၊ အနုပညာလက်ရာ၊ စာပေလက်ရာများကို ဖော်ပြနိုင်ရမည်။
ဟူ၍ ဖြစ်ပါသည်။
ထိုစံညွှန်း (၅) ချက်သည်ပင် သျှမ်းပြည်၌ ပြည့်စုံလျက်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် (၆) ချက်တွင် အကျုံးဝင်လျက် ရှိနေသဖြင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာစံညွှန်းများနှင့် ကိုက်ညီနေသည်ဟု ဆိုရ ခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လာခဲ့ရာတွင် ၂၀၁၇ ခုနှစ်အထိ စုစုပေါင်း ၁၀၇၃ နေရာရှိပါသည်။ သတ်မှတ်ခံရသည့် နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ရှိသည်။
အီတလီနိုင်ငံသည် အမွေအနှစ်နေရာပေါင်း ၅၃ နေရာဖြင့် ထိပ်ဆုံးကဦးဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်မူ ပုဂံမြို့ရှိ ရာဇကုမာရ်ကျောက်စာ၊ ညောင်ဦး မြို့ရှိ ဘုရင့်နောင်မင်း၏ ခေါင်းလောင်းစာ၊ မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကျောက်စာ၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်း၊ သျှမ်းပြည်ရှိ အင်းလေးကန်၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်တို့ကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ထားပါသည်။
သျှမ်းတို့ ဖြတ်သန်းလာခဲ့ကြသည့် သမိုင်းစဉ်သည် နှစ်ကာလ တစ်ထောင်မျှမက ရှိခဲ့သည်ဟု သမိုင်းသုတေသီတို့က မကြာခဏ ရေးသားဖော်ပြလေ့ရှိကြသည်။
၄င်းဖော်ပြချက်များနှင့်ပတ်သက်၍ မှန်၏၊ မမှန်၏ကို သုတေသနပြုကြရာတွင် ယဉ်ကျေးမှုအမွေအနှစ်များသည် အလွန်အရေးပါသည့် ကဏ္ဍတွင် ပါဝင်လျက် ရှိကြပါသည်။ ထိုယဥ်ကျေးမှုအမွေအနှစ်များကို သုတေသနပြုပြီးမှသာ သျှမ်းတို့၏ သမိုင်းစဉ်ကို မှန်ကန်စွာ ဖော်ပြနိုင်ပေမည်။
ထိုသို့ဖော်ပြနိုင်ခြင်းသည် သျှမ်းလူမျိုးတို့အတွက် သမိုင်းဂုဏ်သိက္ခာ ကြီးမြင့်မှုအတွက် အင်မတန် အကျိုးရှိစေပါသည်။
ထို့အပြင် အနာဂတ်ကာလ၌ သျှမ်းပြည်သည် ဖက်ဒရယ်စနစ် ဖြစ်လာချိန်တွင် ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဝင်ရောက်နိုင်ပြီး ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အများဆုံး အထောက်အပံ့ ပြုနိုင်ပါလိမ့် မည်ဟု သုံးသပ်တင်ပြလိုက်ရပေသည်။
ကျမ်းကိုး-
၁။ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း။ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး သဘာဝနယ်မြေများကို စီမံအုပ်ချုပ်ခြင်း လက်စွဲစာအုပ်။ ၂၀၁၈။ ရန်ကုန်။
၂။ UNESCO World Heritage, The Criteria for Selection.
၃။ UNESCO World Heritage Centre, World Heritage List Statistics.
၄။ Travel In Myanmar။ ယူနကျစကို။ tourisminmyanmar. com. mm
၅။ What is Cultural Heritage, Power point Lecture, 2022, Shan State.