ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

TNLA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များစွာ နေရပ်ကိုပြန်နိုင်ရန် စိုးရိမ်ထိတ်လန့်နေသေးပြီး နေအိမ်ကိုပြန်ကြနေသော သက်ကြီးရွယ်အိုများလည်း စားဝတ်နေရေးအတွက် ခက်ခဲနေ

TNLA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များစွာ နေရပ်ကိုပြန်နိုင်ရန် စိုးရိမ်ထိတ်လန့်နေသေးပြီး နေအိမ်ကိုပြန်ကြနေသော သက်ကြီးရွယ်အိုများလည်း စားဝတ်နေရေးအတွက် ခက်ခဲနေ

Hsan Loi Editor
09/07/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တော်တော်များများ နေအိမ်ကို ပြန်နိုင်ခြင်းမရှိသေးသလို အချို့သော သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများသာ နေရပ်ကို ပြန်နေထိုင်ခွင့်ရကြသေးကြောင်း သိရသည်။ ကျောက်မဲမြို့နယ် တောဆန်ကျေးရွာအုပ်စု၊ ဟူးဆွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများစွာက စစ်ဘေးရှောင်မိဘပြည်သူများ TNLA ၏ ခြိမ်းခြောက်မှုများကြောင့် နေရပ်ကို ပြန်လည်အခြေချနိုင်ခြင်းမရသေးပါ။

အချို့တော့ သက်ကြီးရွယ်အိုးများ၊ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသောသူများ၊ အမျိုးသမီးများ အနည်းငယ်ခန့်သာ နေရပ်ကို ပြန်နေထိုင်ကြသော်လည်း စားဝတ်နေရေးအတွက် ခက်ခဲနေသေးသည်ဟု ဆိုသည်။

“အချို့တွေတော့ ရွာကိုပြန်နေကြတယ်။ သက်ကြီးရွယ်အိုတွေ တော်တော်များများပဲပြန်ရဲကြတာပါ။ အခုကတော့ သူတို့ပဲရှိကြတော့ ဝင်တဲ့ထွက်တဲ့သူတွေလည်းမရှိလို့ အကူအညီတွေလိုအပ်ကြတာပေါ့။ ပြန်နေနေကြပြီဆိုပေမယ့် အရင်တုန်းကလိုမဟုတ်ဘူး။ လက်ဖက်ခြံတွေရှိပေမယ့် အရင်လိုရောင်းဝယ်ဖို့လည်းမလွယ်ဘူးပေါ့။ လက်ဖက်သွားခူးမယ်ဆိုရင်တောင်မှ မိုင်းတွေနင်းမိမှာ စိုးရိမ်လို့ မသွားရဲကြဘူး။ ပြန်နေတယ်ဆိုတာကလည်း သူတို့တွေက သွားစရာနေရာလုံးဝမရှိတော့လို့ ရွေးချယ်စရာကုန်သွားလို့ ပြန်နေကြရတာပေါ့။

အရင်လိုတော့ပြန်မဖြစ်သေးဘူး။ ပြန်နေကြတယ်ဆိုတဲ့သူတွေကလည်း လေဖြတ်ထားတဲ့သူတွေ၊ မိုင်းနင်းမိထားတဲ့သူတွေပေါ့။ လုပ်နိုင်ကိုင်နိုင်သွားနိုင်လာနိုင်တဲ့သူတွေကတော့ မနေကြတော့ဘူး။ မြို့ပေါ်မှာပဲ တက်နေကြတော့တယ်။ အဲ့နေရာတွေကို သွားပြီးကူညီချင်တယ်ဆိုရင်တောင် အရင်လိုမဟုတ်ဘူး။ TNLA တွေကို ခွင့်တောင်းပြီးမှ သူတို့ခွင့်ပြုမှ သွားကူညီပေးလို့ရတာ။ မိန်းကုန်း၊ တောဆန်က အချို့တွေတော့ ပြန်ကြတယ်။ ဟူးဆွန်ဘက်ကတော့ ပြန်ကိုမပြန်ရဲကြသေးပါဘူး။ တချို့အိမ်တွေဆိုရင် သူတို့ကတက်နေနေကြပြီလေ။ ဘယ်တတ်နိုင်မလဲနော် သူတို့နဲ့အတူတူနေနေရတာပေါ့။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောပြသည်။

နေရပ်ပြန်ကြသော ကျောက်မဲမြို့နယ် ချုံးသစ်၊ချုံးဟောင်း ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများထံ Power Three Band ၏ ထောက်ပံ့လှူဒါန်းပစ္စည်းများကို ယခုတစ်ပတ်အတွင်း ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီသူများက သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ပုံ- နေရပ်ပြန်ခွင့်မရကြသေးသော မိဘပြည်သူများ