ယနေ့ မေလ (၅) ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်နှင့် ၁၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံး (၂) လုံး သည် အမြောက်တပ်အတွင်း တစ်လုံးနှင့် လမ်းမကြီးပေါ်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်မှုအသေးစိတ် မသိရသေးပါ။
“ ကျောက်မဲကို စစ်လေယာဉ်တွေ ဗုံးလာမကြဲတာတော်တော်ကြာပြီ။ မြို့ထဲလည်း ဒေသခံအချို့ ပြန်နေနေကြပြီ။ ဈေးလည်းပြန်ဖွင့်နေပြီ။ မနေ့က TNLA သတင်းစာရှင်းလင်းပွဲကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်မှု ပြန်လုပ်လာတာထင်တယ်။” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် TNLA သည် အပစ်ရပ်စဲရန် တရုတ်နိုင်ငံကူမင်းမြို့၌ ဧပြီလ (၂၈)ရက်နေ့ နှင့် (၂၉) ရက်နေ့တို့တွင် ဆွေးနွေးခဲ့ကြပြီး အဆင်ပြေခဲ့ခြင်းမရှိဟုဆိုသည်။ ယမန်နေ့ မေလ (၄) ရက်နေ့တွင် TNLA က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စစ်ကောင်စီပြန်တောင်းဆိုသော မြို့များအား ပြန်ပေးမည်မဟုတ်ကြောင်းပြောဆိုအပြီး TNLA ထိန်းချုပ်ထားသောမြို့အား စစ်ကောင်စီက တိုက်ခိုက်မှုပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်။